ချဲလ်ဆီးပရိတ်သတ် အသည်းကျော် ပီတာချက်ကို ပြိုင်ဘက် အာဆင်နယ်ထံ ရောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းပိုင်ရှင်မိုဗစ်အား စပါယ်ရှယ်ဝမ်း ထောက်ခံ

Friday, July 3, 2015


photo - mirror.com

ချဲလ်ဆီး နည်းပြ မော်ရင်ဟိုကတော့ ပီတာချက်ကို ပြိုင်ဘက် အာဆင်နယ်အသင်းကို သွားခွင့်ပြုဖို့ အသင်းပိုင်ရှင် အီဗရာမိုဗစ်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်။

မော်ရင်ဟိုအနေနဲ့ အသင်းကို အထောက်အပံ့တွေ အများကြီးပေးခဲ့တဲ့ ချက်ကို ဆက်ထိန်းသိမ်း ထားချင်ခဲ့ပေမယ့် ကာယံကံရှင်က ပြောင်းရွှေ့ဖို့ စိတ်ထက်သန်နေတယ်ဆိုတာကို သိရတဲ့အချိန်မှာ စပါယ်ရှယ်ဝမ်းအနေနဲ့ ပြိုင်ဘက် အာဆင်နယ်ကို စိတ်မပါစွာနဲ့ပဲ ရောင်းချလိုက်တယ်လို့ ဆိုပါတယ်။



မော်ရင်ဟိုက ပီတာချက်ဟာ ချဲလ်ဆီးအတွက် ၁၁ နှစ်တာကာလလုံး အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့ ပြီး ပွဲစဉ်အားလုံးနီးပါး နိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

"ကျနော်အမြဲပြောခဲ့ပါတယ်။ ကျနော် သူ့ကို အသင်းမှာ ဆက်နေစေချင်ခဲ့တာပါ။ ဒါပေမယ့် ပီတာက ပွဲစဉ်တိုင်းနီးပါး ပါဝင်ကစားခွင့်ရဖို့အတွက် ပြောင်းရွှေ့ဖို့ လိုအပ်တယ်ဆိုတာ ကျနော် နားလည်ပါတယ်လို့ မော်ရင်ဟိုက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပရိတ်သတ်တွေရဲ့ သူရဲကောင်းတဦးဖြစ်ခဲ့ဖူးတဲ့ ဂိုးသမား ပီတာချက်ဟာ အာဆင်နယ် အသင်းကို သဘောကျနှစ်သက်ပြီး ပြောင်းရွှေ့ရတဲ့ ကိစ္စနဲ့ ပတ်သတ်လို့လည်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂိုးသမားဟာ အနီရောင်ကို ပြောင်းလဲဖို့အတွက် အပြာရောင်ဝတ်စုံကို သိမ်းဆည်းထားလိုက်ပြီး အမ်းမရိတ်ကွင်းကို တနင်္လာနေ့က ပြောင်းရွှေ့ခဲ့တာပါ။ ပြောင်းရွှေ့ကြေး ၁၀ သန်း ရှိမယ်လို့လည်း ယုံကြည်ရပါတယ်။ ချက်ဟာ အမြှောက်တပ် အသင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်သလို နည်းပြ ၀င်းဂါးကလည်း ပြီးခဲ့တဲ့ ရာသီက အဆုံးသတ်ခဲ့ရတဲ့ တတိယနေရာကနေ ပိုမိုတိုးတက်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။ ဒါ့အပြင် ချက်ဟာ ၀င်းဂါးနဲ့ သဘာတူညီမှု ရရှိထားပြီး လေးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။

"ကလပ်အသင်းနဲ့ ပိုင်ရှင်တို့ကနေ ပရီမီးယားလိဂ်မှာ ဆက်နေဖို့ ခွင့်ပြုချက် ရတယ်ဆိုရင် ကမ်းလှမ်းလာတာတွေကို စဉ်းစားမယ်လို့ ကျနော်တို့ အမြဲပြောဆိုခဲ့ပါတယ်လို့ ပီတာချက်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဂျိုးမော်ရင်ဟိုဟာ ဘယ်လ်ဂျီယံ ဂိုးသမား Thibaut Courtois ကို ပထမဦးစားပေး ဂိုးသမားအဖြစ် ပြီးခဲ့တဲ့ရာသီက နေရာပေးခဲ့တဲ့အတွက် ပီတာချက်ဟာ အသင်းကနေ ထွက်ခွာပြီး ပွဲထွက်ကစားခွင့်ရဖို့ ရှာဖွေတာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမှု နည်းပြ မော်ရင်ဟိုနဲ့ ချက် အကြားမှာ တဦးနဲ့တဦး စိတ်ဆိုး ဒေါသထွက်တာမျိုးတွေ မရှိခဲ့ပါဘူးလို့ ပီတာချက်က ပြောပါတယ်။

ကျနော်ထင်ပါတယ်။ ဂျိုး မော်ရင်ဟိုနဲ့ ကျနော်နဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မန်နေဂျာတယောက် ဖြစ်တယ် ကျနော်ကစားခဲ့တဲ့ သက်တမ်း တလျှောက်လုံး အချိန်တော်တော်ကြာကြာ အလုပ်တွဲလုပ်ခဲ့ပြီးပါပြီလို့ ထပ်လောင်း ပြောဆိုသွားပါတယ်။

သူက ပြီးခဲ့တဲ့ရာသီအစမှာ သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း သူလုပ်ဆောင်ခဲ့ရတယ်။ ကျနော်ကလည်း ကျနော့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဒီရာသီအစမှာ လုပ်ဆောင်လိုက်တာပါ။ ဒါပေမယ့် ကျနော် သူ့ကို အမြဲတမ်း အကောင်းဆုံး လေးစားသမှု ရှိသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တယောက်ကို တယောက် အရမ်းလေးစားခဲ့ကြပြီး အောင်မြင်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ယုံကြည်လို့ပါ။
သူက ကမ္ဘာမှာ အကောင်းဆုံး မန်နေဂျာတွေထဲက တယောက်ပါ။ အခု ကျနော်တို့ ပြိုင်ဘက်တွေ ဖြစ်ကြတော့မှာပါ။ ဒါပေမယ့် အဲဒါတွေက ကျနော်တို့ရဲ့ ဆက်ဆံရေးနဲ့ အဆက်အသွယ်တွေကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အကြောင်း ပီတာချက်က ပြောဆိုသွားပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တောရက်စ်နဲ့ ရှက်ချင်ကို ကို စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပေမယ့် အံမ၀င်ဖြစ်ပြီး ကြီးမားတဲ့ မှားယွင်းခေါ်ယူမှု ဖြစ်ခဲ့ဖူးပါတယ်။ ဒီတခါမှာလည်း ပီတာချက်ကို ပြိုင်ဘက် အာဆင်နယ်ကို ရောင်းချလိုက်တာဟာ အသင်း ပိုင်ရှင် အေဗရာမိုဗစ်ရဲ့ အကြီးမားဆုံး မှားယွင်းမှု ဖြစ်လာလိမ့်မယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။


Ref: The Mirror

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved