မိတ်ကပ်မကြိုက်သော သီချင်းများ ဒီဗီဒီ ထွက်ပြီ

Thursday, July 2, 2015


အဆိုတော် ဝေလ (ဓာတ်ပုံများ-ဂျေပိုင်/ The Irrawaddy)

တေးသံရှင် ဝေလရဲ့ မိတ်ကပ်မကြိုက်သောသီချင်းများ တေးစီးရီး ဒီဗီဒီ ကို ဇူလိုင်၁၂ ရက်နေ့မှာ ထွက်ရှိ တော့မှာဖြစ်ပါတယ်။ အခုထွက်ရှိမယ့် DVD ဟာ Audio ထွက်ရှိပြီး အချိန်တနှစ်ကျော်မှ ထွက်ရှိလာတာဖြစ်ပြီး ထွက်ရှိမယ့် DVD မှာ ဝေလက Bonus သီချင်းငါးပုဒ်ကို ထည့်သွင်းပေးထားပါတယ်တဲ့။

ထပ်ထည့်ပေးထားတဲ့သီချင်းငါးပုဒ်မှာ အမိုက်မ၊ မချစ်ရဘူးလား၊သူငယ်တန်း၊  အခန်းပျက် သတို့သားနဲ့ မဖြစ်သင့် ဆိုတဲ့သီချင်းတွေပါ။ သီချင်းအားလုံးကို ဝေလ ကိုယ်တိုင်ရေးစပ်ထားတာပါ။


ပရိသတ်တွေကြား ပေါက်ခဲ့တဲ့ မိတ်ကပ်မကြိုက်သောသီချင်းများ တေးစီးရီးဖန်တီးရှင်အဆိုတော်ဝေလက အခုထွက်ရှိမယ့် DVD နဲ့ ပတ်သတ်လို့ “ဒီအခွေမှာ ပထမ Audio တုန်းက သီချင်းဆယ်ပုဒ်နဲ့ အခု ထပ်ပါမယ့် သီချင်းငါးပုဒ် စုစုပေါင်း ဆယ့်ငါးပုဒ်ကို ဒါရိုက်တာ ဆယ့်ငါးယောက်က တယောက်တပုဒ်နှုန်းနဲ့ သေချာ ရိုက်ကူး ပေးထားပါတယ်။ သီချင်းတုန်းက ပရိသတ်တွေ ခံစားမိတဲ့ရသကိုလည်း ပျောက်မသွားအောင် ဒါရိုက်တာတွေက အကောင်းဆုံးရိုက်ကူးပေးထားပါတယ်။ ဘယ်လိုရိုက်ပါလို့ ကျနော်ဝင်မပြောပါဘူး။ သူတို့စိတ်ကြိုက်အတိုင်းပဲ သူတို့ အိုင်ဒီယာအတိုင်းရိုက်ကူးပြီး ကျနော်က သူတို့ပြောတဲ့အတိုင်း သရုပ်ဆောင်ထားပါတယ်။ ကျနော်က ၆ပုဒ်လောက်ပါဝင် သရုပ်ဆောင်ထားပါတယ်  ၊ ဆိုကွက်တွေပဲ သရုပ်ဆောင်ထားတာပါ” လို့  ဧရာဝတီကို ပြောပြပါတယ်။

အဆိုတော်ဝေလနဲ့ သူ့ဇနီး

ဒီအခွေမှာ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာတွေကတော့ သုံးပေါင်၊ ဏကြီး၊ ၀င်းလွင်ထက်၊ သည်ခေတ်နေ တို့အပြင် တခြားဒါရိုက်တာများစွာကလည်း ပါဝင်ရိုက်ကူးပေးထားကြပါတယ်။ ဒါရိုက်တာများက တပုဒ်ချင်းစီကို သေချာ အသေးစိတ်ရိုက်ကူးပေးထားတာဖြစ်လို့  သီချင်းနှစ်သက်ပြီးသား ပရိသတ်တွေအနေနဲ့ DVD မှာလည်း ထပ်မံ သဘောကျလိမ့်မယ် အခွေလို့လည်း သိရပါတယ်။

ပရိသတ်အကြားမှာ ရေပန်းစားခဲ့တဲ့ မိတ်ကပ်မကြိုက်သောသီချင်းများအခွေထဲက သီချင်းစာသားတွေဟာ ပရိသတ်ကြားမှာ လွတ်လပ်မှုရှိတယ်၊ လူငယ်ဆန်တယ်၊ ပွင့်လင်းတယ် ဆိုပြီး လူကြိုက်များခဲ့သလို ဒီတေးစီရီးနဲ့ အဆိုတော်ဝေလဟာ ဂီတဆု ၆ ဆု ရရှိခဲ့ပါတယ်။ DVD ကို ဇူလိုင်၁၂ ရက်နေ့ ညနေသုံးနာရီအချိန်မှာ ရန်ကုန်မြို့ လှည်းတန်း စိန်ဂေဟာ တွင် အဆိုတော်ဝေလကိုယ်တိုင် လက်မှတ်ရေးထိုးရောင်းချပေးသွားမှာပါ။

ဝေလရဲ့ ဒုတိယစီးရီးခွေကိုတော့ ထွက်ရှိနိုင်ရန်ပြင်ဆင်နေပြီး နောက်နှစ်သင်္ကြန်အပြီးလောက်မှ ထွက်ဖြစ်နိုင်မယ်လို့ သိရပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved