အနုပညာရှင်များစွာပါဝင်မယ့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး ကျင်းပမည်

Thursday, July 16, 2015


ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy

Myanmar Media 7 Co,Ltd က စီစဉ်တဲ့ အနုပညာရှင်များစွာပါဝင်မယ့် အသင်း ၄ သင်း ပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မန္တလေးမြို့ရှိ မန္တလာသီရိအားကစား ကွင်းမှာ ကျင်းပသွားမှာပါ။

ဒီ အစီအစဉ်ကတော့ အနုပညာရှင်ပေါင်းများစွာ ပါဝင်မှာဖြစ်ပြီး ဘောလုံးအသင်းလေးသင်းဖွဲ့ကာ အသင်းလေးသင်း ပတ်လည်ကန်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ ဘောလုံးအသင်းလေးသင်းကတော့ သရုပ်ဆောင်မင်းသားများ ပါဝင်တဲ့ Movies FC ဘောလုံးအသင်း၊ အဆိုတော်များပါဝင်တဲ့ Music FC ဘောလုံးအသင်း၊ လူရွှင်တော်များပါဝင်တဲ့ Comedy FC ဘောလုံးအသင်းနဲ့ မကြာသေးခင်ကမှအသစ်ဖွဲ့စည်းထားတဲ့ မော်ဒယ်လ်များပါဝင်တဲ့ Model FC ဘောလုံးအသင်းတို့ပဲ ဖြစ်ပါတယ်။

ဒီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မနှစ်က ရန်ကုန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲဖြစ်တဲ့ လူရွှင်တော် FC အသင်းနဲ့ မင်းသားများပါဝင်တဲ့  Actor Star FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အနည်းငယ်ပဋိပက္ခများဖြစ်ပွားခဲ့ပေမယ့် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

သရုပ်ဆောင် မိုးယံဇွန်

မနှစ်တုန်းက Actor Star FC ရဲ့ ရှေ့တန်းမှာ တိုက်စစ်မှူးအဖြစ်ပါဝင်ကစားခဲ့ပြီး အကောင်းဆုံး ဘောလုံးဆုကိုလည်း ရခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်ကို ဒီနှစ်မှာရော ပါဝင်ကစားမှာနဲ့ ပတ်သတ်လို့ ဧရာဝတီက မေးမြန်းတဲ့အခါ “မနှစ်က ဖြစ်ခဲ့တာကတော့ ဘယ်သူ၊ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူးပေါ့။ ကျနော်တို့ကိုယ်တိုင်လည်း မှားချင်မှားခဲ့မယ်၊ မှန်ရင်လည်းမှန်မယ်ပေါ့။ ဒါပေမယ့် ဘောလုံးကန်တဲ့အခါမှာ ကွင်းထဲမှာ ကျနော်တို့ မသိတဲ့လူတွေပါလာတာကိုပဲ။ အဲဒါက အဓိကအကြောင်းရင်းပေါ့။ အဲဒီမှာ လာကြည့်ကြတဲ့ ပရိသတ်အမြင်မှာ အထင်လွဲသွားတာလေးတွေ ဖြစ်မိတယ်။ ဒီနှစ်ကျတော့ Media7 က ပါဝင်မယ့်သူတွေကို သေချာလေး သတ်မှတ်တယ်။ အဖွဲ့ဝင်က ၂၅ ယောက်မှာ ကစားသမားက အယောက်၂၀ ပါမယ်။ စာရင်းနဲ့အတိအကျပေါ့။ အဲလိုမျိုးဆို ကျနော်တို့က စိတ်ချတယ်လေ။ မဟုတ်ရင် ကွင်းထဲရောက်လာတော့မှ ဒါက ဘယ်သူလဲ မသိ၊ ဘယ်ကမှန်းလဲ မသိ၊ ဘောလုံးကန်တတ်လားလည်းမသိ၊ မကန်တတ်လားလည်းမသိတဲ့ လူတွေ ပါလာရင်တမျိုးလေ။ ဒါက ကျနော်တို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်မဟုတ်ဘူးလေ ကျနော်တို့ ၀ါသနာပါတဲ့ အားကစားနဲ့ပရိသတ်ကို ဖျော်ဖြေမှုပေးနေတာပါ” လို့ ပြောပြပါတယ်။

သရုပ်ဆောင် မိုးယံဇွန်ဟာ မနှစ်က မင်းသားများပါဝင်တဲ့ Actor Star FC အသင်းမှာ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မော်ဒယ်လ်များပါဝင်တဲ့ Model FC မှာပြောင်းလဲပြီး ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ပါဝင်ကစားမှာပါ။

မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မိမိကို အထင်လွဲမှားပြီး မြင်နေတဲ့ပရိသတ်ကြောင့်လည်း ဒီနှစ်မှာ ထပ်မံပါဝင်ဖြစ်တာပါလို့ မိုးယံဇွန်က ပြောပြခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ လူရွှင်တော်အသင်းမှာ လူရွှင်တော်များနဲ့ အတူ ဇာတ်မင်းသားဖိုးချစ်ကလည်း ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင် ထွန်းထွန်း

အဆိုတော်များပါဝင်တဲ့ music FC ရဲ့ အသင်းနည်းပြ “စောဖိုးခွားကလည်း ဒီနှစ်တော့ ကျနော်က နည်းပြအဖြစ်တာဝန်ယူမှာဖြစ်ပြီး၊လိုအပ်ရင်တော့ဝင်ရောက်ကစားသွားမှာပါ။ ဘောလုံးပွဲနဲ့ပတ်သက်လို့ ကျနော်တို့ ဂီတက ညီအကိုတွေကို မှာထားပါတယ်။ ကျနော်တို့မှာ ရှိသလောက် အစွမ်းအစနဲ့ပဲ ဖြူဖြူစင်စင် ကစားပြကြမယ်လို့ လေ။ ပြီးခဲ့တဲ့အခေါက်ပွဲတွေက ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က အနိုင်ရလိုစိတ်နဲ့ကစားခဲ့  ကြတဲ့အခါ ပူလောင်မှုတွေ ရှိခဲ့တယ်ပေါ့။ ဒီနှစ်ကတော့ ကျနော်တို့အဓိက ငြိမ်းချမ်းရေးကို ပုံဖော်မှာပါ လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။

အဆိုပါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲရဲ့ ပွဲဈေးနှုန်းများကို ရိုးရိုးတန်း ၁၀၀၀ ကျပ်နဲ့ အထူးတန်း ၃၀၀၀ ကျပ် အဖြစ် သတ်မှတ်ထားကာ ရရှိလာတဲ့ ငွေများကို ရံပုံငွေအဖြစ် သတ်မှတ်ပြီး မြောင်းမြမြို့ရှိ Youth Development Center တွင် သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved