ခွေးများရဲ့သစ္စာရှိမှုကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ နီပေါနိုင်ငံမှ ခွေးပွဲတော်

Monday, July 6, 2015


photo - hngn.com

နီပေါနိုင်ငံသားမှ ခွေးများရဲ့ လူတို့အပေါ် သစ္စာရှိမှု၊ လူတို့အတွက် အကောင်းဆုံး အဖော်မွန်ကောင်း ဖြစ်ခြင်းများကို အကြောင်းပြုလို့ လူတို့ရဲ့ အဖော်ခွေးများနဲ့ ပတ်သက်တဲ့ ပွဲတော်တစ်ခုကို နှစ်စဉ် ကျင်းပကြပါတယ်။ အဲဒီ ပွဲတော်ကိုတော့ “ကူကာတီဟာ”လို့ ခေါ်ပါတယ်။

ခွေးပွဲတော်လို့ ဆိုလိုက်တာနဲ့ တရုတ်နိုင်ငံက ယူလင်းပွဲတော်ကို သတိရကြမှာပါ။ တိစ္ဆာန်ချစ်သူများထဲက တစ်ဦးဖြစ်တဲ့ ကျောင်းဆရာ ရစ်ကီဂျာဗေ့စ် နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ တိရိစ္ဆာန်ပေါင်းများစွာရဲ့ အသက်ကို အဲဒီ ယူလင်းပွဲတော် ရက်သတ္တပတ်အတွင်းမှာ ကယ်တင်ခဲ့ကြပါသေးတယ်။


ဒါပေမယ့် နီပေါမှာပြုလုပ်တဲ့ ခွေးပွဲတော်ကတော့ ယူလင်းပွဲတော်နဲ့ ကွဲပြားလှပါတယ်။  ဒေ၀ါလီ ဟိန္ဒူ မီးထွန်းပွဲတော်ကို အိန္ဒိယနဲ့နီပေါနိုင်ငံတို့မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။  နီပေါနိုင်ငံမှာတော့ နီဝါ ဒေသ စကားအရ  စွန်တီလို့လည်း လူသိများတဲ့ ကူကာတီဟာပွဲတော်ကို ဒေ၀ါလီပွဲတော်ရက်များထဲက တစ်ရက်ကိုယူပြီး လူတို့အတွက် အကောင်းဆုံးအဖော်ခွေးများအတွက် ထူးခြားတဲ့ ရက်တစ်ရက်အဖြစ် သတ်မှတ်လို့ ကျင်းပလေ့ရှိကြောင်း The Mind Unleashed သတင်းမှာ ဖော်ပြထားပါတယ်။


(၅) ရက်တာ ကြာမြင့်တဲ့ ဒေ၀ါလီပွဲတော်မှာတော့ လူတွေရဲ့လူမှုရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများ ဖြစ်တဲ့ လက်ဆောင်ပေးခြင်း၊ ဇာတ်လမ်းပုံပြင်များ ပြောကြားခြင်းတို့ကို ပြုလုပ်ကြပေမယ့် နှစ်ရက်မြောက်နေ့ကိုတော့ ခွေးများအတွက် သီးသန့်ဖယ်ထားပြီးပွဲတော်ကိုကျင်းပကြတာပါ။ The Mind Unleashed သတင်းရဲ့ ဖော်ပြချက်အရ ကူကာတီဟာ သို့မဟုတ် ကူကာပူဂျာဆိုတဲ့ အဓိပ္ပါယ်ဟာ “ခွေးများအားရှိခိုးခြင်း” ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ခွေးများကို ပန်းကုံးစွပ်ကြပြီး တီကာလို့ခေါ်တဲ့ ခေါင်းပေါ်မှာ အမှတ်အသားတင်ပေးတဲ့ လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးကြပါတယ်။ အဲ့ဒီနောက်မှာတော့ ခွေးများကို ၄င်းတို့ရဲ့ သစ္စာရှိမှုကို ဂုဏ်ပြုတဲ့အနေနဲ့ စားကောင်းသောက်ဖွယ်များကို ကျွေးမွေးကြပါတယ်။

သစ္စာရှိလှတဲ့ လူ့အဖော်ခွေးကလေးများကို မွန်မြတ်တဲ့တိရိစ္ဆာန်များအဖြစ် ချီးမြှောက်တဲ့ အနေနဲ့  ခွေးများရဲ့နှဖူးပေါ်မှာ အနီရောင်အမှုန့်များ သုတ်လိမ်းပေးကြပါသေးတယ်။ ဒီနှစ်မှာတော့ ဒေ၀ါလီကို နိုဝင်ဘာလ (၉)ရက်နေ့မှာ စတင်မှာဖြစ်ပြီး ကူကာပူဂျာကတော့ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကျရောက်မှာဖြစ်တယ်လို့ DrikPanchang က ဆိုထားပါတယ်။ နီပေါနိုင်ငံမှာတော့ မီးထွန်းပွဲတော်ဟာ နိုဝင်ဘာလ (၁၁)ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။  ။http://www.hngn.com/articles/105552/20150701/nepal-dog-festival-celebrates-thanks-dogs-being-loyal-friends-photos.htm

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved