စွမ်းဆောင်ရည် မြင့်မားတဲ့ Mercedes-Benz CLS

Friday, July 3, 2015


Mercedes-Benz CLS (photo - www.edmunds.com)

စွမ်းဆောင်ရည် မြင့်မားတဲ့ မော်ဒယ်ရယ်လို့ ခေါင်းစဉ်တပ်လိုက်ရတာက တခြားကြောင့်တော့ မဟုတ်ပါဘူး။ သူက V8 အင်ဂျင်တပ်ကားဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ မြင့်မားမယ် ဆိုတာကတော့ အသေအချာပါ။

နောက်ပြီး နောက်ဘီးယက်စနစ်နဲ့ ထုတ်လုပ်ထားတာကြောင့် လူငယ်တွေ အကြိုက်တွေ့မယ့် မော်ဒယ် တစ်မျိုး ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ အရွယ်အစား ကြီးမားတဲ့ အချက်အပြင် စွမ်းအင်ထွက်ရှိမှုလည်း ကောင်းမွန်တာကြောင့် စိတ်ဝင်စားစရာ ကောင်းပါတယ်။ အရွယ်အကြီးစား ဆီဒင်တစ်စီးကို ၀ယ်မယ်၊ နောက်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့၊ မြင့်တဲ့ ကားတစ်စီး ၀ယ်မယ်၊ အာမခံသက်တမ်းရှည်ကြာတဲ့ ကားတစ်စီး ၀ယ်မယ်၊ လုံခြုံစိတ်ချရမှု အပိုင်းစိတ်ချယုံကြည်ရတဲ့ ကားတစ်စီးကို ၀ယ်ယူမယ်လို့ စိတ်ကူးထားသူတွေအတွက် CLS က ထိပ်ဆုံးက စဉ်းစားရမယ့် မော်ဒယ်တစ်မျိုး ဖြစ်ပါတယ်။ ထားပါတော့၊ ကားဝယ်မယ့် သူက စာဖတ်သူတွေဆိုတော့ ကျွန်တော် ပြောနေတာတွေထက် CLS အကြောင်းတွေကို တတ်နိုင်သလောက် လေ့လာပြီးမှ ကိုယ်တိုင် ဆုံးဖြတ်ချက်၊ ဝေဖန်ချက်ပေးတာ ပိုကောင်းပါလိမ့်မယ်နော်။ ဒီတော့ CLS အကြောင်းကို ဆက်ကြည့် ကြရအောင်နော်။

အားသာချက်

V8 အင်ဂျင် ကောင်းကောင်းကိုအသုံးပြုပြီး စီးနင်းချင်တဲ့သူတွေ အတွက်တော့ CLS က ဈေးကွက်မှာရနိုင်တဲ့ ကားတွေထဲက အကောင်းဆုံး၊ အသင့်တော်ဆုံးပါလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အတွင်းပိုင်း ဖန်တီးအလှဆင်ထားရှိမှုတွေက Luxury ကားတွေလို ရိုးရှင်းတယ်၊ ဆွဲဆောင်မှု ကောင်းတယ်၊ နောက်ပြီး Featureတွေ အဆင့်မြင့်တယ်။ နောက်ပြီး အသက်ကယ် စနစ်တွေ ကောင်းမွန်တာ တွေ့ရသလို စီးနင်းရမှု အပိုင်းကလည်း သက်တောင့်သက်သာရှိသလို အသက်ကယ်စနစ်နဲ့ သက်တောင့်သက်သာရှိမှု အပိုင်းမှာ ဥရောပကား သုံးသပ်သူတွေက ရမှတ်ကောင်းတွေ ပေးထားတဲ့ မော်ဒယ်ပါ။ နောက်ဆုံး ပြောရမယ့် အချက်တွေကတော့ လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်နိုင်မှု ကောင်းမွန်တာတွေအပြင် ဒီဇိုင်း အပိုင်း အထူးသဖြင့် ရုပ်ထွက်ပိုင်းမှာ သိသာထင်ရှားတဲ့ ပုံစံမျိုး ချိုးဆစ်ထားတာကြောင့် တခြားကားတွေထက် သိသာ ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

အားနည်းချက်

အားနည်းချက် အပိုင်းကို တစ်ချက်လောက် လှည့်ရအောင်နော်။ ဒီအပိုင်းမှာ အဓိကပြောစရာရှိတဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့ နောက်ဖက် ခရီးသည် လိုက်ပါခန်း ကျဉ်းမြောင်းတာ ဖြစ်ပါတယ်။ ဒီနေရာမှာအခန်းကျဉ်းတယ်လို့ ဆိုရမှာထက် အမိုးကို နောက်ဖက်ကို နိမ့်ဆင်းပြီး CLS ကို Sport ဆန်ဆန် ဖြစ်အောင် ဖန်တီးထားတာမို့ အရပ်ရှည်တဲ့ ခရီးသည်တွေအတွက်အနည်းငယ် အခက်တွေ့ စေနိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် ပြောစရာရှိတဲ့ အချက်တစ်ခုကတော့ ဈေးနှုန်းအပိုင်း ဖြစ်ပြီး သူနဲ့ အပြိုင် မော်ဒယ်တွေထက် ဈေးနည်းနည်းပိုများချင်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်ထည်

အရောင်ရွေးချယ်နိုင်မှု အပိုင်းမှာတော့ လူကြိုက်များတဲ့ အရောင်တွေဖြစ်တဲ့ အနက်ရောင်၊ ငွေရောင်တွေ အပါအ၀င် စုစုပေါင်းအရောင် ၁၂မျိုးထိအောင် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် အားသာချက် တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ နောက်ပြီး အတွင်းပိုင်းအပြင်အဆင် ရွေးချယ်နိုင်မှုကလည်း သားရေနဲ့ အထည်အရောလို ဒီဇိုင်းမျိုး စုစုပေါင်း ၉ မျိုးထိအောင် ရွေးချယ်နိုင်ဦ်းမှာ ဖြစ်ပါတယ်။

ကိုယ်ထည်ရဲ့ အတိုင်းအတာအပိုင်းမှာ CLS ရဲ့အလျားက ၁၆ ပေ နဲ့ ၂ လက်မခွဲ ရှိမှာ ဖြစ်တာကြောင့် အရွယ် အကြီးစားဆီဒင်ရယ်လို့ သတ်မှတ်နိုင်မှာဖြစ်ပြီး မျက်နှာစာအကျယ်ကလည်း ၆ ပေနဲ့ ၂ လက်မ စွန်းစွန်းရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး အမြင့်ကလည်း ၄ ပေ နဲ့ ၈ လက်မ နီးပါးရှိမှာ ဖြစ်တာကြောင့် Sport ဆန်ဆန် ဖန်တီးထားတယ်ဆိုတာ သိသာပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာဆိုလို့ အားနည်းချက် အပိုင်းထဲမှာပြောခဲ့တဲ့ နောက်ဖက် ၀န်တင်ခန်းက အကျယ်အ၀န်းက ၃၆လက်မ ကျော်တယ် ဆိုရုံလေး ဖြစ်တာကြောင့် အနည်းငယ် ကျဉ်းတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်က အထက်မှာပြောခဲ့ပြီးသလို V Series တန်းဝင် V8 အင်ဂျင်ဖြစ်ပြီးတော့ အလေးချိန် ပေါင် ၄၂၀၀ နီးပါးရှိတဲ့ CLS ကို ၀န်အလေးချိန် ပေါင် ၁၂၀၀ လောက်ထိအောင် တင်ဆောင်ရုန်းကန်နိုင်မှာ ဖြစ်ပါတယ်။ ၄.၇ လီတာသုံး အင်ဂျင်ရဲ့ ရုန်းအား ၄၄၃ပေ-ပေါင်မှာ ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၄၀၂ ကောင်အား ဖြစ်တာကြောင့် သင့်တော်တဲ့ အနေအထားပါ။ နောက်ပြီး အင်ဂျင်ရဲ့ လည်ပတ်အားက တစ်မိနစ်မှာ အမြင့်ဆုံးအနေနဲ့ အပတ်ရေ ၅၀၀၀ ထိအောင် ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဘီးယက်စနစ်နဲ့ ဆိုတော့ V8 တပ် မော်ဒယ်တစ်ခုအနေနဲ့ ဆီစာနှုန်းကတော့ နည်းနည်းတာ သွားနိုင်ပါတယ်နော်။

ဆီစားနှုန်းနဲ့ မောင်းနှင်နိုင်မှု

ဆီစားနှုန်း အပိုင်းမှာတော့ CLS က ပျမ်းမျှ ဆီစားနှုန်း ဆီတစ်ဂါလံကို မိုင် ၂၀လောက်ထိအောင် စီးနင်းမောင်းနှင်နိုင်မှာ ဖြစ်တာကြောင့် V8 တပ် ကားတစ်စီးအတွက် မဆိုးလှပါဘူး။ နောက်ပြီး အရွယ်ကိုလည်း အကြီးစားဖြစ်အောင် ဖန်တီးထားပြီး တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကလည်း ၂၁.၁ ဂါလံထိအောင် ဖြစ်တာကြောင့် ပျမ်းမျှ ဆီစားနှုန်းနဲ့ စာရင် မဆိုးပါဘူး။ ဒါပေမယ့် တချို့ကတော့ ဂါလံအစိတ်လောက် ၀င်တဲ့ တိုင်ကီကို တပ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဆီစားနှုန်းအပိုင်းကို ကြည့်မယ်ဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ မြို့တွင်းလမ်းကြောင်းတွေမှာ ၁၇ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေပေါ်မှာ ဆိုရင် ၂၅ မိုင်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ CLS က V8 အင်ဂျင်တပ် မော်ဒယ် ဖြစ်ပြီးတော့ မြင်းကောင်ရေ ၄၀၃ ကောင်အားမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီကီလိုမီတာတစ်ရာနှုန်းကို အချိန် ၅စက္ကန့် ၀န်းကျင်ပဲ ကြာမှာ ဖြစ်ပြီးတော့ နောက်ဘီးယက် စနစ်နဲ့ ဖြစ်တာကြောင့် အရှိန်မြှင့်တင်နိုင်မှု ကောင်းမွန်တာ တွေ့နိုင်ပါတယ်။ နောက်ပြီး ဂီယာချက် ၇ ချက်ထိအောင် အသုံးပြုပြီး မောင်းနှင်နိုင်မှာဖြစ်တာကြောင့် နယ်ဝေးသွားလာမှုတွေလည်း သုံးနိုင်မှာပါ။ Transmissionအပိုင်းမှာလည်း Auto စနစ်နဲ့ဆိုတော့ မိန်းကလေးတွေ မောင်းနှင်မယ် ဆိုရင်တောင်မှာ လွယ်ကူစေပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ CLS က အကြီးစားဆီဒင်ထဲမှာ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ၀ယ်ယူဖို့ စဉ်းစားသင့်တဲ့ ကားတစ်စီးအနေအထားကို ရောက်နေပါပြီ။ နောက်ပြီး အရင်ကလို ဒီကားက ပြည်တွင်းမှာ မရနိုင်တဲ့၊ ၀ယ်ယူဖို့ ခက်ခဲတဲ့ အနေအထားမှာ မဟုတ်တော့ပါဘူး။ Showroom မှာသွားပြီး စုံစမ်းလို့၊ မေးမြန်းလို့၊ ၀ယ်ယူလို့ ရနိုင်နေပါပြီနော်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved