Honda ရဲ့ လူကြိုက်အများဆုံးမော်ဒယ် Accord

Wednesday, July 1, 2015


photo- autowallpaper.com

Accord ဆိုတာHonda ရဲ့ နောက်ပိုင်းထုတ်လုပ်သမျှ မော်ဒယ်တွေထဲမှာ အအောင်မြင်ဆုံးမော်ဒယ် တစ်ခုလို့ ဆိုရင် မမှားပါဘူး။ သေချာတာက နောက်ပိုင်းမှာ Insight နဲ့ Fit တွေကို ထုတ်လုပ်မှုစရိတ် နည်းနည်းနဲ့ ဈေးကွက်မှာ အောင်မြင်အောင် ကြိုးစားလာတာကြောင့် Accord ကို နေရာပေးမှု နည်းသွားတာပဲ ဖြစ်ပြီးတော့ ကျွန်တော် မှိတ်မိသလောက်ဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကဆိုရင် Accordက အမေရိကလို ဈေးကွက်မှာ  ရောင်းအားအကောင်းဆုံးကားအဖြစ်နဲ့ နှစ်နှစ်လောက် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်လောက်အောင် ကောင်းခဲ့တာပါ။ ပြီးတော့ ဆီဒင် အနေနဲ့တင် မဟုတ်ပဲ အရွယ်စုံထုတ်လုပ်ခဲ့တဲ့အပြင် Coupe တွေ အဖြစ်နဲ့ပါ ထုတ်လုပ်သေးတာလည်း တွေ့ရပါတယ်။ ပြည်တွင်းမှာတော့ သိကြတဲ့အတိုင်းပဲ ဈေးနည်းနည်းနဲ့ရနိုင်တဲ့ Fit နဲ့ Insight တွေ အ၀ယ်များနေပြီး Accord ကတော့ နေရာမရလှတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ အခု မော်ဒယ် သုံးခုလုံးထဲမှာ Accord ကို အကြိုက်ဆုံးပါ။

ဟုတ်ပါတယ်၊ အကြောင်းကတော့ ဒီဇိုင်းပိုင်းကလည်း ဆွဲဆောင်မှု ကောင်းလို့ပါ။ Civic လို မော်ဒယ်တောင်မှ Accordရဲ့ အငွေ့အသက် မကင်းပါဘူး။ ထားပါတော့၊ တစ်ကုမ္ပဏီတည်း ထုတ်ထားတာလည်း ဖြစ်တယ်၊ ဆီဒင် အမျိုးအစားချင်းလည်း တူတယ်ဆိုတော့ အပြစ်ပြောလို့ မရပေမယ့် သေချာတာတစ်ခုက Accord က Civic ထက်ဆွဲဆောင်နိုင်မှု ပိုပါတယ်။ ရုပ်ထွက်လှပါတယ်၊ အကြမ်းခံနိုင်ရည် ပိုကောင်းပါတယ်၊ စွမ်းဆောင်နိုင်မှု အပိုင်းမှာလည်းမဆိုးပါဘူး။ ဒါပေမယ့် တစ်ခုရှိသွားတာက ကျွန်တော်တို့ ပြည်တွင်းဈေးကွက်မှာက မော်တော်ကားတစ်စီးကို ဈေးတွက်တွက်ပြီး စီးနေရသူတွေ များနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုရင် အင်ဂျင်အရွယ်ကြီးတဲ့ မော်ဒယ်တွေ ဘေးရောက်သွားတော့တာပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ Accordက အစောကပြောခဲ့တဲ့ မော်ဒယ် သုံးခုထက် အဖက်ဖက်က သာလွန်တာမှန်ပေမယ့် အင်ဂျင်ပိုင်းမှာတော့ ၂၀၀၄ ခုနှစ်လောက် ထုတ်လုပ်ထားတဲ့ မော်ဒယ်ဆိုရင်ပဲ ၂.၄ လီတာသုံး အင်ဂျင် လောက်ကို တပ်ဆင်ထားတာတစ်ခုက ရေရှည်မှာ ဆီစားများလာမယ့်အချက် ဖြစ်တော့ ၀ယ်ချင်သူက       လက်ရှောင်သွားပါတော့တယ်။ ပြီးတော့ နောက်တစ်ခုက ဈေးနှုန်းပိုင်းမှာက အဆိုပါ ၂၀၀၄ခုနှစ် ၀န်းကျင်   လောက် ထုတ်လုပ်ထားတဲ့ မော်ဒယ်ကိုပဲ ဈေးနှုန်းက သိန်း ၁၇၀ ၀န်းကျင်လောက် ရှိနေတာတစ်ချက်က Honda Brand ကို ဒီလောက်ကြီး မနှစ်သက်တဲ့ ပြည်တွင်းဈေးကွက်မှာ အ၀ယ်လိုက်မှု နည်းသွားတော့တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ လက်ရှိမှာကToyota ကိုအကြိုက်ဆုံး ဖြစ်နေတဲ့ ဈေးကွက်မှာ Honda က Nissan တို့ Suzuki တို့နဲ့ ဈေးကွက်နေရာကို ဝေမျှယူနေရတဲ့ အခြေအနေကြောင့် အင်ဂျင်အရွယ်ကြီးပြီး ဆီစားများများ၊ ဈေးနှုန်းများများ အနေအထားမှာ Accord ကနောက်မှာကျန်နေခဲ့တော့တာပါ။ ပြောရရင် Toyota ရဲ့ နောက်မှာတင်မဟုတ်ပဲ Honda ရဲ့ အခြားတန်ကြေးနည်း မော်ဒယ်တွေကကိုပဲ လမ်းတိုင်း၊ နေရာတိုင်း တွေ့နေရပေမယ့် Accord က နေရာပျောက်သွားရတော့တာပါ။ ဒါပေမယ့် သေချာပါတယ်၊ အရည်အသွေးကောင်းကောင်းကို ဈေးအပိုင်း ထည့်မတွက်ပဲ စီးချင်တယ်ဆိုရင်တော့ Accord ကိုသာ ရွေးချယ်ပါလို့ ကျွန်တော်ကဆိုချင်ပါတယ်ဗျာ။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved