လူလယ်ခေါင်မှာ အတွင်းခံအ၀တ်အစားများ ထုတ်လှန်းရတာ တရုတ်ခရီးသွားတွေ နှစ်သက်သလား

Wednesday, July 1, 2015


photo - Appledaily

ဟောင်ကောင်မြို့ Disneyland ပန်းခြံ တနေရာရဲ့ လမ်းမ လက်ရမ်းတွေပေါ်မှာ တရုတ်ပြည်မကြီးမှ အမျိုးသမီးတဦးဟာ သူ့ရဲ့ အတွင်းခံအ၀တ်အစားတွေကို လေသလပ်ခံ အခြောက်လှန်းခဲ့တဲ့ အပြုအမှုဟာ တော်တော်ကို မဆင်မခြင်ပြုမှုလိုက်တဲ့ အရာတခု ဖြစ်တယ်လို့ Apple Daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံတွေရဲ့ ဖော်ပြထားချက်အရ အခုလို လမ်းမအလယ်က လက်ရမ်းတွေကို အကျီအ၀တ်တန်းတခုလို အသုံးပြုထားခြင်းဟာ သိပ်မကြာသေးခင်ကလည်း အွန်လိုင်းတွေပေါ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အခြားသော တရုတ်အမျိုးသမီးခရီးသွားတဦးက ထိုင်းနိုင်ငံလေဆိပ်တခုမှာ ခရီးသည်တွေ စောင့်ဆိုင်းလေ့ရှိတဲ့ ထိုင်ခုံတွေကို အ၀တ်တန်းတခုလို အသုံးပြုပြီး အတွင်းခံအ၀တ်အစားတွေ ထုတ်လှန်းခဲ့တဲ့  လူကြား မကောင်းတဲ့ ကိစ္စနဲ့ အလားတူဖြစ်ရပ်တခုလို ဖြစ်နေတာပါ။


ဇွန်လ ၂၉ ရက်နေ့က ဟောင်ကောင်မြို့ရဲ့ Disneyland မှာရှိသော The Happiest Place on Earth ဆိုတဲ့ လူစည်းကားရာ အကွက်အကွင်းကျတဲ့ နေရာမှာ အဆိုပါ အမျိုးသမီးဟာ သူ့ရဲ့ အတွင်းခံအ၀တ်အစားတွေကို သံလက်ရမ်းတွေပေါ်မှာ တွဲလောင်းချပြီး လှန်းနေတဲ့အတွက် တာဝန်ရှိသူတွေက ပြောဆိုနေခဲ့တာကို Lee လို့ခေါ်တဲ့ လမ်းသွားလမ်းလာတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လုံခြုံရေးဝန်ထမ်းအနည်းငယ်ဟာ အဆိုပါ ခရီးသွား အမျိုးသမီးအား သူ့ရဲ့ အတွင်းခံ အ၀တ်အစားတွေကို သိမ်းဆည်းပေးဖို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအခါမှာ အဆိုပါ အမျိုးသမီးက ပြောပြောချင်း သူ့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပေမယ့် တခါထပ်ပြီး သူ့အ၀တ်အစားတွေ မခြောက်မချင်း ထုတ်လှန်းခဲ့ ပြန်ပါတယ်။ အဲ့ဒီတော့ လုံခြုံရေးဝန်ထမ်းဟာ တခါထပ်ပြီး သူ့ရဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးဖို့ ထပ်ပြောတဲ့အခါမှာတော့ မကျေနပ်တဲ့အကြည့်နဲ့ အဆိုပါ ၀န်ထမ်းကို ပြန်ကြည့်ကာ မသိမ်းချင်သိမ်းချင်နဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာသွားတယ်လို့ ဖော်ပြထားတာပါ။

Lee ဆိုသူက အဆိုပါ အမျိုးသမီးရဲ့ အပြုအမူဟာ ပြည်မကြီးကလာတဲ့ ခရီးသွားတွေရဲ့ ဂုဏ်သတင်းကို မှေးမှိန်စေခဲ့သလို ဟောင်ကောင်မြို့Disneyland ပန်းခြံရဲ့ လှပတဲ့ပုံရိပ်တွေကိုပါ ညှိုးနွမ်းစေခဲ့တယ်လို့ ဆိုပါတယ်။




ဆက်စပ်သတင်းဖတ်ရှုရန်။  ။ လေဆိပ်မှာ အတွင်းခံအ၀တ်အစားတွေ ထုတ်လှန်းတဲ့ တရုတ်အမျိုးသမီး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved