ကမ္ဘာတဝှမ်း ICT နည်းပညာလောကမှာ ဦးဆောင်လျက်ရှိတဲ့ Lenovo ကုမ္ပဏီ မှ ၂၀၁၅ ခုနှစ်အတွက် Lenovo ရဲ့သက်ဆိုင်ရာ စီးပွားရေး အစိတ်အပိုင်းများ အလိုက် မြန်မာနိုင်ငံမှာ ပိုမို လျင်မြန် တိုးတက်အောင်မြင်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက်ပိုပြီး ပြုလုပ်သွားမယ် လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ထိုးဖောက်ဦးဆောင်နိုင်ရန် ရည်ရွယ်ချက်နဲ့ Lenovo Channel Kick-off Ceremony ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ Lenovo မှ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်မှ စပြီး တိုးတက် ပြောင်းလဲလာတဲ့ ကုမ္ပဏီရဲ့ စီးပွားရေးလမ်းစဉ်နဲ့ ဗျူဟာတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ ယေဘုယျအနေနဲ့ လူဦးရေ သန်း (၆၀) ရှိပြီး မြန်မာကွန်ပျူတာ ဈေးကွက်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၀.၅၁ သန်းကျော်ကနေ နောင်လာမယ့် ၂၀၁၆ ခုနှစ်မှာ ကန်ဒေါ်လာ ၂၃၃.၅၆ သန်းအထိ Compound Annual Growth Rate (CAGR) အရ ၁၆.၁ ရာခိုင်နှုန်း မြှင့်တက်လာနိုင်တယ်လို့ ကြိုတင်တွက်ဆထားပါတယ်” လို့ Lenovo အရှေ့တောင် အာရှဒေသရဲ့ Vice President & General Manager ဖြစ်သူ Dr.Harray Yang က ဆိုပါတယ်။
Lenovo ကနေ အဓိက အချက်အချာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့သက်ဆိုင်ရာ နေရာဒေသတွေကို ဈေးကွက်ထိုးဖောက် တိုးချဲ့ခြင်းများ၊ လက်လီရောင်းဝယ်များ တိုးချဲ့ခြင်း၊ သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံနှင့် ပိုမို သင့်တော်အကျိုးရှိစေမယ့် နည်းပညာသစ်များ ဆန်းသစ် တီထွင်ခြင်း စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ အနေနဲ့က မြန်မာနိုင်ငံ ဈေးကွက်မှာ ထိုးဖောက်နိုင်မယ့် အခွင့်အလမ်းတွေ မြင့်တွေ့နေရပြီး အထူးသဖြင့် ဒီနှစ် ASEAN Economic Community အဖွဲ့အစည်းတွေအတွင်း ပိုမို ထိုးဖောက်နိုင်ဖို့ မျှော် လင့်ထားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရပ်ခြားက နည်းပညာတွေကို လျှင်မြန်စွာ လက်ခံနိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ဈေးကွက်အခွင့်အလမ်းတွေ ပိုမိုရရှိစေမယ့်လို့ မျှော်လင့်ပါတယ်” လို့ အင်ဒိုချိုင်းနားရဲ့Country General Manager ဖြစ်သူ Roland Chew က ပြောပါတယ်။
ဆက်ပြီး သူက “ကျနော်တို့ရဲ့ အဓိက ပန်းတိုင်က ၂၀၁၅ ခုနှစ် စီးပွားရေးနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ ICT စီးပွားရေးဈေးကွက်ကို ၂၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရဲ့နံပါတ် (၁) နေရာမှာ အခိုင်အမာ ရပ်တည် ဦးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Lenovo ကုမ္ပဏီက သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် နည်းပညာနယ်ပယ်တွေမှာ ပြောင်းလဲ ဆန်းသစ်မှုများနဲ့ နိုင်ငံတကာမှာ ဦးဆောင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ သန်းကျော် တန်ဖိုးရှိ ကုမ္ပဏီပေါင်း ၅၀၀ ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ Lenovo အနေနဲ့ PC နဲ့ Laptop Computer များ၊ Workstation, Server, Storage, Smart TV နဲ့ Smartphone များ၊ Tablet နဲ့ Application များကို ကမ္ဘာတဝှမ်းမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။
သီဟတိုး
0 comments :
Post a Comment