ဆီမီးကော်လံဆေးမင်ကြောင်စက်များရဲ့နောက်ကွယ်မှ ဇာတ်လမ်းများ

Thursday, August 13, 2015


photo - pinterest.com

လက်ကောက်ဝတ် သို့မဟုတ်  ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပေါ်တွင် ဆီမီးကော်လံ ဆေးမင်ကြောင်   ရေးဆွဲထားကြသူများကို လူမှုစာမျက်နှာများတွင်သော်လည်းကောင်း၊ ပြင်ပတစ်နေရာရာတွင် လည်းကောင်း တွေ့ဖူးကောင်း တွေ့ဆုံဖူးကြပါလိမ့်မယ်။ အဲ့ဒီသူတွေဟာ အင်္ဂလိပ်စာ သဒ္ဒါကို မြတ်နိုးလွန်းတာကြောင့်     ဆေးမင်ထိုးထားကြခြင်းမဟုတ်ဘဲ သူတို့ထိုးထားတဲ့ ဆီမီးကော်လံ ဆေးမင်ကြောင်ရုပ်ရဲ့ နောက်ကွယ်မှာ စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းများရှိနေကြောင်း အသိပေးနေခြင်းပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ပရဟိတအလုပ်တွေကို အကျိုးအမြတ်အတွက် မဟုတ်ဘဲ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုမှ ဆီမီးကော်လံ ပရောဂျက်ကို စတင်ကာ စိတ်ကျရောဂါကို ခံစားခဲ့ဖူးသူများ၊ မိမိကိုယ်ကိုယ် သတ်သေရန်အထိ စဉ်းစားခဲ့ဖူးသူများအား ၄င်းတို့ရဲ့လက်ကောက်ဝတ်နေရာတွင် ဆီမီးကော်လံ     ဆေးမင်ကြောင်များ ထိုးကြရန် တိုက်တွန်းအားပေးခဲ့ပါတယ်။ အချို့မှာတော့ အဲ့ဒီဆီမီးကော်လံ ဆေး         မင်ကြောင်ရုပ်ကို ယာယီရေးထိုးကြပြီး အချို့မှာတော့ ဆေးမင်ကြောင်ဖြင့် အသားပေါ်တွင် ထာဝရ ကမ္ပည်းတင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဘာကြောင့် ဆီမီးကော်လံပုံကိုမှ ဆေးမင်ကြောင်ပုံအဖြစ် အသုံးပြုရသလဲလို့ မေးစရာရှိလာပါတယ်။ “စာရေးသူဟာ စာကြောင်းတစ်ကြောင်းကို အဆုံးသတ်နိုင်ပေမယ့် အဆုံးသတ်ဖို့ မရွေးချယ်ဘဲ ဆီမီးကော်လံ အသုံးပြုပြီး ရှေ့ဆက်ဖော်ပြခြင်းကို ကိုယ်စားပြုထားခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူကတော့ သင်ပဲ   ဖြစ်ပြီး စာကြောင်းကတော့ သင့်ဘ၀ကို ကိုယ်စားပြုပါတယ်။ ” လို့ ရောဂျက်ဆီမီးကော်လံ ၀က်ဆိုဒ်ကဆိုထားပါတယ်။ ဘ၀ကို ဒီအတိုင်း အဆုံးသတ်မသွားသင့်ဘဲ ရှေ့ဆက်လျှောက်လမ်းဖို့ တွန်းအားတခုပေးချင်တဲ့သဘော သက်ရောက်ပုံရပါတယ်။

photo - tattooremoval-uk.com

မည်သူမဆို ဒီပရောဂျက်မှာပါဝင်နိုင်ပါတယ်။ ဒီပရောဂျက်ဟာ စိတ်ဓါတ်ကျခြင်းနဲ့ ရင်ဆိုင်နေရတဲ့သူ၊ မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တဲ့သူ၊ မိမိကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်တတ်တဲ့ အမှုအကျင့်တွေကို စွဲလန်းနေတဲ့သူများကို ဂုဏ်ပြုနေတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။

အမ်မာ ရစ်ချက်စ်ဆိုသူအမျိုးသမီးတစ်ဦးကတော့ “ ကျွန်မ ဒီပရောဂျက်အကြောင်းကိုဖတ်မိပြီး ပါဝင်ဖို့ စိတ်ဝင်စားလာတာနဲ့ အဲဒီဆေးမင်ကြောင်ကို သွားထိုးခဲ့ပါတယ်။” လို့ Mirror သတင်းဌာကို ပြောကြားခဲ့ပါ တယ်။

ဒီပရောဂျက်တွင်ပါဝင်သူများမှာ သူတို့မှာရှိနေတဲ့ ဆီမီးကော်လံ ဆေးမင်ကြောင်များကို လူမှုစာမျက်နှာများတွင် ဖော်ပြကြပြီး အချို့မှာ ၄င်းတို့ ဆေးမင်ကြောင်နောက်ကွယ်မှ ရင်နင့်ဖွယ် ဇာတ်လမ်းများကိုပါ ဖော်ပြ  ရေးသားထားကြပါတယ်။



“ကျွန်မဘ၀ရဲ့အမှောင်ဆုံးကာလများကို ဖြတ်ကျော်နိုင်တဲ့ အထိမ်းအမှတ်နဲ့ရော၊ အဲဒီအချိန်မှာ အတူရှိခဲ့တဲ့သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မနက်ဖြန်ကျရင် အဲဒီ ဆီမီးကော်လံ ဆေးမင်ကြောင်ကို ကျွန်မသွားထိုးမယ်။ စိတ်ဓါတ်ကျခြင်းဝေဒနာနဲ့ တကွ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာတွေ၊ ဘ၀ကိုအဆုံးစီရင်ပစ်လိုက်ချင်တဲ့ စိတ်တွေကို တစ်ချိန်ကခံစားရပေမယ့် အခုတော့ အဲဒါတွေကို အောင်နိုင်သွားပြီ။ ကျွန်မရဲ့ ဘ၀စာကြောင်းလေးက မဆုံးသေးပါဘူး။” လို့ အမည်မဖော်လိုသူ တစ်ဦးက ဖွင့်ဟထားပါတယ်။

Instragram အသုံးပြုသူတစ်ဦးကတော့ “စာရေးသူအနေနဲ့ စာကြောင်းတစ်ကြောင်းကို အဆုံးသတ်ခွင့်ရှိပေမယ့် အဆုံးသတ်ဖို့ မရွေးချယ်ဘဲ ဆက်ရေးဖို့ ရည်ရွယ်တဲ့အခါ ဆီမီးကော်လံကို အသုံးပြုပါတယ်။ သင်ဟာ သင့်ဘ၀အတွက် စာရေးသူတစ်ဦးဖြစ်ပြီး စာကြောင်းကတော့ သင့်ဘ၀ကို ကိုယ်စားပြုပါတယ်။ စိတ်ကျဝေဒနာကိုခံစားနေရသူတွေ၊ မိမိကိုယ်ကို နာကျင်အောင် လုပ်နေတဲ့သူတွေ၊ မိမိကိုယ်ကိုသတ်သေဖို့ ကြိုးစားတဲ့သူတွေကို အထီးကျန်မဆန်ပါနဲ့။ သင်တို့တတွေဟာ တန်ဖိုးရှိတဲ့ သူတွေ၊ ချစ်စရာကောင်းတဲ့ လူတွေ ဖြစ်တယ်လို့ စကားလက်ဆောင် ပေးချင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။



ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.mirror.co.uk/news/world-news/semicolon-project-touching-reason-behind-5975850

1 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved