ငှက်အချင်းချင်းပြန်မြိုစားသုံးတဲ့ စင်ရော်ငှက်

Wednesday, August 5, 2015




ပင်လယ်စင်ရော်ငှက်တစ်ကောင်ဟာ အသိုက်ကိုပြန်တော့မယ့် ဆက်ရက်ငှက်မတစ်ကောင်ကို အသေ အကြေ တိုက်ခိုက်တာကို တွေ့မြင်ရမှာပါ။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မြင်ကွင်းကို မြင်ခဲ့သူကတော့ ဂလက်စကိုမြို့၊ ဘားဟတ်ဒေသနေ အသက်(၅၁)နှစ်အရွယ် ဒေါက်ဂီ မကော ပဲ ဖြစ်ပါတယ်။ ဆိုးယုတ်လှတဲ့ စင်ရော်ငှက်ဟာ ဆက်ရက်ငှက်ကို နှုတ်သီးနဲ့ ထိုးပြီး သတ်ဖြတ်ပစ်တာကို ဒေါက်ဂီက မြင်လိုက်ရတာပါ။


စင်ရော်ငှက်ဟာ ဒီလိုတိုက်ခိုက်မှုတွေမပြုခင်မှာ ကလေးတွေရှိရာ အသိုက်ကိုပြန်မယ့် ဆက်ရက်ငှက်မကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒေါက်ဂီရဲ့အိမ်ခေါင်မိုးကတော့ စင်ရော်ငှက်အတွက် သတ်ကွင်း ဖြစ်သွားခဲ့ပါတယ်။ အသိုက်ထဲမှာရှိတဲ့ ဆက်ရက်ငှက်ငယ်လေးတွေဟာလည်း စင်ရော်ငှက်က ဆက်ရက်ငှက်အမေကြီးကို မသေမချင်းအရိုးတွေ ကျိုးအောင် အိမ်အမိုးရဲ့ အုတ်ကြွပ်တွေအပေါ်မှာ ကိုင်ရိုက်ပြီး နောက်ဆုံးမှာ မြိုချစားသုံးလိုက်ပုံကို ဆက်ရက်ငှက်ကလေးတွေဟာလည်း အစအဆုံး မြင်လိုက်ရပါတယ်။

“အဲဒီစင်ရော်ငှက်ဟာ ကျွန်တော်တို့အိမ်နောက်ဖက်မှာ ကျက်စားနေတာ ကြာပါပြီ။ အရွယ်အစားအနေနဲ့ လင်းယုန်ငှက်တစ်ကောင်လောက်ကြီးမားပြီး ဖြန့်ထားတဲ့ အတောင်ပံကလည်း တစ်မီတာလောက် ရှိပါတယ်။ ကျွန်တော့်အိမ်နောက်ဖက်က လှမ်းကြည့်လိုက်တော့ စင်ရော်ငှက်ဟာ ဆက်ရက်ငှက်မကြီးကို နောက် ဖေးအိမ်ရဲ့ ခေါင်မိုးပေါ်မှာ ကျိုးပဲ့ကြေမွသွားအောင် ရိုက်ချနေတာကို လှမ်းတွေ့နေရပါတယ်။ အဲဒီငှက်က အန္တရာယ်ရှိတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ တစ်ခုခုတော့ လွဲမှားနေပြီ။ သူတို့ရဲ့အမဲလိုက်တဲ့   အပြုအမှုတွေဟာ တစ်နေရာကနေ ကူးချလာသလိုပါပဲ။ အရမ်းကို လည်တဲ့ ငှက်ကြီးပါပဲ” လို့   ဒေါက်ဂီ  မကောက ဆိုပါတယ်။



စင်ရော်ငှက်ရဲ့မျက်လုံးကို ကြည့်ရတာတော့ ဒီလို ဆက်ရက်ငှက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အသေကောင်ကို စားသုံးလိုက်ခြင်းအား နောင်တရတဲ့ပုံမပေါ်ပါဘူး။ ဒေါက်ဂီ မကောနဲ့ သူ့ရဲ့ ဇနီးဟာ ဘားဟတ်မြို့မှာနေတာ ဆယ်နှစ်နီးပါးကြာပြီဖြစ်ပေမယ့် လက်ရှိနေထိုင်တဲ့အိမ်ကို ပြောင်းလာပြီးမှ စင်ရော် ငှက်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမှုကို စတင်တွေ့မြင်သိရှိလာရခြင်းပဲ ဖြစ်ပါတယ်။

“အမှန်အတိုင်းပြောရရရင် အဲဒီလိုအကောင်တွေ အများကြီးပဲ။ ဒီအကောင်တွေကိုကြည့်ရတာ မျိုးသုဉ်း သတ်ဖြတ်နေသလိုပါပဲ။” လို့ ဒေါက်ဂီ မကောက ဆိုပါတယ်။ သူပြောဆိုတဲ့အတိုင်းပါပဲ အဲဒီ ပင်လယ် စင်ရော်ဟာ  အခြားငှက်တွေကိုလည်း ရက်စက်ကြမ်းကြုတ်စွာ လိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ သတင်းတစ်ပတ်ကပဲ ဇင်ယော်ငှက်ရဲ့တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ရော့ခ်ရှဲ အမျိုးအစား တယ်ရီယာ ခွေးငယ်တစ်ကောင်၊ အိမ်မွေး လိပ်တစ်ကောင်နဲ့ ချူဝါးဝါး အမျိုးအစား ခွေးငယ်တစ်ကောင် သေဆုံးခဲ့ရပါတယ်။ ပြည်သူလူထုမှ ငှက်များအား သတ်ဖြတ်ခြင်းကို အပြင်းအထန်ကန့်ကွက်ထားသည့်ကြားမှပင် အဆိပ်မိ ထားသော စင်ရော်ငှက်သေတစ်ကောင်အား ဘရစ်ပို့မြို့၊ ဒေါဆက်ဒေသရှိ ရဲစခန်းတစ်ခုတွင် လာရောက် စွန့်ပစ်သွား   ကြပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။http://www.dailystar.co.uk/news/latest-news/455465/Seagulls-attack-eat-other-birds-video-YouTube 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved