အရပ်သားတဦးကို စစ်တပ်မှတပ်ကြပ်ကြီးနှင့် အရပ်သားတဦး ထိုးကြိတ်

Thursday, August 6, 2015


ပြည်မြို့(ဈေးကြီး)မြို့မဈေးခေါင်းရုံးရှေ့တွင်း ထိုးကြိတ်ခံရသူ ကိုသူရဇော်နှင့် ဖခင်ဖြစ်သူ ဦးအုန်းသိန်းအား လူ့အခွင့်အရေးလှုပ်ရှားသူများမှ စုံစမ်းမေးမြန်းမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ - ကောင်းမြတ်မင်း/ The Irrawaddy)

ခလရ(၇၅) မှ စစ်ယူနီးဖောင်းဝတ်ဆင်ထားတဲ့ တပ်ကြပ်ကြီးချိုငယ်နဲ့ အတူအရပ်သားတဦးပေါင်းပြီး ပြည်မြို့ ဈေးကြီး ကမ်းနားလမ်း စက်ဘီး၊ ဆိုင်ကယ်အပ်နှံရုံမှာ အလုပ်လုပ်ကိုင်နေသူ ကိုသူရဇော်အား မနေ့ကနေ့လည် ၃ နာရီခွဲခန့်က ဝိုင်းဝန်းထိုးကြိတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မနေ့က နံနက် ၁၀ ခွဲအချိန်တွင် ခလရ(၇၅) မှ တပ်ကြပ်ကြီးချိုငယ်၏ ဇနီးဖြစ်သူမှာ ပြည်မြို့ဈေး   ကြီး ကိုသူရဇော် ဆိုင်ကယ်အပ်လက်ခံသည့်ရုံအနီးတွင် ၎င်းစီးလာသော ဆိုင်ကယ်ကို အပ်နှံခြင်းမပြုပဲ ရပ်ထားခဲ့သည်ကို ကိုသူရဇော်မှ ဆိုင်ကယ်အပ်ရုံအတွင်း ရွှေ့ထားပြီး ဆိုင်ကယ်အပ်ခ ၂၀၀ ကျပ်တောင်းရာမှ အချင်းများခဲ့ကြတာပါ။

အဲဒီလိုစကားများ ရန်ဖြစ်နေစဉ် တပ်ကြပ်ကြီးချိုငယ်၏ ဇနီးဖြစ်သူမှ ဆိုင်ကယ်အားဆွဲထုတ်သွားစဉ်        လမ်းပေါ်မှ မောင်းနှင်လာသည့် တခြားဆိုင်ကယ်တစီးနှင့် ချိတ်မိပြီး ဆိုင်ကယ်လဲသွားရာ ကိုသူရဇော်အား  ဆဲဆိုကြိမ်းမောင်းပြီး အင်္ကျီဆွဲဖြဲကာ ထွက်သွားခဲ့ပြီးနောက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် တပ်ကြပ်ကြီး ချိုငယ်နှင့်အတူ အရပ်သား ၂ ဦးလိုက်ပါလာပြီး ၎င်းတို့က စတင်ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ဈေးကြီးမှ ဈေးသူဈေးသားများက ပြောပါတယ်။

“အဲဒီစစ်သားက ငါ့မိန်းမကို ထိုးတာမင်းလားဆိုပြီးစမေးတယ်၊ ကျနော်က ကျနော်ထိုးတာလား အကို့မိန်းမလုပ်တာလား အရင်မေးကြည့်ပါအုံးဗျာလို့ ပြောရုံပဲရှိသေးတယ်၊ သူနဲ့အတူပါလာတဲ့ လူ ၂ ယောက်ထဲက တယောက်က ကျနော်ကို စထိုးတယ်၊ နောက်ပြီးတော့ အဲဒီစစ်သားထပ်ထိုးတယ်၊ ကျနော် နှာခေါင်းကသွေးတွေကျလာလို့ ဘာမှပြန်မပြောပဲ အဝတ်ချွတ်ပြီး နှာခေါင်းကိုပဲ အုပ်ထားလိုက်တော့တာ။”လို့ ကိုသူရဇော်က ပြောပါတယ်။

ကိုသူရဇော်၏ ဖခင်ဦးအုန်းသိန်းမှ ရဲစခန်းတွင်အမှုဖွင့်ရန်သွားရောက်ခဲ့စဉ် ပြည်မြို့ မြို့မဈေးကြီး ဈေးခေါင်းရုံးတွင် ညှိနှိုင်းရန်ခေါ်သဖြင့် အမှုမဖွင့်ရန် သဘောတူညီခဲ့ကြတာဖြစ်ကြောင်း ဦးအုန်းသိန်းက ပြောပါတယ်။

“ကျနော်သားကို သူတို့ကြိမ်းတယ်၊ မင်းအလုပ်ပြန်ရင် ငါတို့တပ်ရှေ့ကဖြတ်ပြန်ရတာ။ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်ဆိုပြီး လူတွေရှေ့မှာကြိမ်းတယ်။ ကျနော်သားရဲ့လုံခြုံရေးကို တာဝန်ယူမယ်ဆိုရင် အမှုမဖွင့်ဘူးလို့ ကျနော်တို့ သဘောတူခဲ့တယ်။ အဓိကတော့ စစ်တပ်ကို ကြောက်လို့မဟုတ်ဘူး။ နေ့စဉ် အဲဒီတပ်ရှေ့က အလုပ်သွား အလုပ်ပြန်လုပ်နေတဲ့ ကျနော်သားရဲ့အန္တရာယ်အတွက် စိုးရိမ်လို့ အမှုမဖွင့်တာ။ ဒီလို အရပ်ထဲလာပြီး စစ်ယူနီဖေါင်းနဲ့ လူပါးဝတာကိုတော့ နည်းနည်းမှမကြိုက်ဘူး။ သည်းလည်းမခံနိုင်ဘူး။” လို့ ဦးအုန်းသိန်းက ဆက်ပြောပါတယ်။

အခုလိုဖြစ်ပျက်ခဲ့တဲ့အပေါ် ပြည်မြို့ ဈေးကြီးရှိ ဈေးသူဈေးသားများမှ မကျေနပ်သည့်အတွက် တပ်ကြပ်ကြီး ချိုငယ်အား အရေးယူပေးရန် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို လက်မှတ်ထိုးတိုင်ကြားသွားရန်      ရှိကြောင်း ပြည်မြို့ လူအခွင့်ရေးလှုပ်ရှားသူ ကိုမင်းမင်းက ဧရာဝတီသို့ပြောပါတယ်။

“အခုလိုကိစ္စက အရေးမယူရင် မြို့ပေါ်လာပြီး လုပ်ချင်တိုင်းလုပ်မှာ ပိုပိုဆိုးလာမှာ၊ မနက်ဖြန်မှာ ဈေးသူဈေးသားတွေရဲ့ လက်မှတ်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအကုန်လုံးကို တိုင်ကြားသွားမယ်။”ဟု ကိုမင်းမင်းက ပြောပါတယ်။

အဆိုပါကိစ္စရပ်များကို ပြည်မြို့ မြို့မဈေးခေါင်းရုံးတွင် ညှိနှိုင်းဆွေးနွေးနေစဉ် တပ်ကြပ်ကြီးချိုငယ်အား ဧရာဝတီမှ မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ညှိနှိုင်းမှုမပြီးဆုံးခင် ထွက်သွားခဲ့သည့်အတွက် မေးမြန်းခွင့် မရခဲ့ပါဘူး။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved