ကျောင်းသားတွေလည်း မနေနိုင်ပါ

Wednesday, August 5, 2015


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

 မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ် လေးခုမှာတော့ ရေကြီးရေလျှံမှု အဆိုးဝါးဆုံးကြုံတွေ့နေရတယ်လို့    အစိုးရက ထုတ်ပြန်ကြေငြာထားပါတယ်။ အဲဒီလိုကြေငြာတဲ့အထဲမှာ မပါဝင်ပေမယ့် ပဲခူးတိုင်း           အနောက်ခြမ်းက မြို့တွေမှာလည်း ရေးကြီးရေလျှံမှုတွေ တော်တော်များများ ကြုံတွေ့နေရပါတယ်။

ပဲခူးမြို့အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည် ကားလမ်းမတလျှောက်က မြို့တွေဖြစ်တဲ့ သာယာဝတီ၊ သုံးဆယ်၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်နဲ့ ပြည်မြို့တွေမှာ သောင်းနဲ့ချီတဲ့ ရေဘေး ဒုက္ခသည်တွေ နေအိမ်တွေကို စွန့်ခွာပြီး ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။


ပြည်ခရိုင်အတွင်းက မြို့နယ် ၅ ခုမှာတင်ပဲ ဒုက္ခသည်ပေါင်း လေးသောင်းနီးပါး ရှိပါတယ်။ အဲဒီလိုရေးဘေးဒုက္ခ ကြုံတွေ့နေရသူတွေကို ကူညီပေးဖို့ အလှူငွေများလိုအပ်နေတဲ့အတွက် ပြည်နည်းပညာတက္ကသိုလ်ကျောင်းက မြို့ပြအင်ဂျင်နီယာ (CIVIL) ကျောင်းသား ၅၀ ကျော်လောက်ဟာ ပြည်မြို့ရဲ့ လူစည်းကားရာနေရာတွေ မီးပွိုင့်တွေနဲ့ နေအိမ်တွေမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစတင်ပြီး သူတို့ရဲ့စာသင်ချိန်တွေကိုဖဲ့ပြီး အလှူငွေ လိုက်လံကောက်ခံကာ လုပ်အား ဒါနအဖြစ် ပါဝင်ကူညီတာကို တွေ့မြင်ရပါတယ်။

ကိုယ်တိုင်ကိုယ်ကျသွားရောက် မလှူဒါန်းနိုင်သူတွေနဲ့ လှူချင်ပေမယ့် များများစားစားမလှူနိုင်တဲ့ အလှူရှင်တွေဆီကို ကျောင်းသားတွေကိုယ်တိုင် တအိမ်တက်ဆင်းလိုက်လံအလှူကောက်ခံပေးခြင်းအားဖြင့် ပါဝင်        ရခြင်းဖြစ်တယ်လို့ PTU ကျောင်းသား ကိုမင်းကျော်သက်က ပြောပါတယ်။


“ကျနော်တို့တတ်နိုင်တဲ့ တထောင့်တနေရာက ပါဝင်ပေးတာပါ၊ တချို့လူတွေက ငွေကြေးအားဖြင့် အနည်းနဲ့အများ သွားမလှူဖြစ်တာရှိတယ်။ ကျနော်တို့က အိမ်တိုင်ရာရောက်လှူချင်တဲ့လူတွေကို လှူဖြစ်သွားအောင် ကျနော်တို့က လိုက်ပြီးအလှူခံပေးသွားတာပါ။ လက်လှမ်းမှီသလောက် မြို့တွင်းမှာ လိုက်အလှူခံတာပါ။ ကျောင်းချိန်အတွင်းမှာပဲ လုပ်ဖြစ်တာပါ။ ဒုတိယပါမောက္ခချုပ်ရဲ့ခွင့်ပြုချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး        အထိတောင် ကျနော်တို့က ခွင့်ပြုချက် တောင်းပြီးမှ လုပ်တာပါ။” လို့ သူကဆိုပါတယ်။


တပတ်လုံးလုံးအလှူခံသွားမှာဖြစ်ပြီး လက်တလော တနင်္လာ၊ အင်္ဂါနေ့တွေမှာတော့ မြို့ပြအင်ဂျင်နီယာ (CIVIL)  ကျောင်းသားတွေပဲ လှုပ်ရှားနေရပြီး နောက်ပိုင်း ပြည်နည်းပညာတက္ကသိုလ်အတွင်းက တခြား   မေဂျာပေါင်းစုံက ကျောင်းသူကျောင်းသားတွေပါ ပါဝင်လှုပ်ရှားလာဖို့ ရှိသလို တနင်္လာနေ့ တရက်ထဲတင်ပဲ အလှူငွေကိုးသိန်းနီးပါး ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြည်မြို့အတွင်းမှာပဲ ယာယီဒုက္ခသည်စခန်းပေါင်း  (၁၀) ကျော်အထိ တိုးမြင့်လာပြီး၊ ပန်းတောင်းမြို့နယ်နဲ့  ရွှေတောင်မြို့နယ်အတွင်းက သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေမှာ အကူအညီများလိုအပ်နေပြီး    ပြည်မြို့ပေါ်ရှိ ကူညီပေးနိုင်သူတွေ ပိုမိုများပြားလာပေမယ့် ထောက်ပံ့ရေးပစ္စည်းတွေပေးဝေမှုနဲ့             ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်မြို့ ခေတ္တရာလူငယ် သာရေးနာရေး   အသင်းက အတွင်းရေးမှူး ကိုကျော်သူစိုးက ဆိုပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved