ခေတ္တရာနယ်မြေရဲ့ ဝါတွင်းနိဗ္ဗန်ဆော်များ (သို့) ရွှေဆံတော်ဘုရားရဲ့ ဝါတွင်းနိဗ္ဗန်ဆော်များ

Wednesday, September 16, 2015


ဓာတ်ပုံများ - ကောင်းမြတ်မင်း / The Irrawaddy

“ကျနော်တို့ခေတ္တရာမြေ ရောက်ဖူးသူတိုင်း ကြည်းနူးခဲ့ကြပေ ဧရာဝတီမြစ်ကြောင်းရစ်ခွေ ညို့ညို့မှိုင်းမှိုင်း   တောင်တံတိုင်းနဲ့ ရှုတိုင်းဖြင့် သာယာပေ ကျက်သရေရှိလှပေ၊ ဗုဒ္ဓဟေ ဗျာဒိတ်ကျူးတဲ့ ဖိုးဦးတောင်တန်ြး မင့် ခေါင်ဗွေ” ဆိုတဲ့ သီချင်းဟာ သရေခေတ္တရာပြည်မြို့အနီးတဝိုက် ဧရာဝတီမြစ် အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းတွေမှာရှိတဲ့ သဘာဝ အလှအပတွေနဲ့ သာသနိက အဆောက်အဦးတွေကို စေတီပုထိုးတွေ     အကြောင်းရေးဖွဲ့သီကုံးထားတဲ့ “ကျနော်တို့ ခေတ္တရာမြေ”ဆိုတဲ့ ဓမ္မပူဆာတေးတပုဒ်ဖြစ်ပြီး အဲဒီသီချင်းကို   ပြည်ဒေသအနီးတဝိုက်က ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့တွေရဲ့ လပြည့်၊ လကွယ်နဲ့ အဖိတ်နေ့တွေတိုင်း အလှူခံ   ထွက်တဲ့အဖွဲ့တိုင်း မဖွင့်မဖြစ် မဆိုမဖြစ် ဆိုရ၊ ဖွင့်ရတဲ့ တေးသီချင်းတပုဒ် ဖြစ်ပါတယ်။
         

ဝါဆို၊ ဝါခေါင်၊ တော်သလင်း ဝါတွင်းသုံးလအတွင်း ပြည်မြို့ရဲ့ နာမည်ကြီးသမိုင်းဝင် စေတီပုထိုးတွေနဲ့     ဘုရားတွေတိုင်းမှာ ဝါတွင်းနိဗ္ဗန်ဆော်အဖွဲ့တွေ အသီးသီးရှိကြပြီး အဲဒီအဖွဲ့တွေက အာစိဏ္ဏကံ ကုသိုလ်    ရှင်တွေရဲ့နေအိမ်တွေရှေ့မှောက်အထိ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ဖို့ အလှူငွေလိုက်လံကောက်ခံပေး    ကြပါတယ်။
         
အဲဒီလို နိဗ္ဗာန်ဆော်အဖွဲ့အစည်းတွေကြားထဲမှာ ပြည်မြို့က ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓံ၊ ဓမ္မ၊ သံဃံ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ဟာလည်း နှစ်စဉ် ဝါတွင်းသုံးလရောက်တိုင်း စဉ်ဆက်မပျက် သာသနာ အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်လာတာ ဒီနှစ်နဲ့ဆိုရင် နှစ်ပေါင်း ၄၄ နှစ်ရှိခဲ့ပါပြီ။


မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်တင်ထားတဲ့ စတီးတွေနဲ့ပြုလုပ်ထားတဲ့ သုံးဘီးလက်တွန်းလှည်းက ရှေ့ဆုံးကနေသွားပြီး အဲဒီ လှည်းနောက်မှာတော့ လူ ၅ ယောက်လောက် ထိုင်လိုက်လို့ရတဲ့ သုံးဘီးလက်တွန်းလှည်း     ကြီးပေါ်မှာ ခြောက်လုံးပတ်ဗုံ၊ နှဲ၊ မောင်း၊ လကွင်း၊ ဝါးလက်ခုပ်၊ စည်တို စတဲ့ တူရိယာတွေနဲ့ အသံချဲ့       စက်တွေတင်ပြီး လူ ၁၀ ဦးလောက်က တွန်းရတဲ့ လှည်းက အလယ်ကသွားပြီး နောက်ဆုံးမှာတော့ မီးစက်တင်ထားတဲ့ လက်တွန်းလှည်းလေးနဲ့ ပြည်မြို့ပေါ်ရှိ ရပ်ကွက်တွေထဲ တလမ်းဝင်တလမ်းထွက်နဲ့ ဝါတွင်း သီ တင်းပတ် ၁၃ ပတ်လုံးအပြင် အထူး သီတင်းပတ် ၂ ပတ်ပေါင်းထည့်ပြီး သီတင်းပတ် ၁၅ ပတ်လုံးလုံး ဓမ္မပူဇာတေးသီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုပြီး လှည့်လည် အပူဇော်ခံကြပါတယ်။

အဲဒီလိုမျိုး လှည့်လည်အပူဇော်ခံတာကို ပြည်ဒေသခံတွေကတော့ ဘုရားလှည့်တယ်လို့ သုံးနှုန်းကြပါတယ်။ ပြည်မြို့က ဘုရားလှည့်တဲ့ ဝါတွင်းနိဗ္ဗန်ဆော်အဖွဲ့တော်တော်များများမှာတော့ ဆိုင်းဝိုင်းတွေရှိကြပါတယ်။ ရှေးယခင် နှစ်ပေါင်း ၄၀ ကျော်လောက်ကတော့ ဘုရားလှည့်တဲ့ပုံစံက ယနေ့ခေတ်နဲ့ မတူဘူးလို့ ရွှေဆံတော် စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓံ၊ ဓမ္မ၊ သံဃံ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့အသင်းသား ဦးအောင်မြတ်စိုးက ဧရာဝတီကို ပြောပါတယ်။
         
“ ကျနော်တို့ပြည်မှာ ဘုရားလှည့် စခဲ့တာ ဆင်စုရပ်ကွက်က ပေါ်တော်မူဘုရားက စခဲ့တာပါ။ နောက်ပိုင်း ရွှေဆံတော်အတွက် ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ဖွဲ့ပြီး လိုက်လုပ်ကြတာပါ။ စစချင်းတုန်းက ဥပုပ်နေ့မနက်တိုင်း ၄ နာရီထပြီး ရှေ့ဆုံး ၂ ယောက်က ကြေးစည်ထု၊ နောက်ကတယောက်က ဘုရားဆင်းတုတော်ကို ပိုက်ပြီး  ဘွန္တောတော အော်ပြီး နိဗ္ဗာန်ဆော်လုပ်ရင်း စခဲ့ကြတာ။ နောက်တော့ ဆိုက္ကားပေါ် မောင်းတင်ပြီး ဒိုးပတ်ဝိုင်းနဲ့ လှည့်ပြီးအလှူခံတာ။ တဖြည်းဖြည်းနဲ့ ဘုရားကိုလှည်းနဲ့တင်တယ်၊ ဆိုင်းဝိုင်းတွေ မန္တလေးအထိဆင်းဝယ်ပြီး ဆိုင်းနဲ့ဝိုင်းနဲ့ လှည့်ဖြစ်လာတဲ့ ယနေ့အထိပါပဲ။” လို့ ဦးအောင်မြတ်စိုးက ရှင်းပြပါတယ်။
         
ရွှေဆံတော်ဘုရားရဲ့ဝါတွင်းနိဗ္ဗန်ဆော်အဖွဲ့ စစချင်းမှာတော့ အသင်းသား ၂၀ ခန့်နဲ့ စတင်ခဲ့ပြီး၊ ဒီကနေ့မှာတော့ ရာနဲ့ချီတဲ့ အသင်းသားတွေတိုးပွားလာတဲ့အပြင် အသင်းသားဖြစ်ဖို့ တနှစ်တိတိစောင့်ကြည့်ပြီးမှသာ အသင်းသားဖြစ်ခွင့်ရပါတယ်။ အထူးသဖြင့် အရက်သေစာစားသောက်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့ အသင်းသား ကိုတင်အောင်စိုးက ပြောပါတယ်။
         
“ အဓိက အလှူရှင်တွေနဲ့ ထိတွေ့စကားပြောတဲ့အခါ အရက်နံ့ထွက်နေတဲ့အခါ၊ မကောင်းဘူး လုံးဝလဲ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အလှူခံထွက်တဲ့သက်တမ်းတလျှောက်ဒါမျိုး မရှိခဲ့ပါဘူး။ ငွေးကြေးနဲ့ပတ်သက်လို့ ငါးရာ(ကျပ်)နဲ့အထက် လှူဒါန်းသူတွေကို အလှူခံဖြတ်ပိုင်းပေးတယ်။ ပြီးတော့ အဲဒီငွေကို ဘုရားလှည်းပေါ်က အလှူခံပုံးထဲကို ကိုယ်တိုင်ထည့်ခိုင်းတယ်။ အဲဒီအလှူငွေတွေကို ညတွင်းချင်း ရေတွက်ပြီး ဂေါပကအဖွဲ့ကို တန်းအပ်တယ်။ ကျနော်တို့ဆီမှာ လုံးဝမထားဘူး။” လို့ ကိုတင်အောင်စိုးကပြောပါတယ်။
         
ဝါတွင်း ၃ လအတွင်း လပြည့်၊ လကွယ်နေ့တွေမှာတော့ နေ့လည် ၂ နာရီကနေ ည ၁၂ နာရီ အထိထွက်ပြီး ခဏတာ အနားယူပြီးတာနဲ့ နံနက် ၄ နာရီကနေ နံနက် ၁၀ နာရီအထိ နောက်တကြိမ်ထပ်ထွက်ပါတယ်။    ကြားရက် လဆန်း ၇ ရက်နေ့ လဆုတ် ၇ ရက် အဖိတ်နေ့တွေမှာတော့ နေ့လည် ၂ နာရီကနေ ည ၁၂ နာရီအထိသာ အလှူခံထွက်ကြပါတယ်။
         

လှည်းတွန်းသူတွန်း အလှူခံဖြတ်ပိုင်းဖြတ်ပေးသူကပေးနဲ့ အဖိတ်နေနဲ့ ဥပုပ်နေ့တွေမှာ နာရီပေါင်းများစွာ   လုပ်အားဒါနပြုကြသူအများစုဟာ လက်လုပ်လက်စားလူတန်းစားများပြီး ငွေကြေးချမ်းသာသူတွေအနေနဲ့ေ တာ့ အခုလို နိဗ္ဗာန်ဆော်အလုပ်ကို လာလုပ်တဲ့လူရှားတယ်လို့ ကိုတင်အောင်စိုးက ဆက်ပြောပါတယ်။
         
“ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းက လူငယ်လေးတွေ အသင်းသားလာလျှောက်ဖူးတယ်။ သုံးပတ်လောက်အထိ အများဆုံးလိုက်နိုင်တယ်၊ ကျနော်မလုပ်နိုင်တော့ပါဘူးဆိုပြီး လက်လျော့ပြီး ပြန်သွားတာတွေရှိတယ်။ အထူးသဖြင့် ဒါမျိုးအလုပ်က လပြည့်လကွယ်နေ့တွေဆို နေ့ရောညရော ထွက်ရတာ တော်ရုံဇွဲနဲ့ မရပါဘူး။ အဓိကသူတို့ လှူနိုင်တာ အချိန်နဲ့လုပ်အားတွေကို လာလှူကြတာပါ။ ရပ်ကွက်ထဲ အရမ်းဆိုးတဲ့ လူငယ်တွေကို မိဘတွေကိုယ်တိုင် အတင်း လာအပ်တယ်။ ဒီအလုပ်တွေကို လုပ်တဲ့အခါ လိမ္မာယဉ်ကျေးလာတယ်တဲ့ အရင်လို မဆိုးတော့ဘူးဆိုပြီး လာအပ်တာ တောင်ရှိပါတယ်။” လို့ ကိုအောင်မြတ်စိုးက ဆိုပါတယ်။
         
အလှူခံဖလားနဲ့ တအိမ်ဝင်တအိမ်ထွက် အလှူခံထွက်ခြင်းမဟုတ်ပဲ လမ်းမပေါ်ကနေသာ အပူဇော်ခံပြီး ကြည်ညိုသူတွေရဲ့ သဒ္ဓါအားနဲ့ လာရောက်လှူဒါန်းမှုကိုသာ အလှူလက်ခံခြင်းဖြစ်ပြီး မနှစ်ကတော့ ဝါတွင်းသုံးလ အလှူခံရရှိငွေက သိန်း ၃၀၀ ကျော်ရရှိကြောင်းနဲ့ တနှစ်ထက်တနှစ် လှူဒါန်းငွေတွေဟာ လျော့သွားခြင်းမရှိပဲ တိုးပွားလာတယ်လို့ အသင်းသား ကိုတင်အောင်စိုးက ဆိုပါတယ်။
         

ပြည်မြို့ပေါ်မှာတော့ အခုလို ဘုရားလှည့်တဲ့ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပြီး အသင်းတသင်းနဲ့တသင်း အလှူခံထွက်တဲ့ရက်တွေ မတူသလို တူညီဝတ်စုံ(ယူနီဖေါင်း)တွေလည်း မတူကြပါဘူး။ အခုလို ပြည်မြို့ပေါ်မှာ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေကို မပျောက်ပျက်အောင် စောင့်ရှောက်ဖို့ ယနေ့ပါဝင်ကုသိုလ်ယူနေသူတွေအပေါ်မှာ မူတည်နေသလို ယခင်က ပါဝင်လှုပ်ရှားခဲ့ကြတဲ့ အတွေ့အကြုံ ရှိတဲ့ လူကြီးတွေအနေနဲ့ လူငယ်တွေရဲ့လှုပ်ရှားမှုတွေကို  ဝန်းရံပေးနိုင်မှသာ ရေရှည်ဆက်လက် တည့်တန့်နိုင်မယ်လို့ ရွှေဆံတော်ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့က         ဦးအောင်မြတ်စိုးက အကြံပြုခဲ့ပါတယ်။
         
ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓံ၊ ဓမ္မ၊ သံဃံ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ကတော့ လာမယ့်နှစ် ဝါတွင်းဆိုရင် နီလာရတု ၄၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခမ်းခမ်းနားနားနဲ့ ပြုလုပ်ဖို့အစီအစဉ်တွေကို ဒီနှစ်ကတည်းက ကြိုတင် ပြင်ဆင်နေပြီ လို့သိရပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved