မဟေမာအောင်
(၃၅) နှစ်
Freelance Photographer
ကျမ အရင်က ကုမ္ပဏီအလုပ်တွေလုပ်ခဲ့တယ်။ လေးလပိုင်း အကုန်လောက်မှာ အလုပ်ထွက်ခဲ့ပြီး ကျမ ဝါသနာပါတဲ့ ဓာတ်ပုံရိုက်တဲ့အလုပ်ကို ရွေးချယ်ခဲ့တယ်။ ကုမ္ပဏီအလုပ်ကျတော့ ကျမ ဓာတ်ပုံရိုက်ဖို့ ဘယ်လိုမှ အချိန်မရဘူးလေ၊ သင်တန်းတက်ဖို့လည်း အချိန်မရဘူး။ အဲဒါကြောင့် အလုပ်ထွက်ပြီး ကျမ သင်တန်းတက်တယ်။ ပြီးတော့ အခုလက်ရှိ ဓာတ်ပုံတွေရိုက်နေတယ်။
ကျမ ဓာတ်ပုံရိုက်တာတော့မကြာသေးဘူး။ တနှစ်ကျော်လောက်ပဲ ရှိသေးတယ်။ ပြိုင်ပွဲတွေ ဘာတွေလည်း မဝင်ဖြစ်သေးဘူး။ နောက်ပိုင်းတော့ တောက်လျှောက် ဝင်ပြိုင်ဖို့ အစီအစဉ်ရှိပါတယ်။
ကျမ ကြိုက်တဲ့ဓာတ်ပုံအမျိုးအစားကတော့ Portrait ကြိုက်တယ်၊ Landscape ကြိုက်တယ်။ Portrait ဆိုတာ မော်ဒယ်လ်တွေကိုတော့မဟုတ်ဘူး၊ Life တွေ ရိုက်ရတာ ကြိုက်တယ်။ လမ်းပေါ်က လူတွေနဲ့ မျက်နှာပေါ်က အမူအရာ တွေပေါ့၊ ငိုတဲ့ပုံလည်း ဖြစ်ချင်ဖြစ်မယ်၊ မဲ့တဲ့ပုံလည်း ဖြစ်ချင်ဖြစ်မယ်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ Mood၊ အဲဒီလိုမျိုး Natural ပုံစံလေးတွေ ကြိုက်ပါတယ်။
ဓာတ်ပုံမရိုက်ခင်က ကျမလုပ်ခဲ့တဲ့ အလုပ်တွေကတော့ ကုမ္ပဏီတွေမှာ Marketing Executive အပိုင်းတွေ လုပ်ခဲ့တယ်။ Marketing ပိုင်းတွေပါတယ်၊ Export, Import အပိုင်းတွေ၊ မီဒီယာပိုင်းတွေ ပါတယ်။ အဲဒီအလုပ်တွေ အကုန်လုံးကတော့ ဓာတ်ပုံနဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူး။ ဒါပေမယ့် ကျမ တကယ်ဝါသနာပါတာက ဒီဓာတ်ပုံရိုက်တာဆိုတော့ ကျမ အဲဒီအလုပ်တွေ အကုန်ရပ်လိုက်တယ်။
မဟေမာရဲ့ ဓာတ်ပုံလက်ရာတခု |
ကျမက အခု ဓာတ်ပုံပညာကိုမြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ဖွင့်တဲ့ သင်တန်းအပတ်စဉ် (၄၄) မှာ တက်နေတယ်။ သင်တန်းမတက်ခင်ကတော့ အရှေ့ပိုင်းမှာ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး ကျမအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပဲ။ကျမသိချင်တဲ့ ဓာတ်ပုံပညာရပ်တွေကို နီးစပ်ရာ ဓာတ်ပုံဆရာတွေကို မေးတယ်၊ ပြီးတော့ အင်တာနက်ကနေ Youtube တို့ဘာတို့ကနေ လေ့လာတယ်။
ကျမ ဓာတ်ပုံ ဘယ်အရွယ်ကတည်းကစဝါသနာပါခဲ့လဲဆိုရင် ဓာတ်ပုံစရိုက်ခဲ့တာတော့ အသက် (၂၅) နှစ် အရွယ်လောက်ကတည်းကပဲ။ အဲဒီတုန်းကတော့ ကျမမှာ DSLR ကင်မရာ မဝယ်ရသေးဘူး။ မိသားစုသုံး ရိုးရိုး ဒီဂျစ်တယ် ကင်မရာလေးနဲ့ပဲ ရိုက်ဖြစ်ခဲ့တာ။ကျမက အလှပုံရိုက်တာထက်၊ လူတွေရဲ့ Emotion ဖြစ်နေတဲ့ ပုံလေးတွေကို လိုက်ရိုက်တာပေါ့၊ အဲဒီလိုမျိုး ရိုက်ရတာကြိုက်တယ်။
အခုနောက်ပိုင်းကတော့ ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတော့ နောက်ပိုင်းမှာ လက်ထဲ ကင်မရာ မပါလည်း ဖုန်းနဲ့ကတော့ အမြဲရိုက်ဖြစ်နေပါတယ်။ ကျမ ကုမ္ပဏီအလုပ်ကနေ ဒီလို ဓာတ်ပုံရိုက်တဲ့ အပိုင်းကို ပြောင်းလိုက်တော့ ဘယ်လို အခက်အခဲတွေ တွေ့ရလဲဆိုတော့ အခက်အခဲတွေက အများကြီးပဲ။
ကျမ မိဘတွေဆို ကျမကို ဒီဓာတ်ပုံပညာကို လုံးဝအားမပေးဘူး။ လူကြီးတွေဆိုတော့ ကျမကို ကုမ္ပဏီ အလုပ်ပဲ လုပ်စေချင်တယ်။ ဒါပေမယ့် ကျမက တကယ်ဝါသနာပါတာ ဓာတ်ပုံဆိုတာ ကျမကိုယ်ကျမ သိတယ်။ ရှင်းရှင်းပြောရရင် လူ့ဘဝကအရမ်းတိုတယ်။ အဲဒီတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ဝါသနာ တထပ်တည်း ကျအောင် ကျမ ရွေးချယ် လိုက်တာပါ။
လောလောဆယ်တော့ ကျမ ဒီဓာတ်ပုံပညာနဲ့ အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒါပေမယ့် တချိန်ချိန်မှာတော့ ကျမကြိုးစားရင်ကြိုးစားသလောက် ကိုယ်ကြိုးစားတဲ့ အသီးအပွင့်ကိုတော့ ခံစားရမယ်လို့ ယုံကြည်ထားပါတယ်။ နိုင်ငံတကာ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး သွားသင်ဖို့ အစီအစဉ်ရှိလားဆိုတော့ လောလောဆယ်တော့အဲဒီလိုသွားတက်ဖို့ မရှိဘူး။ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း ဆုရလို့ သွားတက်ရမယ်ဆိုရင် သွားတက်ဖြစ်မှာပါ။
ကျမ ဘဝရည်မှန်းချက်စိတ်ကူးကို ပြောပါဆိုရင် နည်းနည်းတော့ ကြီးကျယ်မလား မသိဘူး။ ကျမ ဖြစ်ချင်တာက ဓာတ်ပုံပညာကို ဝါသနာပါတယ်။ ဒီပညာနဲ့ အသက်မွေးမယ်။ ကျမ ချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တကယ်လို့ ကျမ အတိုင်းအတာတခုထိ ဓာတ်ပုံပညာမှာ ခရီးရောက်ခဲ့မယ်၊ နာမည်တခု ရခဲ့မယ်ဆိုရင် ကျမက ကျမဓာတ်ပုံတွေကို ပြပွဲတခုလုပ်မယ်။ ပြန်ရောင်းတာပဲဖြစ်ဖြစ်၊ ပြီးတော့ ရတဲ့ ပိုက်ဆံတွေကို မိဘမဲ့ကလေးတွေ၊ စစ်နဲ့ ပတ်သက်တဲ့ ဒုက္ခသည်စခန်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကျမလှူချင်တယ်၊ အဲဒါ ကျမ ရည်ရွယ်ချက်ပဲ။
ဓာတ်ပုံရိုက်တာအပြင် ကျမ တခြား ဝါသနာပါတာဆိုရင် စာရေးတာနဲ့ ကဗျာရေးတာ ဝါသနာပါတယ်။ ဓာတ်ပုံကလည်း အနုပညာပဲ။စာတွေ၊ ကဗျာတွေက ချရေးတာ၊ ဓာတ်ပုံကလည်း စာတွေ ကဗျာတွေလိုပဲ ပုံကြည့်ပြီး လူတွေကို အများကြီးခံစားမှုပေးနိုင်တယ်။ ကျမကတော့ ဓာတ်ပုံကိုလည်း အနုပညာလို့ပဲ သတ်မှတ်ထားတယ်။
အခုခေတ် လူငယ်တွေကိုဘယ်လိုမြင်မိလဲဆိုရင် လူငယ်တွေ တော်ကြပါတယ်။ တော်ကြတယ်ဆိုပေမယ့် တခါတလေကျရင် တလွဲဆံပင်ကောင်းတာတွေရှိတယ်။ အခုခေတ်ကတော့ ကျမတို့ ငယ်ငယ်တုန်းကထက်စာရင် အများကြီး ပွင့်လင်းလာတယ်။ လေ့လာစရာတွေများတယ်။ နည်းပညာ အသစ်တွေ အများကြီး တိုးတက်လာတော့ နေရာပေါင်းစုံက လေ့လာလို့ရတယ်။
ကြိုးစားနေတဲ့လူငယ်တွေကို တွေ့ရတာ ဝမ်းသာပါတယ်။ လူငယ်တွေကို တိုက်တွန်းချင်တာက ဘာပဲလုပ်လုပ် ကိုယ်လုပ်လိုက်တဲ့အလုပ်က ကိုယ့်နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုစေချင်ပါတယ်။
သီဟတိုး
0 comments :
Post a Comment