ပြည်တွင်းမှာ လူကြိုက်အများဆုံး Mazda ရဲ့ မော်ဒယ် Demio

Thursday, August 6, 2015


photo- www.autotrends.com

ကျနော်တို့ ပြည်တွင်းဈေးကွက်မှာMazda ဆိုတာက Hilux မော်ဒယ်မျိုးတွေနဲ့ လူသိများတဲ့ Brand တခု ဖြစ် ပြီးတော့ အဆိုပါ ၁၉၉၀ ပြည့်လွန်နှစ်တွေလောက်က ခေတ်စားခဲ့တဲ့ အဆိုပါ မော်ဒယ်တွေက နောက်ပိုင်းမှာ လူသိနည်းသွားသလို Mazda မော်ဒယ်တွေလည်း ပြည်တွင်းမှာ လူသိတော်တော်ကို ပြန်နည်းသွားခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်း မော်တော်ကားတွေ ပြန်လည်တင်သွင်းခွင့်ပြုလာချိန်မှာတော့ ဂျပန်နိုင်ငံကနေ Used မော်ဒယ်တွေကို တင်သွင်းခွင့်များတာကြောင့် ဂျပန်အခြေစိုက် Mazda ရဲ့ မော်ဒယ်တွေလည်း ပြည်တွင်းမှာ ပြန်ပြီး လူကြိုက်များလာတာ တွေ့နိုင်ပါတယ်။ အဲဒီမော်ဒယ်တွေထဲကမှ Demio ဆိုတာလူကြိုက်အများဆုံး ဖြစ်ပြီးတော့ ဈေးနှုန်းချိုသာမှု၊ ဒီဇီုင်းပိုင်း ဆွဲဆောင်မှု ကောင်းမှုနဲ့အတူ နောက်ဆုံးဆီစားသက်သာခြင်း၊ အရည်အသွေးသင့်ခြင်းတွေကြောင့် ဈေးကွက်မှာ နေရာရတာ တွေ့နိုင်ပါတယ်။ ကောင်းပါပြီ၊  ကျနော်တို့ အခု Demio အနေနဲ့ ဘယ်လောက်ထိအောင် ဖြတ်သန်းခဲ့ပြီလဲဆိုတဲ့ အကြောင်းလေးတွေကို ဆက် ကြည့်လိုက်ရအောင်ပါနော်။

Mazda2 လို့လည်း ခေါ်တဲ့ Demio ကို ၁၉၉၆ ခုနှစ်ကတည်းက ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး Supermini တန်းဝင် မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာပါ။ ရှေ့ဖက်အင်ဂျင်ထိုင်စနစ်နဲ့ ရှေ့ဘီးယက်စနစ်သုံး မော်ဒယ်တွေကိုပဲ ထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပြီး ရှေ့ထွက် Mazda 121 မော်ဒယ်နဲ့ AutozamRevue မော်ဒယ်တွေရဲ့ တည်ဆောက်မှုနဲ့ ဆင်တူတဲ့ တည်ဆောက်မှုမျိုး နည်းပညာရယူဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စတုတ္ထမျိုးဆက်အနေအထားနဲ့ လေးကြိမ်မြောက် အဆင့်မြှင့်တင် ထုတ်လုပ် ရောင်းချနေတာတွေ့နိုင်ပြီးတော့ မော်ဒယ်ရဲ့ ထုတ်လုပ်သမျှ သမိုင်းကြောင်းထဲမှာ တတိယမျိုးဆက်ကို စတင်ထုတ်လုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ World Car Of The Year ဆုလောက်ထိအောင် ရရှိခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်ထုတ် မော်ဒယ်မှာဆိုရင်လည်း Car Of The Yearဆုကို ရရှိထားတာကြောင့် အခုနောက်ပိုင်းထုတ် မော်ဒယ်တွေက အရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာမှုနဲ့ အတူ ယုံကြည်စိတ်ချရမှုတွေလည်း မြင့်မား ကောင်းမွန်လာတာ တွေ့နိုင်ပါတယ်။

ပထမမျိုးဆက် (DW)

ပထမမျိုးဆက် အနေနဲ့ကတော့ Mazda 121 လို့လည်း လူသိများပြီး Ford Festiva Mini Wagon အနေနဲ့ပါ လူသိများခဲ့တာလည်း တွေ့ရပါတယ်။ ၁၉၉၆ခုနှစ်ကနေ စတင်ထုတ်လုပ်လာတာ တွေ့နိုင်ပြီးတော့ ၂၀၀၂ ခုနှစ်ထိအောင် ထုတ်လုပ်ရောင်းချခဲ့တာ တွေ့နိုင်သလို ဂျပန်နိုင်ငံ၊ စပိန်နိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ စတင် တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီးတော့ တံခါးငါးပေါက်စနစ် Hatchback တန်းဝင် မော်ဒယ်အနေနဲ့ ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ Mazda DW Platform ကိုအသုံးပြု ဖန်တီးထားတာ ဖြစ်ပြီး ရှေ့ဖက်အင်ဂျင် အထိုင်စနစ်နဲ့ ရှေ့ဘီးယက်ပုံစံပါ။ Ford Fiesta မော်ဒယ်နဲ့ ဖန်တီးတည်ဆောက်ပုံချင်း ဆင်တူပြီးတော့ နည်းပညာချင်း ပူးပေါင်းဖန်တီးထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။ အင်ဂျင်စနစ် ရွေးချယ်နိုင်မှုအပိုင်းမှာ အင်ဂျင်အရွယ်အစားနှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်အောင် ထုတ်လုပ်ထားတာ တွေ့နိုင်ပြီးတော့ ၁.၃ လီတာသုံးနဲ့ ၁.၅ လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်တွေနဲ့ပဲ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ဂျပန်ပြည်တွင်း အနေအထားမှာတော့ 121 မော်ဒယ် အနေနဲ့ထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပြီးတော့ ဂျပန်ကနေ ပြည်ပကိုတင်ပို့ရောင်းချမယ့် မော်ဒယ်အနေနဲ့ကတော့ Demio အနေနဲ့ရောင်းချခဲ့တာပါ။ ၁၉၉၆ ခုနှစ် ဇူလိုင်မှာ စတင်ရောင်းချလာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ Mazda က လက်ရှိအချိန်မှာ အသုံးပြုနေတဲ့ Logo ကိုပြောင်းလဲတပ်ဆင် အသုံးပြုထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ ၁၉၉၉ ခုနှစ်အတွင်းမှာ ပထမမျိုးဆက်ကိုပဲ အဆင့်မြှင့်တင်ထုတ်လုပ်သေးတာ တွေ့နိုင်ပေမယ့် အတွင်းခန်း၊ ကိုယ်ထည်ပိုင်းမာကျောမှုနဲ့ Auto စနစ်တွေကို အနည်းငယ် ပြင်ဆင်ခဲ့တာဖြစ်ပြီး တစ်စီးလုံးအတိုင်းအတာမှာ အားနည်းတာကြောင့် မျိုးဆက် ပြောင်းလဲမှု လောက်ထိအောင်တော့ မဟုတ်ခဲ့ပါဘူး။

ဒုတိယမျိုးဆက် (DY)

Mazda 2 လို့လည်း လူသိများနေဆဲဖြစ်တဲ့ မော်ဒယ်ကို ၂၀၀၂ ခုနှစ်မှာ မျိုးဆက်ပြောင်းလဲ ထုတ်လုပ်လာခဲ့တာ တွေ့နိုင်ပြီး ၂၀၀၇ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တာပါ။ ဂျပန်နိုင်ငံနဲ့ စပိန်နိုင်ငံ အနေအထားလောက်မှာပဲ ထုတ်လုပ်တော့ပြီး ကိုလံဘီယာမှာတပ်ဆင်မှုကို ရပ်နားခဲ့တာတွေ့ရသလို စပိန်က တပ်ဆင်စက်ရုံကလည်း တွဲဖက် Ford ရဲ့ စက်ရုံမှာ ထုတ်လုပ်ခဲ့တာပါ။ ထုတ်လုပ်မှု ဒီဇိုင်းဟောင်း အနေအထားနဲ့ပဲ ဆက်လက် ထုတ်လုပ်လာတာ တွေ့နိုင်ပြီး Hatchback ဆန်ဆန်၊ စစ်စစ် အနေအထားနဲ့ ဖြစ်တာကြောင့် ဒီဇိုင်းပိုင်း ရိုးပါသေးတယ်။ ဒါပေမယ့် အခုမော်ဒယ်မှာ တခုထူးခြားလာတာ တစ်ချက်ကတော့ ရှေ့ဘီးယက်စနစ်နဲ့တင် မဟုတ်တော့ဘဲ လေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်လာတာတွေ့နိုင်ပါတယ်။

Ford Fiesta နဲ့ Fusion မော်ဒယ်တွေနဲ့ ဖန်တီးမှုခြင်း နီးစပ်ကောင်းမွန်လာတာ တွေ့နိုင်ပြီး အင်ဂျင်စနစ် အပိုင်းမှာ ရွေးချယ်မှု တော်တော်များများရရှိအောင် ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။ ၁.၃ လီတာသုံး၊ ၁.၅ လီတာသုံး၊ ၁.၂၅ လီတာသုံး၊ ၁.၄ လီတာသုံး၊ ၁.၆ လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်တွေနဲ့ ထုတ်လုပ်လာသလို ၁.၄ လီတာသုံး ဒီဇယ် အင်ဂျင်စနစ်ကိုလည်း ထုတ်လုပ်ထားတာကြောင့် ရွေးချယ်နိုင်မှု အပိုင်းမှာ    မော်ဒယ်ဟောင်းတွေထက် လူကြိုက်များလာတာ တွေ့ရပါတယ်။ Transmission ပိုင်းမှာက ၅ ချက် Manual စနစ်နဲ့ ၄ချက် Auto စနစ်တွေကို ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ဂျပန်ပြည်တွင်း ဈေးကွက်မှာတင် ရောင်းအားအကောင်းဆုံးအဆင့် ၇ နေရာထိအောင် ရောက်ရှိ အောင်မြင်လာတာလည်း တွေ့နိုင်ပါတယ်။

တတိယမျိုးဆက် (DE)

အခုမော်ဒယ်မှာတော့ Mazda 2 တင် မဟုတ်တော့ပဲ Mazda 2 Jinxiangမော်ဒယ် အနေနဲ့ပါ လူသိများလာခဲ့ပါတယ်။ ၂၀၀၇ခုနှစ်မေလမှာစတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် မော်ဒယ်နှစ်ကတော့ ၂၀၀၈ခုနှစ် အနေနဲ့ ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်ထိအောင် မျိုးဆက်ကို ထုတ်လုပ်ခဲ့ပြီး အခုနှစ်မော်ဒယ်ကတော့ Demio ရဲ့ စတုတ္ထမြောက် မျိုးဆက်သစ်ခြေလှမ်းဖြစ်ပါတယ်။ လူကြိုက်များပြီး ဈေးကွက်အောင်မြင်လာတဲ့ Demio အနေနဲ့ တတိယမျိုးဆက်မှာတော့ ဂျပန်မှာတင် မဟုတ်တော့ပဲ တရုတ်၊ ထိုင်း၊ ကိုလံဘီယာ၊ အီရန်နဲ့ ဗီယက်နမ်တွေမှာပါ မော်ဒယ်တွေကို ထုတ်လုပ်လာတာ တွေ့နိုင်သလို တံခါးလေးပေါက်  စနစ် ဆီဒင် အနေနဲ့ပါ တွဲဖက် စမ်းသပ်ထုတ်လုပ်လာတာကို တွေ့လာရပါတယ်။

လေးဘီးယက် စနစ်နဲ့ မော်ဒယ်တွေ ထုတ်လုပ်မှုကိ လျော့ချလိုက်ပြီးတော့ ရှေ့ဘီးယက်စနစ် တခုတည်းကိုပဲ ထုတ်လုပ်လာခဲ့သလို Mazda DE Platform အနေနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ အင်ဂျင်ပိုင်းမှာက ၁.၃ လီတာသုံး၊ ၁.၅ လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်နဲ့ ၁.၄ လီတာသုံး၊ ၁.၆ လီတာသုံး ဒီဇယ် အင်ဂျင်စနစ် တွေကိုပဲထုတ်လုပ်တော့တာ တွေ့နိုင်ပြီး ၄ ချက် Auto နဲ့ ၅ ချက် Manual တွေအပြင် နောက်ပိုင်းမှာ လူကြိုက်များလာနေတဲ့ CVT စနစ်နဲ့ပါ တွေ့လာရပါတယ်။ ၂၀၀၇ ခုနှစ် ဂျနီဗာမော်တော်ကား  ပြပွဲမှာ မျိုးဆက်သစ်ကို စတင်မိတ်ဆက်ခဲ့ပြီးတော့ ဒီဇိုင်နာ IkuoMaeda က ရေးဆွဲထုတ်လုပ်လာခဲ့ပေးတာ ဖြစ်သလို တတိယမျိုးဆက်ကနေ စတင်ပြီး မော်ဒယ်ကို အထူးလူကြိုက်များလာတာလည်း တွေ့နိုင်ပါတယ်။

စတုတ္ထမျိုးဆက် (DJ)

နောက်ဆုံးမျိုးဆက်ကတော့ ပြီးခဲ့တဲ့နှစ်ကမှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိပြည်တွင်းမှာတော့ နောက်ဆုံး မျိုးဆက်က အစီးရေ နည်းနည်းပဲရှိပါတယ်။ အမေရိကန်မှာ Scion iA မော်ဒယ်အမည်နဲ့ ရောင်းချလာသလို ကနေဒါမှာတော့ Toyota Yaris မော်ဒယ်အနေနဲ့ ရောင်းချမှာလည်း ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်  နှစ်မျိုးလုံးက ဆီဒင်တွေအနေနဲ့ ဖြစ်ပြီးတော့ ဂျပန်၊ ထိုင်းနဲ့ မက္ကဆီကိုတွေမှာ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ Hatchback အနေနဲ့ရော ဆီဒင်အနေနဲ့ပါ တွေ့လာရတဲ့ Demio အနေနဲ့ နာမည်သစ်တွေလည်း ရရှိလာတာဖြစ်သလို Mazda3 နဲ့ Mazda CX-3 မော်ဒယ်တွေနဲ့ နည်းပညာချင်းနီးစပ်တာ တွေ့လာရပါတယ်။ ၁.၅ လီတာသုံး ဒီဇယ် အင်ဂျင်တခုတည်း တွေ့ရပြီး ဓါတ်ဆီအင်ဂျင်အပိုင်းမှာတော့ ၁.၃ လီတာသုံးနဲ့ ၁.၅ လီတာသုံး တွေ့ရပါတယ်။ ၆ ချက် Auto နဲ့ Manual စနစ်တွေနဲ့ လာသလို CVT စနစ် ပြုတ်သွားပါတယ်။

ဒီလောက်ဆိုရင်တော့ မော်ဒယ်က မျိုးဆက်ကို အသစ်အနေနဲ့ ဖန်တီးနေတာကြောင့် နောက်ဆုံး မော်ဒယ်ကို ထူးထူးထွေထွေ ပြောစရာမရှိသေးပေမယ့် ဈေးကွက်မှာတော့ နေရာတော်တော်လေး ရနေတာ တွေ့ရပါတယ်။ အထူးသဖြင့် မော်ဒယ်က ဥရောပဈေးကွက်မှာပါ အခြေအနေကောင်းနေပြီး ကျနော်တို့ ပြည်တွင်း  ဈေးကွက်မှာလည်း ဆက်လက် လူကြိုက်များနေဦးမယ့် အနေအထားဖြစ်ပါတယ်နော်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved