နိုင်ငံတကာအဆင့်မီ Move အားကစားစင်တာ ရန်ကုန်တွင်ဖွင့်မည်

Friday, August 14, 2015


ဓာတ်ပုံများ - သီဟတိုး/ The Irrawaddy

နိုင်ငံတကာအဆင့်မီ ကိုယ်ကာယနဲ့ ကျန်းမာရေး အထောက်အကူ ဝန်ဆောင်မှုတွေကိုပေးမယ့် MOVE အားကစားစင်တာ အသစ်ကို ရန်ကုန်မြို့လယ်၊ အမှတ် (၆၀၈)၊ ကုန်သည်လမ်းနဲ့ ၃၁ လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်မှာ မကြာခင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်းမှာ စတင် ဖွင့်လှစ်သွားမယ့် MOVE အားကစားစင်တာရဲ့Brand Ambassador   အဖြစ် ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချမ်းရဲ့ ဇနီး မော်ဒယ်လ် ချီလီကို ခန့်အပ်မိတ်ဆက်လိုက်ပါတယ်။ အဲဒီ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ဆူးလေ- ရှန်ဂရီလာ ဟိုတယ်မှာ သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတာပါ။

“ကျမ အိမ်ထောင်ကျပြီး သားလေးတယောက်မွေးတယ်။ သားလေး မွေးပြီးတဲ့နောက်မှာ အရင်လို ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာကို ပြန်ရချင်တယ်၊ ပြီးတော့ သားလေးအတွက် ကျန်းမာအောင် နေထိုင်နည်း၊ စားသောက်နည်းတွေကို နမူနာရှေ့ဆောင်ပေးနိုင်သူ ဖြစ်ချင်ခဲ့တယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီးတော့ မိသားစုနဲ့ အတူတူ ပျော်စရာအချိန်လေးတွေလည်း ဖန်တီးဖို့ ကျမ အမျိုးသား ကိုရန်ရန်ချန်းနဲ့အတူ ပုံမှန်   အမြဲ အားကစားလေ့ကျင့်ခန်းတွေ လုပ်ဖြစ်ပါတယ်" လို့ MOVE Myanmar ရဲ့ Brand Ambassador       မော်ဒယ်လ် ချီလီက ပြောပါတယ်။

MOVE အားကစားစင်တာက ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်လိုသူတွေအတွက် နည်းစနစ်ကျတဲ့ အစီအစဉ်တွေ၊ အဖွဲ့လိုက် ကျန်းမာရေး လေ့ကျင့်ခန်းသင်တန်းတွေ၊ တဦးချင်း နည်းပြနဲ့ သင်ကြားမှုတွေနဲ့အတူ အားကစားစင်တာမှာလည်း ထူးခြား ကောင်းမွန်တဲ့ ကျန်းမာရေး အထောက်အကူပြု ကိရိယာတွေ ပံ့ပိုးပေးထားပြီး ကျန်းမာရေးလိုက်စားချင်တဲ့ မြန်မာနိုင်ငံသား တွေနဲ့ နိုင်ငံခြားသားတွေအတွက် အဆင်ပြေစေဖို့    ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

 “ကျနော်တို့ MOVE အားကစားစင်တာရဲ့ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုတွေက လူတိုင်းအတွက်ရည်ရွယ်ပါတယ်။ နောက်ထပ် အဆင့်တခုတက်ဖို့အတွက် လေ့ကျင့်ချင်တဲ့ အားကစားသမားတွေနဲ့ အားကစားခန်းမကို အချိန်အကြာကြီး မသွားဖြစ်ခဲ့ဘဲ အခုမှ ကိုယ်ခန္ဓာပြန်လည် ပုံကျချင်တဲ့သူတွေကို MOVE က လက်ကမ်းကြိုဆိုနေပါတယ်။ ဘယ်လို လှုံ့ဆော်မှုကြောင့် လာကစားတာဖြစ်ဖြစ် ကျနော်နဲ့ ကျနော့်ဝန်ထမ်းတွေက အသင်းဝင်လာသူ အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနေမှာပါ။ သူတို့အတွက် အဆင်အပြေဆုံး အားကစားလေ့ကျင့်ခန်းတွေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်” လို့ MOVE ရဲ့ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Nathaniel Anumba က ပြောပါတယ်။


မစ္စတာ Anumba က မြန်မာ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ နိုင်ငံတကာအဆင့်မီ အားကစားလေ့ကျင့်ခန်းမတွေကို အောင်မြင်စွာ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သူဖြစ်ပြီးတော့ သူက Weight-Loss နဲ့ Kettlebell   လေ့ကျင့်ခြင်းတွေမှာ နိုင်ငံတကာအသိမှတ်ပြုလက်မှတ်ရရှိထားပြီး ဘက်စကတ်ဘော၊ ကိုယ်ခံပညာနဲ့    လက်ဝှေ့ပညာတွေမှာလည်း အတွေ့အကြုံရှိတယ်လို့ သိရပါတယ်။

MOVE အားကစားစင်တာမှာ အီတလီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Techno Gym စက်ကိရိယာတွေ  အပြင် လူတဦးချင်းစီအတွက် ကိုယ်ကာယ ကြံ့ခိုင်ရေးမှတ်တမ်းတွေကို အသင်း စဝင်တဲ့အချိန်ကစပြီး ပြု လုပ်ပေးမှာဖြစ်ပြီးတော့ အသင်းဝင်တဦးချင်းစီရဲ့ရည်မှန်းထားတဲ့ ကျန်းမာရေးနဲ့ ကိုယ်ကာယ စံနှုန်းတွေပြည့်မီအောင် သီးသန့်သင်တန်း အစီအစဉ်တွေ ရေးဆွဲပေးသွားမှာလို့လည်း သိရပါတယ်။

သင်တန်းမှာ Boot Camp, BODYPUMP™, Dance Fitness, Power Abs, Total Body Conditioning နဲ့ ယောဂ စတဲ့ လေ့ကျင့်ခန်းအမျိုးအစား ပေါင်းစုံပါဝင်ပါတယ်။ အသင်းဝင်တွေအနေနဲ့ ကြိုက်နှစ်သက်ရာ     လေ့ကျင့်ခန်းတွေကို ကစားနိုင်ပြီး MOVE ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုက Professional အားကစားသမားတွေ အသုံးပြုတဲ့ အားကစားပစ္စည်း၊ ကိရိယာ Facilities တွေကို အသင်းဝင်တိုင်း ဘယ်သူမဆို အသုံးပြု        ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

MOVE Fitness + Wellness စင်တာရဲ့ဈေးနှုန်းက လစဉ်ကြေး ၅၉ ဒေါ်လာကနေ ၈၉ ဒေါ်လာ ကြား     ကျသင့်မှာဖြစ်ပြီး သင်တန်းချိန်အနေနဲ့ တနင်္လာကနေ သောကြာနေ့ အထိ မနက် ၆ နာရီမှ ည ၁၀ နာရီထိ၊  စနေနဲ့ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ မနက် ၈ နာရီကနေ ည ၈ နာရီထိ ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved