ရေပေါ်ဟိုတယ်ပေါ်က ဂန္ထဝင်မြောက်တဲ့ Pirate စားသောက်ဆိုင်

Tuesday, August 4, 2015


ဓာတ်ပုံများ - Steve/The Irrawaddy

အုံ့မှိုင်းနေတဲ့ ကောင်ကင်ကြီးအောက်က ကတ္တရာလမ်းမ မည်းမည်းကြီးပေါ်ကို မိုးစက်တွေ တဖျောက်ဖျောက် ကျနေတဲ့ ဇူလိုင် နေ့လယ်ခင်းတခုရဲ့ တိတ်ဆိတ်မှုက ရန်ကုန်မြို့ကြီးနဲ့ ဘာမှ မပတ်သက်သလို သီးသန့်ဆန်နေပါတယ်။ လမ်းမကြီးရဲ့ တဘက်ခြမ်းမှာတော့ စီထပ်ထားတဲ့ ရောင်စုံ ကွန်တိန်နာတွေ၊ တဘက်ကတော့ ဇိမ်ခံသင်္ဘောဖြူကြီး ဆိုက်ကပ် ထားတဲ့ ဗိုလ်တစ်ထောင် ဆိပ်ခံဘောတံတား။

ကျမတို့ ဦးတည် သွားနေတာကတော့ ဇိမ်ခံသင်္ဘောဖြူကြီးကို ပုံပြောင်းထားပြီး ရေပေါ်ဟိုတယ်လို့ အလွယ်ခေါ်နိုင်တဲ့VINTAGE LUXURY YACHT HOTEL ပေါ်က Pirate စားသောက်ဆိုင်ဆီကိုပဲ ဖြစ်ပါတယ်။ ဆိပ်ခံဘောတံတားပေါ် တက်လိုက်ရင်ပဲ တိတ်ဆိတ်မှုနဲ့အတူ ရှေးဆန် အဆင့်မြင့်တဲ့ အပြင်အဆင်တွေက စတင်ဆီးကြိုနေပါပြီ။ သင်္ဘောဟိုတယ်ကြီးရဲ့ ၅ ထပ်မြောက်မှာရှိတဲ့ စားသောက်ဆိုင်ကို ဓာတ်လှေကားက တဆင့်တက်သွားတဲ့ အခါမှာ မြင်ရတဲ့ အပြင်အဆင်တွေက ကမ္ဘာကျော် Titanic ရုပ်ရှင်ထဲက မြင်ကွင်းတချို့ကို သတိရသွားစေပါတယ်။ ပရိဘောဂ အပြင်အဆင်တွေ အားလုံးအတွက် သုံးထားတဲ့ အရောင်တွေက ခပ်တောက်တောက်တွေ မပါဘဲ မှိုင်းရင့်ရင့်တွေသာ ဖြစ်တဲ့အတွက် ဂန္ထဝင်ဆန်နေပါတယ်။

“Yacht ဟိုတယ်ကို ကြွခဲ့ပါ၊ သူက သင့်ကို ၁၉၂၀ ပြည့်နှစ်ဆီ စက္ကန့် ၃၀ လောက် ခေါ်သွားပါလိမ့်မယ်၊      ပြီးတော့ သင့်ကိုယ်သင် ရှင်ဘုရင် တပါးလို့ ယူဆလိုက်ပါ” လို့ စားသောက်ဆိုင် မီနူးစာအုပ်မှာ ရေးထားတာနဲ့ ခံစားမိတာ သိပ်မကွာဘူးလို့ မှတ်ချက်ချမိပါတယ်။


စားသောက်ခန်းမထဲမှာ ခင်းထားတဲ့ မွေးပွကော်ဇောကြီးတွေကို အညိုရောင် ကျွန်းကွက်ပါကေးပုံ ဖော်ထားတာ တွေ့ရပါတယ်။ ခင်းထားတဲ့ ကော်ဇောတွေ၊ သုံးထားတဲ့ စားပွဲ၊ ကုလားထိုင် စတဲ့ ပရိဘောဂတွေ အားလုံးဟာ ဂျာမနီနိုင်ငံ အပါအဝင် ဥရောပ နိုင်ငံတွေက မှာယူထားတာလို့ သိရတယ်။ စားသောက်ခန်းမထဲမှာ ထုံးစံအတိုင်း သောက်စရာ စုံစုံလင်လင် ရနိုင်တဲ့ ဘားတခုရှိပြီး အဲဒီဘားမှာ ထားတဲ့ ကော်ဖီစက်ကလည်း အစိမ်းပုတ်နဲ့ အညိုရောထားတဲ့ ရှေးဆန်ဆန် ပုံစံဖြစ်နေတာ တွေ့ရပြန်တယ်။ မြန်မာစည်ဘီယာ ရနိုင်တဲ့ ဘီယာ Tab ကလည်း တခြားဆိုင်တွေလို စတီးလ်တိုင်နဲ့မဟုတ်ဘဲ သစ်သားစည် သေးသေးလေးနဲ့မို့ အမြင်ဆန်းနေပါတယ်။ ဘားနာမည်ကတော့ ရော်ဘင်ဆန်ခရူးဆိုးလို့ အမည်ရပါတယ်။ ဘားမှာရှိတဲ့ သောက်စရာ အားလုံးကို နေ့စဉ် ၃၀ ရာခိုင်နှုန်း Discount ပေးထားတယ်လို့ သိရပါတယ်။

စားသုံးသူတွေကို ချပေးတဲ့ ဖန်ခွက်ကအစ အတွင်းမှာ ငါးမန်းခေါင်းပိုင်းပုံ ဖန်တုံးနဲ့ဆိုတော့ ဘယ်နေရာကြည့်ကြည့် ကုန်းပေါ်ဆိုတဲ့ ခံစားချက်မဟုတ်ဘဲ ရေထဲရောက်နေတယ်ဆိုတဲ့ ခံစားမှုကို ပေးထားတာလို့ YACHT ဟိုတယ်ရဲ့ အော်ပရေးရှင်း မန်နေဂျာ Bhupender Arure က ဆိုပါတယ်။
ပြင်ပက ရန်ကုန်မြစ်ရဲ့ မှိုင်းညို့ညို့ ရှုခင်းကို ခံစားကြည့်ရှုနိုင်ပြီး သင်္ဘောတစီးပေါ် ရောက်နေသလိုရသကို ခံစားနိုင်တဲ့ စားသောက် ခန်းမထဲမှာတော့ ဥရောပ ဂန္ထဝင်တေးသွား တိုးတိုးက ပျံ့လွင့်လို့နေပါတယ်။ မိုးမရွာတဲ့ အချိန်တွေ ဆိုရင်တော့ ရန်ကုန်မြစ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ လေဟာပြင် ဝရန်တာက စားပွဲကို ရွေးမိမှာပါ။ ဒါပေမယ့် မိုးတဖျောက်ဖျောက် ကျနေတော့ အတွင်းက စားပွဲတခုမှာပဲ ထိုင်ဖြစ်ကြတယ်။ ကာထားတဲ့ မှန်ချပ်တွေပေါ် စီးကျနေတဲ့ မိုးရေစက်တွေကို ငေးရင်း ဥရောပတေးသွား ငြိမ့်ငြိမ့်ကို နားဆင်ရတာကိုက ဆူညံပွက်လောရိုက်နေတဲ့ မြို့ပြကို ခဏတော့ မေ့သွားစေတာ အမှန်ပါပဲ။

စားသောက်ဆိုင်ရဲ့ မီနူးထဲမှာ ဥရောပစာ၊ အိန္ဒိယစာ၊ ဒေသတွင်း အရှေ့တောင်အာရှ အစားအစာ စတဲ့ စားသောက်ဖွယ် အမျိုးပေါင်း ၁၄၀ ကျော် ပါရှိပေမယ့် အန္ဒိယစာနဲ့ ဥရောပ အစားအစာတွေကို အမှာအများဆုံးလို့ အော်ပရေးရှင်း မန်နေဂျာက ဆိုပါတယ်။ အဲဒီအထဲကမှ European Sat နဲ့ Indian Set (တစုံကို ၁၉ ဒေါ်လာ) ကို အမှာအများဆုံးလို့ သိရပါတယ်။ Set လိုက် မမှာချင်ရင်လည်း ကိုယ်နှစ်သက်ရာ ဟင်းပွဲတမျိုးစီ (၅ ဒေါ်လာကနေ ၁၂ ဒေါ်လာ) မှာယူ သုံးဆောင်နိုင်ပါတယ်။ ကျမတို့ အဖွဲ့ကတော့ ၁၉ ဒေါ်လာတန် ဥရောပ Set နဲ့ ကြက်သားဒန်ပေါက် (၁၂ ဒေါ်လာ) ကို မှာလိုက်ပါတယ်။

ဥရောပ Set ကတော့ ထုံးစံအတိုင်း တပွဲချင်းစီချပေးတာပါ။ စစချင်း Fish Finger လို့ခေါ်တဲ့ ငါးအသားချောင်းကြော်နဲ့ Tar Tar Sauce ၊ ပြီးတော့ ကြက်သားနဲ့ အသီးအရွက်စုံ သုပ်ထားတဲ့ Chicken Caesar Salad ၊ Seafood Chowder Soup ၊ အဓိက ဟင်းလျာအနေနဲ့ Grill လုပ်ထားတဲ့ ကြက်ရင်ပုံသားနဲ့ Black Pepper Sauce တို့ကို တမျိုးချင်း ချပေးပါတယ်။ ပြီးတဲ့အခါမှာ အချိုပွဲအနေနဲ့ သစ်သီးစုံလည်း ပါပါတယ်။ ဘယ်လိုဟင်းပွဲမှာမှာ ပေါင်မုန့်လုံးလေးတွေနဲ့ ထောပတ်ကတော့ အခမဲ့ ပေးတယ်လို့ သိရပါတယ်။ ဟင်းပွဲအားလုံး ဥရောပစတိုင်အတိုင်း မြန်မာပါးစပ်နဲ့ဆိုရင် အနည်းငယ် ပေါ့နေတယ်လို့ ထင်ရပေမယ့် အဓိက ဟင်းလျာဖြစ်တဲ့ ကြက်ရင်ပုံသားကင်နဲ့ ငါးအသားချောင်းကြော် ကတော့ အရသာ တွေ့ပါတယ်။ Soup ကတော့ အီလွန်းတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် သံလွင်သီးလေးတွေပါ ထည့်သုပ်ထားတဲ့ ကြက်သားနဲ့ ဟင်းရွက်စုံ သုပ်ကတော့ အအီကိုပြေစေပါတယ်။

ကြက်သားဒန်ပေါက်ကို မြည်းကြည့်တော့ အရသာ တမူထူးနေတာ ခံစားမိပါတယ်။ ဒန်ပေါက်ဆန် စစ်စစ်နဲ့ ချက်ထားပြီး ၁၂ ဒေါ်လာတန် ပွဲတပွဲကို သာမန်လူ သုံးယောက်လောက် စားနိုင်အောင် လောက်ငပါတယ်။ ထူးခြားတာကတော့ ပုံမှန်စားနေကျ ဒန်ပေါက်တွေလို ဆီတွေ၊ ဟင်းအနှစ်တွေ များမနေတာရယ်၊ ဟင်းခတ်အမွှေးအကြိုင်နံ့ မပြင်းလွန်းတာရယ် ဖြစ်ပါတယ်။ ရောထည့်ဖောက်ထားတဲ့ ကြက်သားကလည်း အရိုးလုံးဝမပါဘဲ နူးညံ့ပြီး အရသာ ရှိလှပါတယ်။ဒန်ပေါက်နဲ့ တွဲဖက်စားဖို့ အချဉ်ကတော့ ဒိန်ချဉ်နဲ့လုပ်ထားတဲ့ Sauce ကို ကြက်သွန်နီ၊ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက် စိမ်းတွေနဲ့ ရောမွှေလိုက်ရတာပါ။ အဲဒီအချဉ်ရဲ့ အရသာကလည်း ချိုချိုချဉ်ချဉ်နဲ့ အအီပြေစေပါတယ်။ အစားအသောက်တွေ စားပြီး ရန်ကုန်မြစ်ရှုခင်းကို      စိတ်ကြည်ကြည်လင်လင်နဲ့ ဆက်လက် ခံစားချင်သေးတယ် ဆိုရင်တော့ ကော်ဖီတခွက်လောက် မှာသောက်သင့်ပါတယ်။ ဘယ်လိုကော်ဖီ အမျိုးအစားပဲ ဖြစ်ဖြစ် ၅ ဒေါ်လာဖြစ်ပါတယ်။



စားသောက်ဆိုင် မီးဖိုချောင်ရဲ့ သန့်ရှင်း သပ်ရပ်မှုနဲ့ စားဖိုမှူးတွေရဲ့ ကျွမ်းကျင်မှုကလည်း စံပြအဆင့်မှာ ရှိပါတယ်။ အိန္ဒိယ စားဖိုမှူးတဦး၊ ဥရောပ စားဖိုမှူး တဦးရှိပြီး သူတို့တွေကို နိုင်ငံတကာ ဟိုတယ်ကြီးတွေက ခေါ်ယူထားတာ ဖြစ်ပါတယ်။ အကူစားဖိုမှူးတွေက မြန်မာနိုင်ငံ သားတွေပါ။

ဟင်းပွဲတွေကို လတ်လတ်ဆတ်ဆတ် ချက်ချင်း ချက်ပြုတ် ပြင်ဆင်ပေးတာ ဖြစ်တဲ့အတွက် လာစားမှ မှာမယ်ဆိုရင်တော့ အချိန်အနည်းငယ် စောင့်ရမှာပါ။ ဒါပေမယ့်လည်း စောင့်ရတာနဲ့ တန်အောင် သင်္ဘောကြီးပေါ် လှည့်ပတ် ကြည့်ရှုရင်း ဒါမှမဟုတ် ဥရောပ တေးသွားကို နားဆင်ရင်း တခုခု သောက်လို့ အချိန်ဖြုန်းနိုင်ပါတယ်။ ဟင်းပွဲတွေကို ဖုန်းဆက်ပြီး ကြိုတင်မှာယူထားမယ် ဆိုရင်တော့ စောင့်စရာ မလိုဘူးပေါ့။

YACHT ဟိုတယ်နဲ့ Pirate စားသောက်ဆိုင်ကို မနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း စားသောက်ဆိုင်အတွက် သောကြာနေ့ ညနေတိုင်းမှာ European Music Show အစီအစဉ် ထည့်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ လစဉ် ထူးခြားတဲ့ ဟင်းလျာတွေ၊ ဘူဖေးလို တခြားအစီအစဉ်တွေ ထည့်သွင်းဖို့လည်း ရှိတယ်လို့ အော်ပရေးရှင်း မန်နေဂျာက ရှင်းပြပါတယ်။

ဟိုတယ်မှာ SPA လည်း ရှိနေပြီး ကားအစီးရေ ၃၀၀ ဆန့်တဲ့ ကားပါကင်လည်း ရှိပါတယ်။ စားသောက်ဆိုင် ကတော့ နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

အခုလို မိုးတွင်းမှာ ရန်ကုန်မြို့ပြရဲ့ ဆူညံမှုတွေ ကနေ ခဏလောက် ထွက်ပြေးပြီး တိတ်ဆိတ်အေးချမ်းမှုကို ခံစားချင်တယ်၊ တချိန်တည်းမှာ အစားအသောက် ကောင်းတွေကိုလည်း စားချင်သေးတယ် ဆိုရင်တော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းက YACHT ဟိုတယ်ရဲ့ Pirate စားသောက်ခန်းမကို ညွှန်းဆိုပေးချင်ပါတယ်။

VINTAGE LEXURY YACHT HOTEL (Pirate Restaurant)
ဗိုလ်တစ်ထောင် ဆိပ်ကမ်း၊ ရန်ကုန်
ဆက်သွယ်ရန်ဖုန်း - + ၉၅၉ ၂၅၀၈၄၆၉၇၄


အေးချမ်းမြေ့






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved