မြန်မာနိုင်ငံ ရေဘေး ပြဿနာအပေါ် အမျိုးသမီး အနုပညာရှင်တွေရဲ့ ရင်တွင်းအော်သံ

Tuesday, August 4, 2015


လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ခံစားနေရတဲ့ ရေဘေးသင့် ပြည်သူတွေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး အတိုင်းအတာရှိ ပြည်သူတွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပရဟိတအသင်းအဖွဲ့တွေဟာ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်နိုင်သမျှ ကူညီပေးနိုင်ဖို့ သိုက်သိုက်ဝန်းဝန်း လုပ်ကိုင်ဆောင်ရွက်နေကြပါတော့တယ်။ အနုပညာတတ်နိုင်တဲ့သူက ကိုယ့်အနုပညာကို အရင်းပြုလို့၊ ပစ္စည်း ဥစ္စာ ငွေကြေးတတ်နိုင်သူက အဲ့ဒါတွေကို အရင်းပြုလို့ စသဖြင့် မိမိတို့တတ်နိုင်ရာလေးတွေကို အွန်လိုင်းပေါ်၊ လမ်းတွေပေါ်ကနေ အိမ်တွေပေါ်အထိ လိုက်လံကာ အလှူငွေကောက်ခံမှုတွေ ပြုလုပ်လို့နေကြတာပါ။ ဒီလို ပြည်သူတွေတစည်းတလုံးနဲ့ ဖြစ်ပေါ် လာတဲ့ သဘာဝဘေးအန္တရာယ်အတွက် ခံစားနေကြရသူအပေါင်းကို ၀ိုင်းဝန်း ကူညီဖေးမနေကြပေမယ့် သက်ဆိုင်ရာနိုင်ငံတော် အစိုးရအနေနဲ့ ပြသနာကို ထိရောက်တဲ့ ကူညီဖြေရှင်းပေးမှု၊ သတင်းထုတ်ပြန်မှု၊ နိုင်ငံတကာရဲ့ အကူအညီတွေမတောင်းခံနိုင်သေးတာ စတာတွေကို တိတိကျကျ မမြင်မတွေ့လာရတဲ့အပေါ် ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်နေကြတာတော့အမှန်ပါပဲ။ ဒီ့အပေါ် ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အမျိုးသမီး အနုပညာရှင်တွေ ရင်ထဲက ဘယ်လိုအသံတွေ ထွက်လာမလဲ။ ဘာတွေပြောချင်နေမလဲဆိုတာကို ဧရာဝတီရဲ့ မေးမြန်းချက်အပေါ် သူတို့ပြောဆိုလာတဲ့ အသံတွေ ဖော်ပြပေးလိုက်ပါတယ်။

အဆိုတော် ထွန်းအိန္ဒြာဗိုလ် (ဓာတ်ပုံများ- ဂျေပိုင် / The Irrawaddy)

သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်

ကျမကပြောချင်တာထက် အဲ့ဒါကို အံ့သြပြီးမေးချင်တာပါပဲ။ ဘာတွေများလုပ်နေကြလို့လဲလို့။ လူတွေ ဒီလောက် ဒုက္ခများနေတာ။ ကျမပြောချင်တာတခုက တိုင်းပြည်တခုမှာ အာဏာလည်းရှိတယ်။ ဘဏ္ဍာငွေ တွေလည်းရှိတယ်။ ကယ်ဆယ်ရေးအခြေအနေတွေဆိုတာလည်း အရပ်ဖက်အဖွဲ့အစည်းတွေထက် အများကြီး ပိုသာတယ်။ သေချာ စနစ်တကျ စုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်များလည်းရှိတယ်။ အစိုးရတရပ်အနေနဲ့က ခိုင်းစေစရာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလည်းရှိတယ်။ ခိုင်းစေဖို့ အာဏာလည်း ရှိတယ်။ ကယ်ဆယ်ရေးအထောက်အပံ့တွေလည်းရှိတယ်။ ဟက်စကီး ဘာညာက အစပေါ့။ အဲ့လိုမျိုးက ကူရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်တာပေါ့။ အခုဟာက ပြည်သူတွေ လက်မဲ့ ကနေပြီး ပြည်သူအချင်းချင်းကိုပဲ တနိုင်တပိုင်ကူနေရတယ်ဆိုတော့ ပိုပြီး ကြန့်ကြာတာပေါ့။

ကျမတို့က ဒီလို သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် သူနဲ့ ဆက်စပ်တဲ့ ပြသနာတွေက ရင်ဆိုင်နေရဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုတဲ့ နောက်တော့ တတ်နိုင်သလောက် ၀ိုင်းဝန်းကူကြရုံပါပဲ။ စိတ် မကောင်းတာ တော့ အမှန်ပဲလေ။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အိုးအိမ်၊ စည်းစိမ် အကုန်လုံးက ဒီလိုမျိုး ပျက်ဆီးဆုံရှုံးရတဲ့ သူတွေရော နေရထိုင်ရတာလည်း အရမ်းအခက်အခဲတွေဖြစ်ကြရတယ်။ ကိုယ်ချင်းစာ ပါတယ်။ အားလုံးကို တတ်နိုင်သလောက် လုပ်ပေးဖို့ပဲရှိပါတယ်။ ဖြစ်သွားပြီကိုး။ ဘာတတ်နိုင်မှာလဲ။

ဒါရိုက်တာ အိအိခိုင်

အဲ့ဒါက သဘာဝကြောင့် ခံစားရတဲ့ ဒုက္ခရယ်၊ လူတွေလုပ်လို့ ခံစားရတဲ့ ဒုက္ခရယ် အဲ့လိုမျိုး နှစ်မျိုးစလုံးကို လူထု တွေကလည်း တော်တော်လေးလည်း ဒုက္ခတွေလည်းခံစားခဲ့ရပြီးပါပြီ။ ခံစားလည်း ခံစားနေကြဆဲပဲဖြစ်တယ် လေ။ အဲ့ဒီတော့ ခံစားနေဆဲ အချိန်ကာလရယ် ၈၈ တုန်းကလည်း ကြံ့ကြံ့ခံပြီးတော့ပဲ ကျော်လွှားခဲ့ကြတယ်။ အခုလည်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ပဲ ကျော်လွှားကြပါဦးလို့။ သဘာဝကပေးတဲ့ ဒုက္ခကရှောင်လို့မလွတ်ဘူး ပေါ့။ လူတွေပေးတဲ့ ဒုက္ခကနေ လွတ်အောင်တော့ ပြည်သူတွေက ညီညွတ်ပြီးတော့ ရုန်းထွက်နိုင်ရင် အောင်မြင် မယ်လို့ ယူဆပါတယ်။ ရုန်းထွက်နိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။ ရုန်းထွက်ဖို့လည်း တိုက်တွန်းပါတယ်။

ကျမကနေပြီးတော့ ဒီအခြေအနေကြီးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှမလုပ်ဘူးလို့ ကျမတို့က ဘာမှ သွားပြီးတော့ ဝေဖန်နေလို့လည်းမရဘူး။ ကျမတို့ပြောလို့လည်းမရဘူး။ ဘာလုပ်ရမလဲ။ ကိုယ်လုပ်နိုင်တဲ့ အပိုင်း ပဲ ကိုယ်လုပ်ကြရမှာ။ အခု ပြည်သူတွေ အရမ်းညီညွတ်တယ်။ အရမ်းကို ၀ိုင်းဝန်းကူညီတယ်။ အဲ့လိုပဲ နောက် တခါ လူတွေလုပ်တဲ့ ဒုက္ခကကင်းဝေးအောင် ဒီလိုပဲ လုပ်စေချင်တယ်။ အဲ့ဒါပဲ အဓိကပဲ။ အာဏာပိုင်တွေက ဘာမှမလုပ်လို့ ဘာညာဆိုပြီး ဒါကြီးကို ခေါင်းထဲမှာ ထားလို့မရဘူး။ ကျမတို့က မကြိုက်လို့ မလုပ်လို့ ဘာလို့မလုပ်တာလဲဆိုပြီး သွားအော်လို့မရဘူး။ အဲ့ဒီတော့ သူတို့လည်း သူတို့အပိုင်းသူတို့ လုပ်ကောင်းလုပ် မယ်။ မလုပ်ကောင်းမလုပ်ဘူး။ ကိုယ်တွေအနေနဲ့ကတော့ လူတွေပေးတဲ့ ဒုက္ခကကင်းအောင်လို့ ဒီလိုပဲ ညီ ညွတ်ပြီး လုပ်ကြစေချင်တယ်လို့ ကျမတိုက်တွန်းချင်ပါတယ်။


ဖြူဖြူကျော်သိန်း

အဆိုတော် ဖြူဖြူကျော်သိန်း

ဒီ့အတွက်ကို ဘာပြောရမှန်းတောင်မသိပါဘူး။ ကိုယ်တွေလည်း တတ်နိုင်သလောက်ကို ကူညီတယ်။ ဆော်သြ တယ်။ လုပ်ပေမယ့် ကိုယ်တွေအားလုံးပေါင်းလုပ်တာက တကယ်တမ်းကျတော့ ဘယ်လောက်မှ လုပ်ပေးနိုင် တာ မဟုတ်ဘူးလေ။ အနည်းအကျဉ်းလေးပဲ တထောင့်တနေရာလေးပဲ။ လှူခွင့်ရတယ်၊ ကူခွင့်ရတယ်ဆိုတာ ကုသိုလ်လည်းရတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ဆက်ဖြစ်လာမယ့်ဟာတွေလည်း ရှိသေးတယ်လေ။ လှူလိုက်တာကလည်း ပို့တော့ ပို့ကြတယ်ဆိုပေမယ့် အရမ်းအများကြီး ထိထိရောက်ရောက် သွားနိုင်ကြတာ မဟုတ်ဘူး လေ။ ဘာကြောင့်လည်းဆိုတော့ အခုလက်ရှိ ရှိနေတဲ့ လှေလေးတွေ သမ္ဗာန်လေးတွေနဲ့ သွားရုံနဲ့မှ မရတော့ တာ။ သေချာကို လေ့ကျင့်သင်ကြားထားတဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အစီအစဉ်တွေ လိုလာပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ စသဖြင့်ပေါ့နော်။ ပြီးရင် သယ်ယူပို့ဆောင်ရေးပိုင်းမှာဆိုရင် တချို့နေရာတွေမှာဆိုရင် ရဟတ်ယာဉ်တွေက လွဲလို့ ဘာမှ လုပ်လို့မရတဲ့နေရာတွေ အဲ့ဒီနေရာတွေမှာ ရှိနေတဲ့သူတွေ ဒီအတိုင်း အသေခံလိုက်ရတော့မှာလား။ အဲ့လောက်အထိ နေနေရတဲ့ အနေအထားကျတော့ ကိုယ်လည်းဘယ်လိုပြောရမလဲ။

ပြောလို့မထွက်တော့ပါဘူး။ နောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတော့ ၀မ်းရောဂါဖြစ်တော့မှာ။ ဒီအတိုင်း ကောင်းနေတဲ့ သဘာဝ ဘေးအန္တရာယ် မရှိတဲ့အချိန်မှာတောင်မှ ကျန်းမာရေးစောင့်ရှောက်မှုတွေက ထိထိရောက်ရောက် လုပ်ပေးနိုင်တာမဟုတ်ဘူးလေ။ ဟိုတခေါက် တုန်းကတော့ မြစ်ဝကျွန်းပေါ်မှာသာ ဖြစ်တယ်။ အဲ့တုန်းကတောင် ဒီလောက် ဒုက္ခရောက်တာ။ အခု တနိုင်ငံလုံး နေရာအနှံ့ ဒုက္ခရောက်တာ။ အဲ့တော့ အဲ့လောက်အတိုင်းအတာ လိုအပ်တဲ့ ကျန်းမာရေး အစောင့်အရှောက် ကျတော့ ဘယ်လိုလုပ်သွားလုပ်တော့မလဲ။ ခဏနေရင် ဖြစ်တော့မှာပဲ။ နိမိတ်ဖတ်ပြီးပြောတာမဟုတ်ဘူး။ ဒါက ဆေးပညာအရပြောတာလေ။ အဲ့ဒါတွေအတွက်ကို ဘာ အကာအကွယ်ရှိလဲ။ ဘယ်လို အဖွဲ့တွေ ဖွဲ့ထားပြီးပြီလဲ။ ဘာမှမရှိဘူးလေ။ နိုင်ငံတကာက တကယ် လေ့ကျင့် သင်ကြားပေးထားတဲ့ တကယ့် အဖွဲ့အစည်းတွေနဲ့ လုပ်ရမှာလေ။ ကိုယ်လည်း ဘယ်လိုအားပေးရမှန်းလည်းမသိ ဘူး။ အဲ့ဒီအသိတွေ စဉ်းစားမိတဲ့အချိန်မှာ ကိုယ့်စိတ်ကိုယ်ပဲ ပြန်အားပေးနေရတယ်။

အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကိုယ်ဒီ့ထက် ဘာများထပ်လုပ်ပေးရဦးမှာလဲ။ မလုပ်တတ်တော့ဘူးပေါ့နော်။ ဘာတွေလုပ်ဖို့လိုတာလဲ။ အလုပ်လုပ်ကြပါတော့ပေါ့နော်။ ဘာတွေ ထပ်ပြီး ပေးဆပ်ကြရဦးမှာလဲ ပေါ့။ ဒီနေရာမှာကျတော့ တကယ့် အရည်အချည်းရှိတဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ၀င်ကြရတော့မှာလေ။ ပြည်သူအချင်းချင်းကူတယ်ဆိုတာ ကုသိုလ်ရတာ မှန်ပါတယ်။ အားရဖို့လည်းကောင်းတယ်။ တခုခုဖြစ်ကြပြီ ဆိုရင် သွေးစည်းကြတယ်။ လူကြီးတွေ အကြီးအကဲတွေထဲမှာလည်း သွားကြတယ်ဆိုတာ တွေ့ပါတယ်။ ဒါ သွားနိုင်တဲ့ သွားလို့ရတဲ့ နေရာပဲသွားကြတာလေ။ သွားလို့မရတော့တဲ့ နေရာတွေဆိုတာတွေက တကယ် သွားလို့မရတာမဟုတ်ဘူးလေ။ ကိုယ့်နိုင်ငံရဲ့ကန့်သတ်ချက်တွေကြောင့် သွားလို့မရတာလေ။ လေယာဉ် အစီးရေဆိုရင်လည်း အနည်းအကျဉ်းပဲရှိတယ်၊ ကယ်ဆယ်ရေးအဖွဲ့အစည်းဆိုတာလည်း အနည်းအကျဉ်းပဲ ရှိတယ်။ ဒီ့ထက် ပိုရှိအောင်က နိုင်ငံတကာအကူအညီပဲ ယူလိုက်ပါတော့။ သာမာန်ပြည်သူတွေဆိုရင် အရမ်း သနားဖို့ကောင်းလှပါပြီ။ နှစ်ပေါင်းများစွာ အထပ်ထပ်အခါခါပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသလား လို့များ တောင် အောက်မေ့ရတယ်။ ထပ်ခါ ထပ်ခါ သူတို့ပဲ ခဏခဏ ခံစားနေရရှာတာ။ ဘာတွေများ ထပ်ပေးဆပ်ရ ဦးမှာလဲ။ ဘာထပ်လုပ်ပေးရဦးမှာလဲ။ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ကြပါတော့။ တာဝန်ရှိတဲ့သူတွေဆီမှာ လည်း စဉ်းစားရတဲ့အပိုင်းတွေ ရှိချင်ရှိမှာပေါ့နော်။ တခြားအရေးအရာ နိုင်ငံအရေးအရာ ကိုယ်ကတော့ အဲ့ဒါတွေ နားမလည်ပါဘူး။ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံချင်းကြားမှာထားတဲ့ လျို့ဝှက်ချက်တွေလည်း ကိုယ် နား မလည်ဘူး။ ကိုယ်ကတော့ ပြည်သူလိုပဲ စဉ်းစားတာ။ ဒီ ဒုက္ခကနေ လွတ်စေချင်တယ်။ ကယ်ဆယ်ရေးတွေ မြန်မြန်ဖြစ်စေချင်တယ်။ တခြားမြင့်မားတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ အချည်အနှောင်တွေ မြှုပ်ကွက်တွေ ကိုယ်ဘာမှနားမလည်ဘူး။ တနိုင်ငံနဲ့ တနိုင်ငံကြားတို့ ကမ္ဘာကြီးနဲ့ လက်မှတ်ထိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ် တို့ ကိုယ်ဒါတွေ မသိဘူး။ ကိုယ်သိတာတော့ ပြည်သူတယောက်အနေနဲ့ ပြည်သူတွေကို မသေစေချင်ဘူး။ ထပ်ပြီးတော့ ဒုက္ခမရောက်စေချင်ဘူး။ အဲ့ဒါတွေကို ကယ်တင်လို့ရအောင် လုပ်ပေးနိုင်မှာတွေကိုပဲ ကိုယ်သိတယ်။ အဲ့တော့ လုပ်တတ်တဲ့သူတွေ မြန်မြန်ဆန်ဆန်လုပ်ပေးကြပါလို့ အော်ငိုပြီး ပြောရမှာလား။ ဘယ်လိုလုပ်ရမလဲဆိုတာ မပြောတတ်တော့ပါဘူး။ မေတ္တာရပ်ခံမယ်။ တောင်းပန်မယ်။ လုပ်လို့ရသလောက် လုပ်ပေးနိုင်တာကို လုပ်ပေးကြပါပေါ့။

အဆိုတော် သျှီ

အားပေးစကားဆိုတာကို ဘယ်လိုစပြီးပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီအချိန်မှာ အားပေးစကားက   ပြောလည်း ပါးစပ်က ပြောတဲ့ဟာပဲဖြစ်နေမှာလေ။ တတ်နိုင်သမျှ တကျပ်တတ်နိုင်တဲ့သူက တကျပ်ပေါ့။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အားလုံးဝိုင်းလှူကြဖို့ပါပဲ။ အဓိက စားစရာရယ်၊ အထည်တွေရယ် အခုလောလောဆယ် လှူဖို့လုပ်နေပါတယ်။ အားလုံးက ဒီအချိန်မှာ အားပေးစကားဆိုတာထက် တတ်နိုင်  သလောက် တပိုင်တနိုင် ဘယ်လောက်ပဲ တတ်နိုင်တတ်နိုင် အကူအညီက လိုနေတာပဲလေ။ အားလုံး  ပူးပေါင်းကြပါလို့ပဲ ကျမ ပြောချင်ပါတယ်။

ကျမကတော့ အဲ့ဒါတွေကို မျှော်လည်း မမျှော်လင့်တော့ဘူး။ ဘာမှလည်းမသုံးသပ်ချင်တော့ဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ ကိုယ်နိုင်တာကို လုပ်နေဖို့ပဲ။ လုပ်ပေးသင့်တာကို လုပ်ပေးရမယ်မှန်းသိရဲ့သားနဲ့ လုပ်မပေးဘူးဆို ရင်လည်း ကျမတို့က ပြောနေစရာလည်း ဘာမှတော့ မလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နေဖို့ပါပဲ။ ဒါကြီးကို ထိုင်ပြောနေလို့လည်း ပြီးသွားမှာမှ မဟုတ်တာလေ။ ကိုယ်ထူကိုယ်ထဆိုတာလည်း တကယ်တမ်း ပြောရင် အကျင့်ပါနေပါပြီ။ အဲ့လိုပဲ ကိုယ်ထူကိုယ်ထပဲ ဆက်လုပ်ရမှာပါပဲ။ ဒီအချိန်မှာ ဒါကို            ထောက်ပြနေလို့ လည်း ဘာမှ ရလာမှာမဟုတ်ဘူး။ ဘာမှလည်း ပြောနေစရာမလိုဘူး။ ပြောလည်း မပြောချင်တော့ဘူး။ အားလုံး လည်းသိတယ်လေ။ အားလုံးကလည်း ကိုယ်ထူကိုယ်ထနဲ့ ကိုယ်ဘာသာကိုယ်    ကိုယ်လမ်းကိုယ် သွားရမှာပါပဲ။ ကိုယ်ထူကိုယ်ထနဲ့ ကိုယ်တတ်နိုင်သမျှ ပြည်သူ ပြည်သူချင်း ကူညီတာ အကောင်းဆုံးလို့ပဲ ကျမက ထင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved