ဝေယံလှမော်
အသက် (၁၇) နှစ်
သင်္ချာ အဝေးသင် ပထမနှစ်၊ ရန်ကုန်အရှေပိုင်းတက္ကသိုလ် (တာဝ)
ကျနော်က အခု လက်ရှိမှာ English Speaking သင်တန်းတွေ တက်နေပြီးတော့ ဂျပန်ဘာသာစကား သင်တန်း တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ်တော့ ကျောင်းစာမေးပွဲနီးပြီမို့လို့ ကျောင်းကျူရှင်ကိုပဲ ဦးစားပေးတက်နေပါတယ်။
ကျနော်က ကျောင်းပြီးသွားရင်း သင်္ဘောလိုက်ဖို့ စိတ်ကူးထားပါတယ်။ သင်္ဘောလိုက်မှာမို့လို့ သင်္ဘောသား သင်တန်းတက်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိ အသက်မပြည့်သေးလို့ စောင့်နေရပါတယ်။ သင်္ဘောဘက်မှာက ဦးလေးတွေ၊ အစ်ကိုတွေလည်းရှိတော့ ကျနော် အသက် (၁၈) နှစ်ပြည့်ပြီးသွားရင် လူကြီးတွေက လိုအပ်တာတွေ လိုက်လုပ်ပေးမှာပါ။
ဘာလို့ သင်္ဘော လိုက်ချင်လဲဆိုတော့ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာချင်တာပါ။ ချမ်းသာမှ ကျနော့် မိဘတွေကိုလည်း ဒီထက်ပိုပြီး ကျေးဇူးဆပ်နိုင်မယ်။ ပြီးတော့ ပရဟိတတွေလည်း ပိုလုပ်နိုင်မယ်။ အခုကျနော်တို့က သိပ်မချမ်းသာတော့ ချမ်းသာဖို့က ကျနော့်ရဲ့ ရည်ရွယ်ချက်ပါ။
ငယ်ငယ်က ပုံဆွဲတာဝါသနာပါလို့ ပန်းချီဆရာဖြစ်ချင်တယ်။ အခုလည်းကျနော်ပုံတွေဆွဲဖြစ်ပါတယ်။ ကျနော့်စိတ်ထဲမှာ လေးစားရတဲ့သူတွေ၊ နောက်ပြီး ကျနော်သဘောကျတဲ့ ကာတွန်းပုံလေးတွေ၊ သဘာဝ အလှပုံတွေကို အများဆုံး ဆွဲဖြစ်ပါတယ်။
ကျနော် လေးစားရတဲ့သူတွေထဲက ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲပြီးပါပြီ။ နောက်ထပ် ဗိုလ်ချုပ်အောင်ဆန်းပုံဆွဲဖို့ အစီအစဉ်ရှိပါတယ်။ ပုံက သိပ်အများကြီးတော့ မဆွဲဖြစ်သေးပါဘူး။ ပန်းချီနဲ့ ပတ်သက်ပြီး ကျနော် သင်တန်းတွေတော့ မတက်ဖူးပါဘူး။ အင်တာနက်မှာတော့ ကြုံရင်ကြုံသလို လေ့လာဖြစ်ပါတယ်။
ပုံဆွဲတာကို လက်ရည်တက်လာဖို့ကတော့ ကျနော် အာရုံစိုက်ပါတယ်။ အာရုံစိုက်လေလေ လက်ရည်တက်လေလေပါပဲ။ ပြီးတော့ ပုံတပုံ ဆွဲပြီးတိုင်းမှာ ကျနော်လက်ရည်တက်လာတယ်လို့ ခံစားရတယ်။ ပန်းချီပညာကို သေချာ လေ့လာဖို့ စိတ်ကူးရှိပါတယ်။ သင်တန်းတွေလည်း စုံစမ်းထားပါတယ်။
ကျနော်လေးစားရတဲ့ ပန်းချီဆရာက ကမ္ဘာကျော် ပန်းချီဆရာ “လီယိုနာဒိုဒါဗင်ချီ” ပါ။ ကျနော် အကြိုက်ဆုံးပန်းချီကားက သူစိတ်ကူးနဲ့ ဆွဲသွားတဲ့ “ဟယ်လီကော်ပတာပုံ” ပန်းချီကားပါ။ သူက စိတ်ကူးနဲ့ဆွဲသွားပေမယ့် နောက်လူတွေက အဲဒီပုံကို အတုယူပြီး ဟယ်လီကော်ပတာကို တီထွင်လာကြတယ်။ သူ့စိတ်ကူးက အခုခေတ်ထိ အကျိုးပြုနေတုန်းပါပဲ။
အင်တာနက်သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ အဓိက ကတော့CoC ဂိမ်း ကစားဖြစ်တယ်။ ကျန်တာကတော့ ကျောင်းက ဆရာမတွေကို Viber မှာ စာတွေမေးတယ်။ သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး Chat ဖြစ်ပါတယ်။ ကျန်တာကတော့ ကျနော် ပရဟိတလုပ်တာနဲ့ သီချင်းဆိုတာ ဝါသနာပါပါတယ်။
ဘယ်ပရဟိတအဖွဲ့မှာလဲဆိုတော့ ကြုံတဲ့အဖွဲ့မှာ ကြုံတဲ့ ပရဟိတကို လုပ်ပါတယ်။ လမ်းထဲက ရပ်ကွက်ဓမ္မာရုံမှာလည်း ကျနော် လုပ်အားပေးပါတယ်။ ပရဟိတအပေါ် ခံယူချက်ကတော့ ပရဟိတဆိုတာ အကူအညီလိုတဲ့သူတွေကို ကူညီတာပေါ့နော်။ ပရဟိတလုပ်နေရရင် ပျော်တယ်။ ကျနော်ကတော့ ကျနော့်မှာ ငယ် ငယ်လေးတည်းက အလုပ်တခုကို လုပ်မယ် လို့ စဉ်းစားထားရင် ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်တခုရှိတယ်ဗျ။
အဲဒါကြောင့် ကျနော့် ရည်မှန်းချက်ကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျနော်ရောက်အောင်သွားမှာပါ။ ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့“No pain, no gain” ပါ။ ကျနော့် အဓိက ရည်မှန်းချက် ပန်းတိုင်ကတော့ သင်္ဘောသားတယောက် ဖြစ်ဖို့ပါ။
ကျနော် အားတဲ့အချိန်တွေမှာ ပုံဆွဲတယ်၊ စာဖတ်တယ်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ သုတ၊ ရသ အစုံဖတ်ပါတယ်။ ဆရာချစ်ဦးညိုဆိုရင် ကျနော် လေးလည်းလေးစားတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်။ ဆရာ့ စာအုပ်တွေထဲမှာ “လင်္ကာဒီပချစ်သူ”က ကျနော်အကြိုက်ဆုံးပါ။
ဆရာဖေမြင့်နဲ့ တခြား စာရေးဆရာတွေလည်း ကြိုက်ပါတယ်။ အကြိုက်ဆုံးစာအုပ်ကတော့ စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)ရဲ့“ပါပီလွန်နှင့် ဗင်ဂို” စာအုပ်ပါ။ ကျနော်စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း အဲဒီစာအုပ်ကို ပြန်ပြန်ဖတ်ပါတယ်။
ကျနော်လေးစား အားကျရသူကတော့ စတိဗ်ဂျော့ပါ။ ဒီနိုင်ငံမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာအမျိုးသမီးတွေထဲမှာ Nobel ဆုကို ရထားတဲ့သူမို့လို့ပါ။ အခုခေတ် ကြိုးစားနေ ကြတဲ့ လူငယ်တွေကိုတော့ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကိုရောက်အောင် သွားပါလို့ ပြောချင်ပါတယ်။ ။
ထက်ဦးဝေ
0 comments :
Post a Comment