တစ်ရှူးလေးတွေ ကပ်ပြီး အနုပညာလက်ရာတွေ ဖန်တီးမယ် ဆိုရင်

Thursday, September 3, 2015

ကလေးတို့အနေနဲ့ တစ်ရှုးစက္ကူလေးတွေ သုံးပြီး အနုပညာလက်ရာတွေ ဖန်တီးလို့ရတဲ့အကြောင်း ပြောပြပါ့မယ်။ အနုပညာလက်ရာ ဆိုတာ စုတ်တံတွေ ဆေးတွေနဲ့ပဲ ဖန်တီးလို့ရတာ မဟုတ်ပါဘူး။ စိတ်ကူးစိတ်သန်းနဲ့ ပျော်မွေ့ဖို့သာ အဓိက လိုအပ်တာပါ။ ကဲ ကလေးတို့ အမြဲတွေ့နေကျ ဖြစ်တဲ့ တစ်ရှူးလေးတွေနဲ့ ပန်းချီကားလက်ရာလေးတွေ ဖန်တီးယူလို့ရတဲ့ အကြောင်း ပေါ့ပေါ့ပါး ပြောပြပါမယ်။

အခုလို ဖန်တီးတာမျိုးကိုတော့ ကပ်ယူ တွဲစပ် ဖန်တီးတဲ့ Collage လို့ ခေါ်ပါတယ်။ ကလေးတို့ မကြာ       ခဏတွေ့နေတဲ့ တစ်ရှူးတွေ အစား တခြား ရောင်စုံစက္ကူတွေလည်း သုံးနိုင်သလို ကလေးတို့ချစ်တဲ့ အရောင်ပါတဲ့ ဘယ်ပစ္စည်းမဆို အခုလို သုံးပြီး ဖန်တီးယူလို့ ရပါတယ်။


ကလေးတို့ ဖန်တီးကြမယ် ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေက

(၁) ၅ လက်မ x ၇ လက်မ အရွယ် ကင်းဗတ်စ် တခု၊

(၂) ရောင်စုံတစ်ရှူးထုပ် တချို့၊

(၃) ကလေးတို့လိုသလို ဖြတ်တောက်ဖို့ ကတ်ကြေးတလက်

(၄) ရေနဲ့ ဖျော်ထားတဲ့ ကော်ရည်

(၅) စုတ်တံ သေးတချောင်း… ပဲ ဖြစ်ပါတယ်။

ပထမဆုံး ရောင်စုံတစ်ရှူးတွေကို လေးထောင့်ပုံ ဒါမှမဟုတ် ကလေးတို့ နှစ်သက်တဲ့ပုံအတိုင်း အရွယ်အမျိုးမျိုး ဖြစ်အောင် ကတ်ကြေးနဲ့ ဖြတ်ပါ။ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့။ အဲဒီနောက် ကင်းဗတ်မျက်နှာပြင် အပေါ်မှာ ဖျော်ထားတဲ့ကော်ရည်ကို သုတ်လိမ်းရပါတယ်။


အဲဒီလို သုတ်လိမ်းပြီးတဲ့အခါ ကလေးတို့အနေဲ့ ကလေးတို့ ကြိုက်နှစ်သက်တဲ့ တစ်ရှူး အရောင်ကို ရွေးချယ်  ပြီး အဲဒီကင်းဗတ်ပေါ်မှာ ကပ်ယူကြဖို့ပါ။ ဘယ်အရောင်နဲ့ ဘယ်အရောင်ကို တွဲကပ်မယ်၊ ဘယ်အရောင်ကိုတော့ ဘယ်နေရာမှာ ထားမယ်ဆိုတာ ကလေးတို့ စိတ်ထဲရှိတဲ့အတိုင်း ကပ်ကြပါ။ အခု ဖော်ပြထားတဲ့ပုံအတိုင်း တူဖို့ မလိုဘူးနော်။ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း အတိုင်း ကပ်ယူကြဖို့ပါပဲ။


အခု ဖော်ပြပေးထားတဲ့ ပုံကလေးတွေလို ကပ်ဖို့ မလိုပါဘူး။ နမူနာ အနေနဲ့ ပြပေးထားတာပါ။ ကလေးတို့  စိတ်ထဲမှာ ရွေးချင်တာရွေးပြီး ကပ်ယူလို့ ရပါတယ်။ အဓိကပြောချင်တာကတော့ ကိုယ်စိတ်ထဲမှာ တကယ်ကပ်ချင်တဲ့ တစ်ရှူးအရောင်ကို ရွေးပြီးကပ်ဖို့ပဲ။


ဒီကလေးကတော့ ကပ်နေရင်းနဲ့ စဉ်းစား၊ စဉ်းစားစားရင်းနဲ့ ကင်းဗတ်စ် ပေါ်မှာ သူလိုသလောက် ကပ်ယူနေတာပါ။


သူကတော့ ဟိုတကွက် ဒီတကွက်ကပ်ပြီး သူ့ရဲ့ ကပ်ယူဖန်တီးမှုကို စိတ်ဝင်တစား လုပ်နေတာပါ။       အရောင်တွေကို တွဲစပ်ဖို့ စိတ်ကူး စိတ်သန်းက အရေးပါပါတယ်။


ဒါကတော့ ၃ နှစ်အရွယ် ကလေးငယ် တဦးကပ်ယူ ဖန်တီးနေတာပါ။ ကင်ဗတ်ရဲ့ အပေါ်ပိုင်းမှာ တစ်ရှူးကြီး ကြီးတွေ ကပ်ပြီး အောက်ပိုင်း မှာတော့ တစ်ရှူးသေးသေးတွေနဲ့ ဖြည့်စွက် ကပ်ယူနေတာပါ။


ကလေးတို့ အခုလို တစ်ရှူးလေးတွေ ကပ်ပြီး ဖန်တီးယူတာက အရာင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးနဲ့ ဖန်တီးကပ်ယူတာက တခြားသူတွေနဲ့ မတူနိုင်ပါဘူး။ သူတို့နဲ့ မတူလို့ ကိုယ်မှားတယ်၊ ကိုယ်နဲ့ မတူလို့ သူတို့ မှားတယ်လို့ ဆိုတာမျိုးလည်း မရှိပါဘူး။ ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ကိုယ်ကြိုက်တာကို ကပ်ယူ ဖန်တီးတာဖြစ်လို့ပါ။

ကလေးတို့ရဲ့ လက်ရာတွေက အခုလို ဖြစ်နေနိုင်ပါတယ်။
ကလေးတို့ ကပ်ယူ ဖန်တီးထားတဲ့ လက်ရာတွေ ခြောက်သွေ့သွားတဲ့ အခါ ကော်ရည် ပါးပါးနဲ့ ကင်းဗတ်တခုလုံးကို အပေါ်ကနေ သုတ်လိမ်းဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ကွာသွားနိုင်တဲ့ တစ်ရှူးတွေကို သူတို့ရဲ့ မူလနေရာမှာ ကပ်သွားဖို့၊ ကွာမသွားဖို့ပါ။အဲဒီလို အပေါ်က သုတ်လိမ်းပြီးလို့ တညလောက် သိပ်ထားလိုက်တာနဲ့  တစ်ရှူးကပ် အနုပညာလက်ရာလေးတွေ ရရှိမှာ ဖြစ်ပါတယ်။



အနုပညာလက်ရာလေးတွေ ရလာပြီ ဆိုရင်တော့ အဲဒီလက်ရာလေးတွေကို ဘောင်သွင်းဖို့ပဲပေါ့။ ကဲ ..     ဘောင်သွင်းထားတဲ့ လက်ရာလေးတွေကို ကြည့်ပါဦး။ ငါသာဆိုရင် ဘယ်လို ကပ်ပြီး ဖန်တီးမယ်လို့ စိတ်ကူး ကြည့်ကြစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာဆိုတာ စိတ်ခံစားမှုကို ပြန်လည် ဖွင့်ထုတ်ပြတာ  ဖြစ်လို့ပါပဲ။



အခု ပြောပြခဲ့တာက www. Messforless.net မှ ကလေးပန်းချီဆိုင်ရာ အချက်တွေကို ပြန်ပြောပြတာပါ။


နိုင်စွမ်း






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved