ရှယ်ချွေးမအဖြစ်နဲ့ တကျော့ပြန် ထက်ထက်မိုးဦး

Wednesday, September 2, 2015


ဓာတ်ပုံများ - ယုမွန်ကျော် / The Irrawaddy

ကြော်ငြာခေတ်ဦးမှာ ထက်ထက်မိုးဦးနဲ့ရိုက်မှ ပေါက်တယ်ဆိုတဲ့ ကြော်ငြာတခေတ်ကို ဆန်းသစ်ခဲ့သူ၊ ပရိသတ် ချစ်ခင်အားပေးမှုအပြည့်အ၀ရရှိခဲ့တဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးဟာ ကားရိုက်တွေနားထားရာ ကနေ အခုဆိုရင် ရုပ်ရှင်ကားကြီးကိုရိုက်ကူးပြီး အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာတော့မှာပါ။

သရုပ်ဆောင် ထက်ထက်မိုးဦးဟာ စိန်ဌေး ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော်(အာ    ရုဏ်ဦး) ရိုက်ကူးမယ့် “ရှယ်ချွေးမ”ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အောင်ရဲလင်း၊ ရန်အောင်၊စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါတို့နဲ့ အတူတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။



“ရှယ်ချွေးမ” ဆိုတဲ့အတိုင်း ရန်အောင် စိုးမြတ်သူဇာတို့ရဲ့သား အောင်ရဲလင်းနဲ့ ထက်ထက်မိုးဦးက လက်ထက်ပြီး ရှယ်ချွေးမဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွန်းကတော့ လွင်မင်းအံ့ ပါ။

ကားရိုက်တွေနားထားပြီး ပထမဆုံးပြန်ရိုက်တဲ့ရုပ်ရှင်ကားကြီးအတွက် ရင်ခုန်နေတဲ့ ထက်ထက်မိုးဦးက “ဒီဇာတ်ကားကို စိန်ဌေးထုတ်လုပ်ရေးကဦးဝင်းကြည်တို့က ကိုဇော်(အာရုဏ်ဦး)ကနေ တဆင့်ကမ်းလှမ်းလာခဲ့တယ်။ ဒီဇာတ်ကားလေးရိုက်ကူးပြီး ပရိသတ်နဲ့လည်း ပြန်တွေ့ရမယ်ဆိုတဲ့အတွက် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ငယ်ငယ်တုန်းကလိုပဲ ပျော်ပြီးရင်ခုန်နေရပါတယ်။ ပရိသတ်နဲ့ မတွေ့ရတာကြာပြီဆိုတော့ ကိုယ့်ဘက်က ဘာတွေများလိုနေမလဲ၊ ဘာတွေများ လုပ်ရမလဲတွေးပြီး ညကတောင် အိပ်လို့တောင်မပျော်ပါဘူး။  ဒုတိယအကြိမ် ထက်ထက်ကို လုပ်ခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့  ပြောပြပါတယ်။

သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ထက်ထက်မိုးဦး

ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့်  သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ထက်ထက်မိုးဦးတို့ နှစ်ယောက်ဟာ “ကမ္ဘာကမ္ဘာအဝေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအပြီး ထပ်မံတွေဆုံတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး “ရှယ်ချွေးမ” ရုပ်ရှင်ကားကြီးကန်တော့ပွဲကို စက်တင်ဘာ ၂ ရက်နေ့ကပြုလုပ်ခဲ့ပြီး ရိုက်ကူးရေးကိုတော့  စက်တင်ဘာ ၅ ရက်နေ့ကစတင်ပြီး ရိုက်ကူးသွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved