"သူပြောင်လျှင် ခေါင်ကွန့်လို့
ကြောင်ဝံ့တဲ့သူပါ၊
ရှောင်မတွန့် ကျောက်သော်မာရင်
နောက်တော်ပါ သံချောင်း၊
အိုးတော်က မဲ့ပိန်ရင် ရွဲ့လိန်လိန်စလောင်း၊
သူချိုရင် ကြံချောင်းပါ့၊ ဉာဏ်စောင်း၍ ခါးမူ
တမာပင် ထိပ်ဖျား ကြက်ဟင်းခါး သီးနိုင်တဲ့သူ၊
သူမည်းက မှောင်ကူမယ်၊ သူဖြူရင် ဖြူချင်းပါ့၊
ကြင်ချင်း ကြင်မယ်ဆို၊ ကိုးဆလောက်ပို
ဆိုးကြစို့ တကယ်ဆိုရင်၊ ဓားပြဗိုလ် လုပ်နိုင်ငဲ့လေး" ။ ။
အထက်ပါ ကိုယ်ရည်သွေးတေးထပ်ကို ရေးစပ်သူကကုန်းဘောင်ခေတ်မှာလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ စာဆိုကြီး ဦးပုည ဖြစ်ပါတယ်။ ဦးပုညကို ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်မှာ ဖွားမြင်ပါတယ်။ (မွေးဖွားတဲ့ခုနှစ်ကို တချို့က ၁၁၇၄၊ တချို့က ၁၁၇၈ စသဖြင့် ကွဲပြားတဲ့ ယူဆ ချက်တွေ ရှိပါတယ်) သူ့ရဲ့ ငယ်နာမည်က “မောင်ပုတ်စည်” ပါ။
ငယ်စဉ်က အမရပူရမြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံမှာ စတင်ပညာသင်ကြားပြီး အသက် ၈ နှစ် အရွယ်မှာ ဗန်းမော်ဆရာတော်ထံမှာ သာမဏေပြုခဲ့ကာ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်ပါတယ်။ ယင်းဘွဲ့ကို အစွဲပြုပြီး နောင်မှာ ဦးပုညလို့ တွင်လာခဲ့တာပါ။ သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ ရှင်ပုညအား စလေ၊ ပုခန်းငယ် မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီး လောကီ လောကုတ် ပညာရပ်တွေ ဆက်လက်သင်ယူခဲ့ပါ တယ်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့ ဆည်းကပ်မှု များပြားတာကြောင့် စလေမြို့အုပ်မင်းက သံသယမကင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သူ လူပျို မလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ ရေးသားပေးပို့ခဲ့တဲ့ စာစုများမှာ အထူး ထင်ရှားပါတယ်။
၁၂၀၃ ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် ရန်ကုန်မြို့သို့လိုက်ပါကာ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ၌ သာမဏေ ပြန်ဝတ် သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများ ရေးသားခဲ့ပါတယ်။
၁၂၁ဝ ပြည့်နှစ်မှာ လူထွက်ကာ ကနောင်မင်းထံတွင် ခစားပြီး သက္ကရာဇ် ၁၂၁၈ ခုနှစ်ခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ ရောက်ခဲ့ပြီး မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော် ရာထူးဖြင့် အမှုထမ်းခဲ့ပါတယ်။
မင်းတုန်းမင်းတရားကြီး ရတနာပုံ မန္တလေးမြို့တွင် စိုးစံတဲ့အခါ ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ ဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူကာ လစာတော်ငွေ တနှစ်လျှင် ၆၀ဝ ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ် သနားတော်မူခြင်းလည်း ခံရပါတယ်။
၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော်ပေးဟု ဆိုကာမြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ထားရာမှ ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ် နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုပါတယ်။ မင်းတရားကြီး သိသောအခါ “ဟင်း…လူကို ခွေးသတ်လေခြင်း” ဟု မိန့်တော်မူ၍ လွန်စွာနှမြောတသတော်မူတယ်လို့ ဆိုပါတယ်။
တကယ် သတ်တာ ဦးသာအိုး မဟုတ်ရင် ဘယ်သူလဲ
အဲဒီလို စလေဦးပုညဟာ ဦးသာအိုးရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတယ်လို့ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ပညာအုပ် ဦးဖိုးစိန်တို့ရဲ့ စာအုပ်စာတမ်းတွေမှာလည်း ဖော်ပြထားတာကြောင့် အမှန်ကဲ့သို့ ဖြစ်နေပါတယ်။
သို့ပေမယ့် ၁၉၃၂ ခုနှစ်က စာရေးဆရာ မဟာဆွေဟာ မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော် သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရကို တွေ့ဆုံမေးမြန်းကာ " ဘိုးဝဇီရ အတ္တုပ္ပတ္တိ " စာတစ်အုပ်မှာ ဖော်ပြထားချက်အရ ဦးပုညကို သတ်ဖြတ်သူမှာ မြို့ဝန်ဦးရွှေအိုး မဟုတ်တဲ့အကြောင်း ပါလာပါ တယ်။
အဲဒီ စာအုပ်ထဲမှာတော့ ဦးပုည အဆုံးစီရင်ခံရပုံနဲ့ ပတ်သက်ပြီး ဘိုးဝဇီရ ပြောသော အချက်တချက်ကို ပြန်လည် တိုက်ဆိုင်ကြည့်သင့်ပါတယ်။ အဲဒီအချက်က ဘိုးဝဇီရဟာ မြို့ဝန်ဦးသာအိုးရဲ့ သားဖြစ်သူ မောင်မောင်လေးကို ပညာသင်ကြားပေးရတာကြောင့် ဦးသာအိုးနဲ့ ခင်မင်ခဲ့ကြောင်း၊ တနေ့မှာ ဦးသာအိုး အိမ်ရောက်နေတုန်း "နေပါဦး ဘဘ ရဲ့…စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို" လို့မေးကြည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီအခါ ဦးသာအိုးက "အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့်နဲ့ လက်မရွံ့တို့သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့တယ်လို့ ဆိုပါတယ်။
ရွှေရိုး၏ အမြင်
အဲ့ဒီအချက်ကို ထောက်ခံတဲ့ စာအုပ်တအုပ် ရှိပါသေးတယ်။ မန္တလေး ရတနာပုံခေတ်မှာ ဂျိမ်းဂျော့စကော့ ဆိုသူ ရေးထုတ်ဝေခဲ့တာကြောင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေပါတယ်။ ဂျိမ်းဂျော့စကော့ဟာ ၁၈၇၆ ခုနှစ်လောက်မှာ ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းမှာ ဆရာအဖြစ်လည်းကောင်း၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်သူ ဖြစ်ပြီး မန္တလေးကိုလည်း အရောက်ပေါက် ရှိပါတယ်။
၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်မှာတော့ ရွှေရိုး ကလောင် အမည် ခံယူကာ သူ့ အတွေ့အကြုံများကို စုစည်းကာ The Burman, His Life and Notions အမည်နဲ့ ၂ တွဲ ပေါင်း စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီ စာအုပ်ရဲ့ ပထမတွဲ စာမျက်နှာ ၃၅၂ မှာတော့ “Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha.” (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) လို့ ဖော်ပြထားပါတယ်။
သမိုင်း အမှန်ကို ချေဖျက် ဖျောက်ဖျက်လို့ မရ ဆိုတာကို သက်သေခံနေတယ် မဟုတ်လား။ ။
ကိုးကား
1. တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ
2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
3. မိုးဂျာနယ် ( ဇွန်လ ၁၉၉၅)
နိုင်စွမ်း
0 comments :
Post a Comment