အသက်ငယ်ဆုံးဇာတ်မင်းသားလေး ဖြစ်လာတဲ့ မင်းရွှေရောင်တင်(ခေါ်)ပူတူး

Friday, September 4, 2015


ဇာတ်မင်းသားလေး မင်းရွှေရောင်တင်

မင်းရွှေရောင်တင်ဆိုတာ ရွှေမန်းသဘင်မျိုးဆက် မင်းသားတင်မောင်ဆန်းမင်းဝင်းရဲ့ အသက် သုံးနှစ်သာ ရှိသေးတဲ့ သားဖြစ်ပြီး  “ရွှေမန်းလာပြီ” ခေါင်းစဉ်နဲ့ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ အပတ်စဉ်          ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကပြဖျော်ဖြေနေတဲ့ မိုးရာသီအထူး ဇာတ်ပွဲမှာ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ဖျော်ဖြေကပြနေတဲ့ သားငယ်လေးပါ။ ပူတူးလို့လည်း ချစ်စနိုးခေါ်ကြပြီး ဒီလိုပါဝင်ကပြ ဖျော်ဖြေတာဟာ       မိဘတွေရဲ့ သင်ကြားပေးမှုကြောင့်မဟုတ်ဘဲ ဖခင်ဖြစ်သူ အကလေ့ကျင့်တဲ့အခါ လိုက်လံကပြရင်း အက တတ်မြောက်လာတဲ့ သားငယ်လေးလည်းဖြစ်ပါတယ်။ ပူတူးက အသက်တနှစ်ကျော်ထဲက ဖခင်ဖြစ်သူနဲ့  ပွဲတွေမှာ ကပြနေခဲ့တာဖြစ်ပြီး ပဲခူးဘုရားပွဲမှာ ပါဝင်ကပြခဲ့စဉ်က လူကြိုက်များခဲ့ပါတယ်။ အခု ကန်တော်    ကြီးမျှော်စင်ကျွန်းမှာ အပတ်စဉ်ကပြဖျော်ဖြေနေတဲ့ မိုးရာသီအထူး ဇာတ်ပွဲမှာတော့ ပူတူးကြောင့် လာရောက်ကြည့်ရှူ့သူ ပရိသတ်ပိုများလာပြီး ချစ်စဖွယ်ကောင်းတဲ့ ကကွက်၊ ဟန်ပန်အမူအရာ၊ သီဆိုဟန်တွေကြောင့် ပိုပြီး လူကြိုက်များလာတဲ့ အသက်ငယ်ဆုံး ဇာတ်သဘင်မင်းသားလေး ဖြစ်လာတာပါ။

မင်းရွှေရောင်တင်(ခ) ပူတူးနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ မအေးမမက “ကလေးကို ပထမတော့ သူနိုးတဲ့အ ချိန်နှစ်ပါးသွားဆိုရင်လည်းနှစ်ပါးသွားပေးကတယ်။ အရင်နယ်ပွဲတွေတုန်းကတော့ သူစိတ်ပါရင် ပေးကလိုက်တယ်။ သူစိတ်မပါရင်ပေးမကဖြစ်ဘူး။ အခုမှသာ မိုးရာသီပွဲက စောတော့ သူစိတ်လန်းနေတဲ့အချိန်ဆိုတော့ သူ ကချင်တယ်။ မကရရင် သူအဆင်မပြေဘူး ဖြစ်နေတာ။ မကရရင် ငိုတယ်။ မြန်မာသံဆိုရင် အောင်ပါစေ တခုပဲသူလိုက်ဆိုနိုင်တယ်။ သူက မင်းသားဝတ်စုံဝတ်ရတာကို ပိုပြီးသဘောကျတယ်။ စတိတ်ရှိုးဆို ရင် သူ့အဖေထွက်လို့ တခါတလေ ထွက်တာလောက်ပဲ ရှိတယ်၊ ဆိုင်းသံကြားရင် ဆိုင်းနဲ့ပတ်သတ်တာ ဘာကြားကြား သူက ထကတယ်” လို့ပြောပြပါတယ်။



မိုးရာသီအထူးဇာတ်ပွဲကို ကပြဖျော်ဖြေနေတာ တလနဲ့ သုံးပတ်နီးပါးရှိပြီဖြစ်ကာ အောင်မြင်မှုရနေပြီး အထူးသဖြင့် အသက်ငယ်ငယ်နဲ့ ကပြဖျော်ဖြေပေးနေတဲ့ ပူတူးကြောင့်လို့လည်း သိရပါတယ်။ ဒါပေမယ့် ပူတူး မပါဝင်တော့ဘူးလို့ ဆိုတဲ့အတွက် ဇာတ်မကတော့မှာ စိုးရိမ်ကြတဲ့ပရိသတ်တွေအပေါ်ကိုတော့ မိခင်ဖြစ်သူက ဆက်လက်ပြီး “သူကိုမကခိုင်းတော့ဖို့အတွက်က ရာခိုင်နှုန်းများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောင်နှစ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူ့မူကြိုကတော့စတက်ရတော့မှာပဲလေ။  ကျောင်းတက်ရင်တော့ သူကို         မခေါ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူဒီဘက်မှာ အရမ်းစိတ်ပါသွားမှာစိုးတဲ့အတွက်ပါ။  အမှန်အတိုင်းပြောရရင် ဇာတ်ကတာဟာ ပင်ပန်းပါတယ်။ သားလေးကို အမက မပင်ပန်းစေချင်ဘူး။ အများအမြင်မှာ ဇာတ်သမားဟာလည်း နိမ့်ပါးတယ်လို့ မြင်တယ်။ အဲလိုမြင်တဲ့အတွက် သားလေးကို မလုပ်စေချင်ဘူး။      ပညာရေးဘက်ကိုပဲ ဦးစားပေးစေချင်တယ်။ အခုက သူကအရမ်းဝါသနာပါနေတဲ့အတွက် ပေးကတာပါ။ သားလေးကို စေတနာနဲ့ပြောတဲ့သူတွေ ရှိသလို မလိုမုန်းထားကြောင့်ပြောကြတာလည်း ရှိပါတယ်။    သားလေးကို ပြပြီးလုပ်စားတယ်လို့ ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ သားကို ပြပြီးအောင်မြင်နေတာပါလို့ ပြောတဲ့သူတွေ      ကြားရရင် အမတို့လင်မယားက အရမ်းကိုခံစားရပါတယ် ၊သားကိုပြပြီးလုပ်စားတဲ့ အထဲမှာ အမတို့လုံးဝမပါပါဘူး။ သူအရမ်းကချင်လို့၊ ဖြစ်ချင်လို့အတွက် အမတို့က ပေးကနေရတာပါ   သားလေးကလည်း ငယ်တယ်၊ ငယ်တဲ့ကလေးကို ဒီလိုထိခိုက်လာမှာလည်း စိုးရိမ်တယ်”လို့ ပူတူးနဲ့ပတ်  သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။



ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ Asia Society နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး  နောက်တကြိမ် ၂၀၁၇ ခုနှစ်ပြုလုပ်တဲ့ပွဲမှာ သွားရောက်ဖျော်ဖြေမှာဖြစ်ပြီး အသက်ငယ်ဆုံး မင်းသားလေး ပူတူးကို ပါဝင်ဖို့ ဖိတ်ခေါ်ထားကြောင်းလည်း သိရပါတယ်။


ယုမွန်ကျော်


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved