Nissan ရဲ့ မော်ဒယ်သစ် Nissan Juke

Friday, September 25, 2015


photo- autogallery.com

ဒီနှစ်ထဲမှာဂျပန်အခြေစိုက် ကမ္ဘာ့အကြီးဆုံးနဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ Toyota ရဲ့ ရောင်းအားကို ထမ နှစ်ဝက်ထဲမှာတော့ ကျော်တက်ထားနိုင်ခဲ့ပြီဖြစ်တဲ့ Nissan အတွက် ဘာကြောင့်များ အခုလို ပထမနေရာကို ရောက်လာတယ်ဆိုတာအံ့သြစရာကောင်းနေတာပါ။ ဈေးကွက်အတွင်းမှာ SUV မော်ဒယ် XTrail က ဥရောပတလွှားမှာ လူကြိုက်အများဆုံးမော်ဒယ်ဖြစ်လာသလို Hatchback တန်းဝင် Juke ကလည်းဆင်တူတဲ့ ရုပ်ထွက်မျိုးမရှိတာကြောင့် သိသာထင်ရှားမှုနဲ့အတူဈေးကွက်မှာ နေရာရလာပါတယ်။

ကျနော်တို့ ပြည်တွင်းဈေးကွက်ကတော့ တခြားကားဈေးကွက်ကြီးတွေနဲ့ စာရင် မော်ဒယ်သစ် ၀င်ရောက်မှုနဲ့ စီးနင်းမှု နည်းနေသေးပေမယ့် အခု ပြည်တွင်းမှာကိုပဲJukeတွေ အစီးများလာသလိုဈေးကွက်လည်း အ၀ယ်လိုက်လာတာကြောင့် ဒီတပတ်မှာကျနော်ကလူကြိုက်များလာနိုင်ဖို့ အလားအလာရှိနေတဲ့ Jukeနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဇိမ်ခံမော်ဒယ် အနေနဲ့ပါ စီးနင်းနိုင်မှာ ဖြစ်ပြီးတန်ကြေးပိုင်းလည်းသင့်တာကြောင့်၊ SUVဒီဇိုင်းမျိုးဖန်တီးထားတာကြောင့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်လည်းရှိသလို ခရီးဝေးလည်း မောင်းနှင်နိုင်မယ့် အခုမော်ဒယ်ကိုလေ့လာကြည့်လိုက်ရအောင်ပါနော်။

ကိုယ်ထည်ပိုင်း…

တကယ်လို့သာJukeကိုလူအများအလယ်မှာ ချပြပြီးဒါကဘာအမျိုးအစားလဲလို့ မေးရင် ဆယ်ယောက်မှာကိုးယောက် SUပါလို့ ဖြေကြပါလိမ့်မယ်။ ဟုတ်လည်းဟုတ်ပါတယ်၊ တကယ်လည်းJukeကSUVနည်း ချွတ်စွပ်ပါပဲ။ ဒါပေမယ့် Nissanကတော့ Hatchbackအဖြစ် သတ်မှတ်ထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ အရောင်အပိုင်းမှာ ၈ရောင်ထိအောင်ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာတွေ့ရသလိုအတွင်းဖက် အပြင်အဆင်မှာတော့ အထည်ဦးစားပေးပုံစံနဲ့ နှစ်မျိုးတည်းပဲရနိုင်ပါတယ်။ အသေးစား Hatchbackတန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ အလျား ၁၃ပေနဲ့ ၆လက်မခွဲရှိမှာ ဖြစ်ကာမျက်နှာစာအကျယ်ကတော့ ၅ပေနဲ့ ၉လက်မခွဲပါ။ ကားရဲ့ အမြင့်မှာတော့ SUVတွေနဲ့ ဆင်တူပြီး ၅ပေနဲ့ ၁.၈လက်မထိအောင် ရှိမှာ ဖြစ်ကာ Ground Clearanceကိုလည်း ၇လက်မထိအောင် ဖန်တီးထားတာကOff-Roadအတွက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းကတော့ ရှေ့ဖက်ခန်းမှာ ၅၃လက်မခွဲကို နည်းနည်းစွန်းပြီးနောက်ဖက်ခန်းကတော့ ၅၁လက်မခွဲရှိမှာ ဖြစ်ပါတယ်။

အားသာချက်၊ အားနည်းချက် …

အားနည်းချက် အပိုင်းကိုတချက်ကြည့်လိုက်မယ်ဆိုရင် အတွင်းခန်းကျဉ်းမြောင်းတာကအဓိကပြောစရာ ဖြစ်နေပါတယ်။ အထူးသဖြင့် ရှေ့ဖက်ခန်းက ၅၅အနည်းဆုံး ရှိသင့်ပေမယ့် အခုတော့ တလက်မခွဲလောက် ကျဉ်းနေပါတယ်။ နောက်တချက်ကတော့ အတွင်းခန်းအပြင်အဆင်အပိုင်းမှာ နှစ်မျိုးတည်းရနိုင်တာ ဖြစ်သလိုPlasticဦးစားပေးပုံစံနဲ့ တည်ဆောက်မှု အပိုင်းမှာအသုံးပြု Plasticသားတွေကနည်းနည်း ကြမ်းချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောရလောက်အောင်တော့ ဒီနှစ်ချက်ပဲရှိပြီးတော့ အားသာချက် အပိုင်းမှာတော့ စွမ်းဆောင်ရည် ကောင်းမွန်တာကအဓိကအခရာကျနေပါတယ်။ များသောအားဖြင့် HatchbackတွေကSUVတွေလောက်တောင် အမြန်နှုန်း မြှင့်တင်နိုင်မှု မကောင်းသလိုအင်ဂျင်အသေးစားပါ တပ်ဆင်ထားရင်တော့ ပိုဆိုးတတ်ပေမယ့် အခုJukeမှာတော့ အင်ဂျင်အသေးစားတပ်ဆင်သည့်တိုင်အောင် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်းအားကောင်းတာတွေ့ရပါတယ်။ နောက်တချက်ကတော့ လက်ကိုင်ပိုင်းမှာSportဆန်အောင် ဖန်တီးထားတာတွေ့ရသလို ထိန်းချုပ်မောင်းနှင်ရမှုလည်း ညင်သာသွက်လက်တာဖြစ်ပါတယ်။ ဒါ့အပြင် Drive စနစ်မှာ ဘီးစုံယက်စနစ်နဲ့ပါ ရနိုင်တယ်ဆိုတဲ့ တချက်ကတော့ ဂျာမနီထုတ် SUV တွေကိုယှဉ်နိုင်တဲ့တချက် ဖြစ်လာစေပါတယ်။

အင်ဂျင်ပိုင်း ...

Jukeရဲ့ ရွေ့လျားသွားလာဖို့ရာအတွက် တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး လေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီးစွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်အောင် Turbocharged စနစ်ပါ ထည့်သွင်းတည်ဆောက်ထားတာတွေ့ရပါတယ်။ အဆိုပါ အင်ဂျင်ကနေ ထုတ်လုပ်ပေးနိုင်မယ့်စွမ်းအင် ပမာဏက ရုန်းအား ၁၇၇ပေ-ပေါင်မှာ မြင်းကောင်ရေ ၁၈၈ကောင်အား ဖြစ်ပြီးတော့ ဒီပမာဏက အရွယ်တူ အင်ဂျင်တပ်မော်ဒယ်တွေထက် မြင်းကောင်ရေ ၁၀ ကောင်အားလောက် ပိုတာ ဖြစ်ပြီး ရှေ့ဘီးယက်စနစ်ထက် စာရင်တော့ တခြားDriveစနစ်တွေကစွမ်းအင် ထုတ်လုပ်သုံးစွဲနိုင်မှု သာလွန်တာတွေ့ရပါတယ်။ ဒီနေရာမှာ Drive စနစ်မှာက ရှေ့ဘီးယက်စနစ်နဲ့လည်းလာသလိုပြောခဲ့ပြီးသလိုဘီးစုံယက်စနစ်နဲ့လည်းရနိုင်မှာ ဖြစ်ပါတယ်။
Transmissionအပိုင်းမှာတော့ Manual စနစ်နဲ့ရော CVT စနစ်နဲ့ပါ တွေ့ရပြီး ထူးခြားတာ တခုလည်းပြောစရာရှိလာပါတယ်။ အဲဒါကတော့ ပုံမှန်ဆိုရင် Manualစနစ်ကအမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်တာ ဖြစ်ပြီးCVTကအားနည်းတာ ဖြစ်ပေမယ့် Jukeမှာတော့ CVTကတနာရီမိုင် ၆၀နှုန်းကိုအချိန် ၇.၃စက္ကန့်ပဲယူမှာ ဖြစ်ပေမယ့် Manualစနစ်နဲ့ ဆိုရင်တော့ အချိန် ၈.၁ စက္ကန့်လောက်ထိအောင် ကြာမှာ ဖြစ်ပါတယ်။

ဆီစားနှုန်း…

ကားတစီးလုံးရဲ့ အလေးချိန်ကတော့ အာရှထုတ် မော်ဒယ် ဖြစ်ပေမယ့် ပေါင် ၂၉၅၉ပေါင်ထိအောင် ရှိမှာ ဖြစ်ပြီးအရွယ်တူအာရှထုတ် မော်ဒယ်တွေနဲ့ နှိုင်းစာရင် ပိုများတာ တွေ့ရသလို ကိုယ်ထည်ပိုင်း မာကျောမှုလည်း ပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ ကားရဲ့ အလေးချိန်များပြီးအင်ဂျင်အရွယ်အစားသေးငယ်တာကြောင့် ဆီစားနှုန်းအပိုင်းမှာသင့်တင့်တာတွေ့ရပြီးပျမ်းမျှ အနေနဲ့တော့ ဆီတဂါလံကို ပျမ်းမျှမိုင် ၃၀ ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာရှေ့ဘီးယက်စနစ်နဲ့ ဆိုရင်တော့ City မှာ ၂၇မိုင်နဲ့ Highway မှာ ၃၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပေမယ့် ဘီးစုံယက်စနစ်နဲ့ဆိုရင်တော့ City မှာ ၂၆ မိုင်နဲ့ Highway မှာ ၃၂ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က မြန်နှုန်းများများမောင်းဖို့ မရှိဘူး ဆိုရင်တော့ ရေရှည်မှာစကားပြောမယ့် ဆီစားနှုန်းသက်သာအောင် ရှေ့ဘီးယက်စနစ်ကို ရွေးချယ်တာ မှန်ကန်လိမ့်မယ် ထင်ပါတယ်နော်။

သုံးသပ်ချက် ...

လုံခြုံရေးစနစ်တွေလည်းအားကောင်းသလို ပြည်တွင်းမှာနောက်ဆုံးထုတ် မော်ဒယ်တွေထိအောင် ရရှိနေနိုင်တဲ့ Jukeကရွေးချယ်ဖို့ သင့်တဲ့ မော်ဒယ် တခုပါ။ အင်ဂျင်ပိုင်းစွမ်းဆောင်ရည်နဲ့ အတူတွဲဖက် ဘရိတ်စနစ်တွေလည်း စိတ်ချရပါတယ်။ ဒါပေမယ့် နောက်ဆုံးထုတ် မော်ဒယ်တွေကတော့ ဈေးကွက်မှာနည်းနည်းရှားချင်ပြီးတော့ မော်ဒယ်မြင့်ထဲကဆိုရင် ၂၀၁၃ခုနှစ်လောက် မော်ဒယ်တွေ မြင်နေရပါတယ်။ သူတို့ကတော့ ကီလို ၂ သောင်း ကျော်လောက် စီးနင်းပြီး ဖြစ်သလိုဈေးနှုန်းပိုင်းမှာသိန်း ၄၂၀လောက် ခေါ်ပါတယ်။ ငွေဈေး အတက်ဘက်ရှိတာကြောင့် ခေါ်ဈေးမများဘူးလို့ ဆိုနိုင်ပေမယ့် ၄၀၀ကို နည်းနည်းလောက်ပဲစွန်းမယ် ဆို   ရင်တော့ အ၀ယ်မမှားနိုင်တဲ့ မော်ဒယ်တခုလို့ ဆိုလိုက်ပါရစေဗျာ။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved