ဒီဇိုင်းပိုင်းဆွဲဆောင်မှုကောင်းတဲ့ Suzuki Swift

Monday, September 14, 2015


(photo - autowallpapers.com)

ကျနော်တို့ဆီမှာတော့ တန်ကြေးနည်းမော်တော်ကားတွေပဲ ဈေးကွက်မှာ လူစီးအများဆုံး၊ လူကြိုက် အများဆုံးအနေအထားနဲ့ ရပ်တည်နေနိုင်တာတွေ့ရသလို အများအားဖြင့်တော့ Toyota မော်ဒယ်တွေကိုပဲ ပြည်တွင်းဈေးကွက်က လက်ခံထားတာပါ။ တခြားအမှတ်တံဆိပ်တွေကတော့ ကားအမျိုးအစား တစ်မျိုးမှာ မော်ဒယ် တစ်မျိုးလောက်ပဲ လူကြိုက်များလောက်တဲ့ အဆင့်မျိုးကို ရပ်တည်နေနိုင်တာ တွေ့နိုင်ပါတယ်။ အခုပြောမယ့် Suzuki ရဲ့ မော်ဒယ်ဆိုရင်လည်း Superminiတန်းဝင် မော်ဒယ်ထဲမှာပဲ လူကြိုက်များတဲ့ အခြေအနေပါ။ ဒါပေမယ့် Supermini တွေ ပြည်တွင်းဈေးကွက်မှာ တော်တော်လေး နေရာရပေမယ့် အခုကားအမျိုးအစား ထဲမှာတော့ Swift အနေနဲ့ Toyota ရဲ့ မော်ဒယ်တွေထက်ရော Mazda ရဲ့ မော်ဒယ်တွေထက်ပါ ပိုပြီးလူကြိုက်များတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ ဈေးနှုန်းချိုသာမှုနဲ့အတူ ဒီဇိုင်းပိုင်းဆွဲဆောင်မှု အားကောင်းတာကြောင့်ပါ။ ဟုတ်ပါတယ်၊ ကားအကြောင်းနားမလည်တဲ့ သူတစ်ယောက်ဆိုရင်တောင် Supermini ချင်းယှဉ်ပြီးရပ်ထားရင် Swift ကို သဘောကျတယ်လို့ မဲပေးမယ့်သူများပါလိမ့်မယ်။ ဒါဟာ Swift ရဲ့ အဓိကအားသာချက်ပါ။ ကောင်းပါပြီ၊ ကျနော်တို့ဆီမှာလည်း လူစီးများပြီး အခုချိန်ထိအောင် နောက်ဆုံးထုတ်မော်ဒယ်တွေ ဖန်တီးနေသေးတဲ့ Swift တွေ အကြောင်းကို လေ့လာထားရအောင်ပါနော်။

Swift ဆိုတာ …

ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီ Suzuki ရဲ့ ထုတ်လုပ်မှုဖြစ်ပြီးတော့ ၁၉၈၃ ခုနှစ်ကတည်းက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ သတ်မှတ်ချက်အရပဲ ၁၉၈၃ ခုနှစ်ကတည်းက Swift တွေ ထုတ်လုပ်နေတာဖြစ်ပေမယ့် အဆိုပါအချိန်ကတော့ မော်ဒယ်ရဲ့နာမည်က Swift မဟုတ်သေးတာကြောင့် ကျနော်ကတော့ Swift ရယ်လို့ မည်လာတဲ့အချိန်ကစပြီးတော့ပဲ Swift လို့ ဆိုချင်ပါတယ်နော်။ Supermini တန်းဝင်မော်ဒယ်ဖြစ်ပြီး မြို့တွင်းသုံးမော်ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်သလို အင်ဂျင် အရှေ့ထိုင်စနစ်နဲ့ ရှေ့ဘီးယက်စနစ်သုံး မော်ဒယ်အနေနဲ့ပဲထွက်ရှိပါတယ်။ ဒါနဲ့ အရှေ့မှာပြောခဲ့တဲ့ Swift အမည်မတွင်ခင်   မော်ဒယ်ရဲ့ နာမည်ကတော့ Cultus ဖြစ်ပါတယ်နော်။ အဆိုပါနာမည်နဲ့ Suzuki က နိုင်ငံပေါင်းများစွာကို    မော်ဒယ်အစီးရေများစွာ တင်ပို့ရောင်းချခဲ့ပြီး နောက်ပိုင်း ၂၀၀၀ ပြည့်နှစ်မှာမှ ဂျပန်မှာ Swift နာမည်နဲ့ ပြောင်းလဲထုတ်လုပ်ရောင်းချလာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး Cultus အမည်နဲ့ မော်ဒယ်တွေ ထုတ်လုပ်ချိန်က Swift အနေနဲ့ အခုလို Supermini အဖြစ်မဟုတ်ပဲ ကိုယ်ထည် ပုံစံလေးမျိုးတောင်မှ ရနိုင်တာပါ။ တံခါး သုံးပေါက်စနစ် Hatchback ရယ်၊ တံခါးလေးပေါက်စနစ် ဆီဒင်ရယ်၊ တံခါးငါးပေါက်စနစ် Hatchbackရယ်နဲ့ တံ   ခါးနှစ်ပေါက်စနစ် အမိုးဖွင့်မော်ဒယ်တွေပဲ ဖြစ်ပါတယ်။

ပထမမျိုးဆက် …

Cultus မျိုးဆက်ကနေ Swift အဖြစ်နဲ့ ပထမဆုံးမျိုးဆက်ပြောင်းလဲထုတ်လုပ်မှုကိုတော့ ၂၀၀၀ ပြည့်နှစ်ကနေ စတင်ခဲ့ပြီး Platform စနစ်လေးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ HT51S နဲ့ HT81S တွေကိုတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေမှာသုံးပြီးတော့ HR51S နဲ့ HR81Sတွေကိုတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေမှာ သုံးခဲ့ပါတယ်။ ပထမမျိုးဆက်မှာတော့ Cultus ရဲ့ ကိုယ်ထည်လေးမျိုးကို နှစ်မျိုးအဖြစ်ပဲ ထုတ်လုပ်တော့တာတွေ့ရပြီး တံခါးသုံးပေါက်စနစ်နဲ့ တံခါး ငါးပေါက်စနစ် Hatchback မော်ဒယ်တွေအဖြစ်နဲ့ပဲ တွေ့ရပါတော့တယ်။ ထူးခြားချက်အနေနဲ့တော့ အဆိုပါ မျိုးဆက်မှာမော်ဒယ်တွေအနေနဲ့ ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို လေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ် ထားတာပဲ ဖြစ်ပါတယ်။ Suzuki ရဲ့ နောက်ထပ်အသေးစားမော်ဒယ်တစ်ခုဖြစ်တဲ့ Kei နဲ့ တည်ဆောက် ဖန်တီး ပုံချင်းဆင်တူတာလည်းတွေ့ရပါတယ်။

ပထမမျိုးဆက်မှာတော့ အင်ဂျင်စနစ် အပိုင်းမှာရွေးချယ်စရာအင်ဂျင်စနစ် သုံးမျိုးထိအောင် ထုတ်လုပ်တာ တွေ့ရပြီး ၁.၃ လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်နဲ့ ၁.၅ လီတာသုံး ဓါတ်ဆီ၊ ဒီဇယ် အင်ဂျင်စနစ်တွေ ဖြစ်ပါတယ်။ Transmission ပိုင်းမှာတော့ နှစ်မျိုးပဲ ရသေးပြီးတော့ ၄ချက် Auto စနစ်နဲ့ ၅ချက် Manual စနစ်တွေ တွေ့ရသလိုအဆိုပါအချိန်ကတော့ Manual စနစ်တွေ အားကောင်းသလို လူကြိုက်များခဲ့ပါသေးတယ်။ ဒီနေရာမှာ မှတ်စရာတစ်ခုရှိတာက ပထမမျိုးဆက်အနေနဲ့ Swift ကိုထုတ်လုပ်ချိန်မှာ Cultus မော်ဒယ်ကို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်သလို ဂျပန်ပြည်တွင်းမှာပဲ Swift အမည်နဲ့ မော်ဒယ်ကို ထုတ်လုပ်ပြီးတော့ ပြည်ပဈေးကွက်အတွက်ကိုတော့ Ignis အမည်နဲ့ တင်ပို့ရောင်းချတာတွေ့ရတာပါပဲ။

ဒုတိယမျိုးဆက် …

မော်ဒယ်ရဲ့ ဒုတိယမျိုးဆက်ကတော့ တခြားမော်ဒယ်တွေ တစ်နှစ်တည်းမှာ မျိုးဆက် ပြောင်းသလို ချက်ချင်းပြောင်းလဲတာမဟုတ်ပဲ နိုင်ငံတကာအတိုင်းအတာမှာတော့ ၂၀၀၄ ခုနှစ်ကနေ စတင်ပြောင်းလဲခဲ့တာ ဖြစ်သလို ၂၀၁၀ ခုနှစ်ထိအောင် မျိုးဆက်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Suzuki ရဲ့ လက်ခွဲ ကုမ္ပဏီအကြီးစားအခြေစိုက် အိန္ဒိယမှာတော့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိအောင် ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်သလို ပါကစ္စတန်မှာဆိုရင် ၂၀၁၀ ခုနှစ်မှာ ဒုတိယမျိုးဆက်ကို စတင် ထုတ်လုပ်ပြီး လက်ရှိ အချိန်ထိအောင် ဒုတိယမျိုးဆက်တန်းဝင် မော်ဒယ်တွေပဲ ထုတ်လုပ်နေဆဲပါ။ တပ်ဆင်မှုစက်ရုံအပိုင်းမှာတော့ ဈေးကွက်နေရာရရှိမှု အားကောင်းလာတာကြောင့် ဂျပန်ပြည်တွင်း ရှီဇူကာမှာရှိတဲ့ စက်ရုံအပြင် တရုတ်နိုင်ငံက ChanganSuzuki အနေနဲ့ တရုတ်နိုင်ငံ၊ AAV အနေနဲ့ အီဂျစ်၊ Magyar Suzuki အနေနဲ့ ဟန်ဂေရီ၊ MarutiSuzuki အနေနဲ့ အိန္ဒိယ၊ အင်ဒိုနီးရှားမှာရှိတဲ့ စက်ရုံခွဲ အပါအ၀င် DRB-HICOM အနေနဲ့ မလေးရှား၊ Pak Suzuki အနေနဲ့ ပါကစ္စတန်တွေမှာ မော်ဒယ်တွေထုတ်လုပ်ခဲ့ပါတယ်။

ကိုယ်ထည်ပိုင်းမှာ ပထမမျိုးဆက်က ကိုယ်ထည်ပုံစံနှစ်မျိုးအပြင် နောက်ထပ်တံခါးလေးပေါက်စနစ် ဆီဒင်ကိုပါ တိုးမြှင့်ထုတ်လုပ်လာပေမယ့် လေးဘီးယက်စနစ် မော်ဒယ်တွေကိုတော့ နားလိုက်ပါတယ်။ အင်ဂျင်ပိုင်းမှာ ၁.၂ လီတာသုံး ဓါတ်ဆီအင်ဂျင်၊ ၁.၃လီတာသုံး ဓါတ်ဆီအင်ဂျင်၊ ၁.၅လီတာသုံး ဓါတ်ဆီအင်ဂျင်၊ ၁.၆လီတာသုံး ဓါတ်ဆီအင်ဂျင်နဲ့ ၁.၃လီတာသုံး ဒီဇယ်အင်ဂျင်စနစ်တွေကိုတိုးမြှင့်ထုတ်လုပ်လာတာပါ။ Transmissionပိုင်းမှာတော့ Autoစနစ်တွေ လူကြိုက်များလာပြီး ၅ချက် Manualစနစ်နဲ့ ၄ချက် Auto မော်ဒယ်တွေကိုထုတ်လုပ်တာတွေ့ရပါတယ်။ ဒီမျိုးဆက်မှာတော့ ကားရဲ့ ကိုယ်ထည် အလေးချိန်ကိုပါ လျော့ချ ထုတ်လုပ်မှုတွေ လုပ်ဆောင်လာပြီးတော့ မော်ဒယ်ခွဲအနေအထားအပေါ် မူတည်ပြီးတော့ကားရဲ့ အလေးချိန်ကို ၂၂၇၀ပေါင်ကနေ ၂၃၁၀ပေါင်အတွင်းရအောင် ထုတ်လုပ်လာတာတွေ့ရပါတယ်။

တတိယမျိုးဆက် …

မော်ဒယ်ရဲ့ တတိယမျိုးဆက်မှာတော့ Swiftအနေနဲ့တင် မဟုတ်တော့ပဲMaruti Suzuki Swift Dzireအမည် အနေနဲ့ပါ လူသိများလာပါတယ်။ ၂၀၁၀ခုနှစ်ကနေမျိုးဆက် ပြောင်းလဲထုတ်လုပ်လာတာ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိအော င် တတိယမျိုးဆက် အနေနဲ့ပဲတွေ့ရပါသေးတယ်။ ဂျပန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာမော်ဒယ်တွေကိုတပ်ဆင်ထုတ်လုပ်ပြီးတော့ ကိုယ်ထည်ပိုင်းကလည်းဒုတိယမျိုးဆက်ကအတိုင်းသုံးမျိုးဆက်လက် ထုတ်လုပ်နေတာ ဖြစ်ပေမယ့် ကျနော်တို့ ဆီမှာတော့ ဆီဒင် တန်းဝင် မော်ဒယ်တွေ မတွေ့ရပါဘူး။ နောက်ဆုံးမျိုးဆက်မှာတော့ Suzuki Ertigaမော်ဒယ်နဲ့ ဖန်တီးမှုချင်းဆင်တူလာသလိုအင်ဂျင်စနစ်မှာ ၁.၂လီတာသုံး၊ ၁.၄လီတာသုံး၊ ၁.၆လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်တွေနဲ့ ၁.၃လီတာသုံး ဒီဇယ် အင်ဂျင်စနစ်တွေကိုတွေ့ရပါတယ်။

Transmissionပိုင်းရဲ့ Manualစနစ်မှာဂီယာချက် တိုးမြှင့်ထုတ်လုပ်လာပြီးတော့ ၅ချက်နဲ့ ၆ချက်တွေ တွေ့ရသလိုAutoမှာတော့ ၄ချက်တည်းပါပဲ။ ဒါပေမယ့် CVTပုံစံနဲ့ ဂီယာ ၇ချက်သုံး Manual Modeနဲ့ မော်ဒယ်တွေလည်းတွေ့ရပါသေးတယ်။ ဒီမျိုးဆက်မှာတော့ မော်ဒယ်တွေကအလေးချိန် နည်းနည်းတိုးလာတာတွေ့ရပြီး ၂၂၈၂ပေါင်နဲ့ ၂၆၄၆ပေါင်အတွင်း ရှိအောင် ထုတ်လုပ်လာပါတယ်။ ဒါကတော့ ကိုယ်ထည်ပိုင်း ကြံ့ခိုင်မှု ကောင်းမွန်အောင် ဖန်တီးခြင်း ဖြစ်ပြီးဥရောပဈေးကွက်မှာပါ နေရာရအောင် ဖန်တီးလာတာ ဖြစ်ပါတယ်။ နောက်ဆုံးမော်ဒယ်နဲ့ ပတ်သတ်တဲ့ လုံခြုံစိတ်ချရမှု စစ်ဆေးချက်မှာတော့ Superminiတန်းဝင်ထဲမှာ တစ်စီးလုံးအတိုင်းအတာ ကြယ်ငါးပွင့်ရသလို၊ အရွယ်ရောက် ခရီးသည် လုံခြုံစိတ်ချရမှုအတွက် ရာခိုင်နှုန်း ၉၄၊ ကလေးငယ်တွေ အတွက် ရာခိုင်နှုန်း ၈၂၊ အသက်ကယ် အကူစနစ်အတွက် ရာခိုင်နှုန်း ၇၁နဲ့ ရလဒ်ကောင်းတွေ ရထားပါ တယ်။

သိကောင်းစရာတချို့ …

မော်ဒယ်အနေနဲ့ Swiftအမည်နဲ့ တိတိပပ နိုင်ငံတကာမှာပါ ရောင်းချလာတဲ့ အချိန်ဖြစ်တဲ့ ၂၀၀၄ခုနှစ်ကနေအချိန် ၉နှစ်၊ ၉လအကြာဖြစ်တဲ့ ၂၀၁၄ခုနှစ် သြဂုတ်လမှာအစီးရေတစ်သန်းပြည့်အောင် ရောင်းချထားရတာတွေ့ရပါတယ်။ အထူးသဖြင့် မော်ဒယ်ကို ၂၀၀၅ခုနှစ်အတွင်းမိတ်ဆက်ရောင်းချခဲ့တဲ့ အိန္ဒိယမှာဈေးကွက် နေရာအထူးရရှိအောင်မြင်တာတွေ့ရသလိုအဆိုပါ ဈေးကွက်မှာဒီဇယ် အင်ဂျင်စနစ်နဲ့ ဆီဒင် မော်ဒယ်တွေကိုအထူးလူကြိုက်များကြပါတယ်။ ပြောရမယ် ဆိုရင် အစီးရေတစ်သန်းရောင်းချရမှုရဲ့ တစ်ဝက်လောက်က အိန္ဒိယမှာ ဖြစ်ပြီးတော့ ၁၉ရာခိုင်နှုန်းလောက်ကဥရောပနဲ့ ၁၁ရာခိုင်နှုန်းလောက်ကဂျပန်မှာရောင်းချရတာပါ။ တကယ်တော့ Swiftအနေနဲ့ကမော်ဒယ်ရဲ့ နာမည်ပြောင်းလဲမှုတွေ၊ ဈေးကွက် နာမည်ကွဲပြားမှုတွေကြောင့် Swiftသီးသန့် အနေနဲ့ ရောင်းချရမှု အတိုင်းအတာမှာပဲ ၂၀၁၄ခုနှစ်ကအစီးရေတစ်သန်းပြည့်အောင် ရောင်းချလာရပြီလို့ ဆိုပေမယ့် နာမည်တွေ မခွဲခြားပဲကနဦးကတည်းကထုတ်လုပ်ခဲ့တဲ့ Swiftတွေကိုပါ ပေါင်းထည့်မယ် ဆိုရင် ၂၀၀၈ခုနှစ် ဇွန်ကတည်းကအစီးရေတစ်သန်းပြည့်အောင် ရောင်းချလာနိုင်တာ ဖြစ်သလို ၂၀၁၁ခုနှစ် ဇန်န၀ါရီအတွင်းက အစီးရေ ၂သန်းပြည့်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ Swiftအနေနဲ့ နိုင်ငံတကာကနေပေးအပ် သတ်မှတ်ရရှိခဲ့တဲ့ ဆုပေါင်းလည်း ၆၀ကျော်ထိအောင် ရှိထားပြီးတော့ ၂၀၀၆မှာ ဂျပန်ရဲ့ လူစီးအများဆုံးမော်ဒယ်၊ ၂၀၁၂ခုနှစ်မှာအိန္ဒိယရဲ့ အကောင်းဆုံးကားစတဲ့ နိုင်ငံအလိုက် ဆုတွေ အပြင် တခြားနာမည်ကျော် မဂဇင်းတွေ၊ ဌာနတွေရဲ့ ဆုတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။


လင်းထက်(I.A)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved