"နင်ရှိမယ့်နေရာဆီသို့" နဲ့ ပရိတ်သတ်ဆီ အရောက်ပြန်လာမယ့် အိမ်မက်ဆုံရာ အဆိုရှင်အောင်မြင့်မြတ်

Wednesday, November 11, 2015


အဆိုရှင် အောင်မြင့်မြတ်(ဓာတ်ပုံ - သီဟတိုး/The Irrawaddy)

ပရိသတ်အားပေးမှုတော်တော်များများရရှိခဲ့ကာ အိမ်မက်ဆုံရာ အစီအစဉ်၏ ၂၀၁၃ ခုနှစ်အတွင်းက winner ဆုနဲ့ popular choice ဆု ရရှိခဲ့တဲ့ အဆိုတော် အောင်မြင့်မြတ်ရဲ့ တကိုယ်တော်တေးစီးရီး  “နင်ရှိမယ့်နေရာဆီသို့ …” တေးစီးရီး ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုရရှိခဲ့ပြီး စိတ်ဝင်စားမှုရရှိခဲ့ပေမယ့် ကြားထဲမှာ ဂီတနဲ့ပတ်သတ်လို့ ဘာသံမှ မကြားဖြစ်ခဲ့တာက တကိုယ်တော်တေးစီးရီးထွက်ရှိဖို့ ငွေကြေးစုဆောင်းနေခဲ့တာကြောင့် အခုလို ကြန့်ကြာနေခဲ့တာလို့ သိရပါတယ်။


အခု ထွက်ရှိလာမယ့် “နင်ရှိမယ့် နေရာဆီသို့ …” တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပြီး ထူးခြားမှုအနေနဲ့ တေးသံရှင်ကိုင်ဇာရဲ့တချိန်က နာမည်ကြီးခဲ့တဲ့ “ကိုယ်ငိုနေမယ် မိုးသည်းထဲ” ဆိုသော တေးသီချင်းကိုလည်း ပြန်လည်သီဆိုထားတာ တွေ့ရပါတယ်။ ဒီတေးစီးရီးမှာ နာမည်ကြီးတေးရေးဆရာများစွာပါဝင်ပြီး ကိုင်ဇာ၊ သောမတ်စ်၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ R ခိုင်၊ လင်းလင်း၊ အောင်ကိုမြင့်၊ အောင်မြင့်မြတ်နဲ့ Soe.B တို့ပါဝင်ရေးသားထားကြတာပါ။



 အဆိုတော်ကိုင်ဇာရဲ့ မိုးသီချင်းကို ပြန်လည်သီဆိုပြီး ထည့်ဖြစ်ရတဲ့အကြောင်းကိုတော့ အောင်မြင့်မြတ်က “ဒီသီချင်းကို ကျနော် တအားကြိုက်လို့ပါ။ ဒီသီချင်းကို ဆိုတုန်းက ကျနော် အသံသွင်းနေရင်း ငိုပြီးမှခဏရပ်  ပြီး ပြန်ဆိုရတယ်။ ဒီသီချင်းကြိုက်တာကလည်း ဒီသီချင်းရဲ့ အကြောင်းအရာကိုပေါ့။ ဒီသီချင်းကလည်း အရမ်းအောင်မြင်ခဲ့တာလေ။ ဒါပေမယ့် အောင်မြင်ခဲ့လို့ ပြန်ဆိုတာတော့ မဟုတ်ဘူး။ အရမ်းကြိုက်လို့ ပြန်ဆိုဖြစ်တာပါ။ ပြန်ဆိုတဲ့အခါ ဦးကိုင်ဇာကို မမီိမှာ စိုးရိမ်လားဆိုရင် အဲလိုတော့ မရှိပါဘူး။ ကျနော်ကြိုးစားထားတဲ့ အရာတခုကတော့ ကျနော်ဆီပြန်လာမှာပါ” လို့  ဧရာဝတီကို ပြောပြခဲ့ပါတယ်။

အဆိုတော် အောင်မြင့်မြတ်ရဲ့ ပထမဆုံးတကိုယ်တော်တေးစီးရီး “နင်ရှိမယ့် နေရာဆီသို့…” ကို နိုဝင်ဘာ ၂၁ ရက်မှာ တနိုင်ငံလုံးကို ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved