လွတ်လပ်ရေးနေ့တွင်ဝိုင်းစုခိုင်သိန်းရဲ့တကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးမြို့၌ ပြုလုပ်မည်

Tuesday, November 24, 2015


အဆိုတော် ၀ိုင်းစုခိုင်သိန်း(ဓာတ်ပုံ-ယုမွန်ကျော်/ The Irrawaddy)

တေးသံရှင် ၀ိုင်းစုခိုင်သိန်းရဲ့ “ခါချနေရတယ်” တေးစီးရီး MTV ဟာ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဒီတေးစီးရီးမှာ ၀ိုင်းစုခိုင်သိန်းက အမျိုးသားတေးသံရှင် ၁၄ ဦးနဲ့အတူ  တပုဒ်ချင်းစီ တွဲဖက် သီဆိုထားတာဖြစ်ပြီး Audio ကတော့ မတ်လအတွင်းက ထွက်ရှိထားတာပါ။

နာမည်ကြီးတေးသံရှင်အမျိုးသား ၁၄ ဦးနဲ့ အတူ သီဆိုထားတဲ့ “ခါချနေရတယ်” MTV ကို ၀ိုင်းစုခိုင်သိန်းက ရိုက်ကူးမှုစရိတ်များစွာ အကုန်အကျခံကာ စိတ်တိုင်းကျ ရိုက်ကူးထားတာ ဖြစ်ပြီး ကိုယ်တိုင်လည်းပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါ့ထက် ၀ိုင်းစုခိုင်သိန်းဟာ တကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ဒီနှစ် မတ်လပိုင်းလောက်က ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိထားတဲ့သူတယောက်ပါ။

ဒါ့အပြင် လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာလည်း မန္တလေးမြို့ Mandalay Hill Resort မှာ  တကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ဦးမှာ ဖြစ်ပါတယ်။


အဲ့ဒီ တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့် ၀ိုင်းစုခိုင်သိန်းက “အခုလုပ်မယ့်ပွဲမှာ အဓိကက Perfoemance  ပိုင်းကို ပြန်ပြင်ဆင်ထားတယ်။ စတိတ်ပိုင်းရယ် lighting ပိုင်းတွေ music ပိုင်းတွေ အကုန်ပြန်ပြောင်းထားတယ် အရင်ပွဲနဲ့ မတူအောင်အကုန်လုံးပြန်ပြင်ဆင်ထားတယ်။ ရှေ့ပွဲတုန်းက ၀ိုင်းစု Sound System ပိုင်းကို အားမရခဲ့ဘူး။ အားမရဘူးဆိုတာက show မှာတုန်းက အဆင်ပြေပေမယ့် တီဗွီမှာ ပြန်ပြတဲ့အခါ အဆင်မပြေမှုလေးတွေ ဖြစ်သွားတယ်။ အဲဒီတချက်ရယ် နောက်အ၀တ်အစားကို အဲဒီတုန်းက ၁၁ စုံလဲခဲ့တယ်။ အဲဒီတော့ အ၀တ်အစားကို အသည်းအသန်ကိုလဲရတယ်။ အခုဒီပွဲမှာ အဲဒီအပိုင်းကို နည်းနည်းလျော့မယ်။  တချို့က ဒီပွဲကို ရန်ကုန်ပွဲနဲ့ တူမလားထင်ကြမယ် ။ ဒီပွဲက ရန်ကုန်ပွဲနဲ့ လုံးဝမတူပါဘူး။ အဲလိုမတူချင်လို့တောင် အချိန်ခြားပြီးမှ လုပ်ခဲ့တာပါ”လို့ ပွဲနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

ဒီပွဲမှာ ၀ိုင်းစုခိုင်သိန်းနဲ့ အတူ တေးသံရှင် R ဇာနည်၊ ဟဲလေး ၊  snare အဖွဲ့ နဲ့ စန္ဒီမြင့်လွင်တို့က ပါဝင်     ဖျော်ဖြေပေးကြမှာလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းက လေးခွေမြောက် တကိုယ်တော်တေးစီးရီးခွေအတွက်လည်း သီချင်းရွေးချယ်နေမှုအပိုင်းကို လုပ်ဆောင်နေပြီး ရှေ့နှစ်အတွင်းထွက်နိုင်အောင် ကြိုးစားနေကြောင်းသိရပါတယ်။ အနုပညာသမားဆိုတာ ပရိသတ်နဲ့ အမြဲတမ်းထိတွေ့မှုရှိနေဖို့အတွက် ၀ိုင်းစုခိုင်သိန်းက အနုပညာအလုပ်များကို ဆက်တိုက်       လုပ်နေတာပါလို့လည်း ပြောပါတယ်။


ယုမွန်ကျော်



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved