အမည် - ခိုင်ဇာသွယ်
အသက် - ၁၉နှစ် (Second year MCC Training Institute)
ကျောင်းက MCC Training Institute မှာ တက်ပါတယ်။ Second year ပြီးသွားပြီ။ Third year တက်ဖို့ စောင့်နေတာ။ သင်တာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် တက်တာက BIT ဆိုတဲ့ Course ပေါ့။ သူက ၃ နှစ်တက်ရတယ်။ ပြီးရင်တော့ Advance Diploma ပေးမှာပါ။ ဘာကို အဓိကထားပြီး သင်လဲဆိုတော့ Computer programming ပြီးတော့ Web developing ပိုင်းပေါ့။ Third year ကိုတော့ အလုပ်နဲ့တွဲ လုပ်ဖြစ်မှာပါ။ ဒီမှာတက်ဖြစ်ဖို့လည်း မသေချာဘူး။ စင်ကာပူလိုနေရာမျိုးမှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားထားတယ်။ အစီအစဉ်တော့ မဆွဲရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကြားထဲမှာ တနှစ်လောက်နားပြီး အလုပ်လုပ်ဦးမလို့။ Work experience ရှိဖို့လိုတယ်လေ။
ကျောင်းပြီးသွားရင်လည်း IT field ထဲမှာပဲ Programmer အဖြစ်နဲ့ ဆက်နေသွားမှာပါ။ ငယ်ငယ်တည်းက ဝါသနာပါတာလားဆိုတော့ ၈ တန်းနှစ်လောက် ကတည်းကပေါ့။ ငယ်ငယ်တုန်းကတော့ ဆရာဝန်ဖြစ်ချင်တာ။ ဒါပေမယ့် ကျောင်းမှာဆရာမက စာစီစာကုံးတပုဒ်ရေးခိုင်းတယ်။ “ပိုမိုကောင်းမွန်သောဘဝကို ဦးတည်နိုင်မည့် သိက္ခာရှိသည့် လုပ်ငန်း” ဆိုတဲ့ခေါင်းစဉ်နဲ့။ ပေးစာသဘောမျိုးရေးခိုင်းတယ်။ အဲဒီမှာ ဆရာမကဆရာဝန်လို၊ အင်ဂျင်နီယာလိုလူတိုင်းသိပြီးသား အသက်မွေးဝမ်းကြောင်းလုပ်ငန်းထက်စာရင် လူသိပ်မသိသေးပဲ သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် လုပ်ငန်းမျိုးကိုရွေးပါလို့ပြောတယ်။ အဲဒီမှာအိမ်ကလည်း Computing နဲ့ ပတ်သက်တာကို ရေးဖို့အားပေးတယ်။ အဲ့တုန်းကတော့ ၂၀၀၈ လောက်ဆိုတော့ အိုင်တီအကြောင်းက သိတဲ့လူတွေသိပေမယ့် အလယ်တန်းကျောင်းသားတယောက်အနေနဲ့က သိပ်မလွယ်ဘူးလေ။ Cyber café တွေလည်း ခေတ်မစားသေးဘူး။ အင်တာနက်ဆိုတာလည်း ဘာမှန်းမသိသေးတော့ အဲဒီအပိုင်းကို နားလည်အောင် အရင်လေ့လာရပါတယ်။ စာတွေလည်း ဖတ်ရတာပေါ့နော်။ ဒီလိုနဲ့ ပေးစာပုံစံ စာစီစာကုံးတပုဒ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ တိတိကျကျ ဝါသနာပါသွားတာပေါ့။ စာစီစာကုံးမှာလည်း ဆုရခဲ့ပါတယ်။
ပရဟိတလည်းလုပ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့ထားပါတယ်။ အဓိကလုပ်တာကတော့ မိဘမဲ့ ကလေးငယ်တွေအတွက်ပါ။ ပါတဲ့သူတွေအားလုံး ပိုက်ဆံထည့်ရပါတယ်။ ဝါသနာကတော့ Computer game တွေဆော့တယ်။ Chess ထိုးတာဝါသနာပါတယ်။ ကစားတာမဟုတ်ဘဲနဲ့ဆိုရင်တော့ စာဖတ်တာပေါ့နော်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ ဘာသာပြန် စာအုပ်တွေဖတ်တယ်။ ဆရာကြီးရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ သွေးစုပ်မြေကို ကြိုက်တယ်။ ဘာသာပြန်ဆုရထားတာပေါ့။ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေမှုဘဝကို ပုံဖော်ပြီးရေးထားတာပါ။ နောက်ပြီးဆရာကြီးဒဂုန်ရွှေမျှားဆိုရင် ဆော်လမွန်ရတနာသိုက်ဆိုတဲ့ စာအုပ်ကို ကြိုက်တယ်။
ဘဝကို ခံယူချက်က အမြဲတမ်းကြိုးစားနေမှ တန်ကာကျမယ်ပေါ့နော်။ တခုခုအခက်အခဲ ကြုံလာလို့ မဖြစ်တော့ပါဘူးဆိုပြီး ထိုင်နေလိုက်ရင် ဖြစ်မှာမဟုတ်ဖူးလေ။ ဥပမာလမ်းတခုက ဆုံးသွားပြီ၊ ဒါပေမယ့် နောက်မှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရှိနေမယ်ဆိုရင် ရောက်အောင် သွားရတော့မယ်လေ။ အဲဒီတော့ တဖက်ဖက်က ကွေ့ပြီးသွားရမလား၊ ဒါမှမဟုတ် ဘယ်လိုသွားရမလဲလို့ နည်းလမ်းရှာရတော့မယ်။ ကွေ့ကောက်ပြီး သွားရတဲ့အတွက် နည်းနည်းတော့ ကြာမှာပေါ့နော်။ ဒါမှလည်း ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာလေ။ အဲဒါကြောင့် ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာပဲ။
ရည်မှန်းချက်က ကိုယ်တိုင် ကိုယ်ပိုင် အလုပ်လုပ်ချင်တာ။ Programmer ကို တသက်လုံးမလုပ်ပါဘူး။ ကိုယ်ပိုင်အလုပ်လုပ်နိုင်တဲ့တနေ့ကျရင် Programming ကတော့ ဝါသနာတခုအနေနဲ့ ဆက်လုပ်သွားမှာပါ။ ဘာလို့မလုပ်တာလဲဆိုတော့ Programmer ဆိုတာသူများအလုပ်ကို လုပ်ရတာလေ။ ကိုယ်တိုင် ပိုက်ဆံ စိုက်ထုတ်၊ ကိုယ်တိုင်လုပ် ကိုယ်တိုင် စီစဉ်ရတာမျိုးကို ကြိုက်တာ။ အဲဒီတော့ ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်ဖို့က ရည်မှန်းချက်ပါ။
လူငယ်တွေအပေါ် မြင်တာကတော့ ပျင်းတာပေါ့။ တော်တော်များများ ဘယ်သူ့ပဲ ကြည့်ကြည့် ဖုန်းပွတ်နေတာချည်းပဲလေ။ ကိုယ်လည်းအဲဒီလိုပါပဲ။ ပြီးတော့ နားကျပ်တတ်ပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး ဒီ Virtual world ကြီးထဲမှာပဲအချိန် တော်တော်များများက ကုန်ဆုံးနေကြတယ်။ အဓိကက Time management အားနည်းတာပေါ့။ Time management သေချာလုပ်နိုင်တဲ့ သူတွေကတော့ အောင်မြင်သွားကြတယ်။
ပြောချင်တာကတော့ ကိုယ်ကိုယ်တိုင် Game ကစားတာ လျှော့ရမယ်ပေါ့နော်။ အဲဒီအချိန်တွေအစား ကိုယ့်ဘဝအတွက် ကြိုးစားဖို့ပေါ့။ ကစားတဲ့အချိန်တွေကို လုံးဝလျော့ခိုင်းတာတော့ မဟုတ်ဖူးလေ။ စိတ်အပန်းဖြေတဲ့ အချိန်ကိုလုံးဝလျော့ချလိုက်ရင် Stress တွေဝင်လာမှာပဲ။ အဲဒါကြောင့် မလိုအပ်ဘဲ ပိုယူထားတဲ့ ကစားချိန်တွေကို လျှော့ချဖို့ပြောတာပါ။ ဥပမာ- ခါတိုင်း ၅ နာရီကစားရင် နာရီဝက်လောက် လျော့ပြီးကစားတာမျိုးပေါ့။ နောက်ပို်င်းမှာတဖြည်းဖြည်းချင်းလျှော့ချတာမျိုးပါ။ ကြာလာရင်တော့ ကျင့်သားရသွားမှာပေါ့။ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကမဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိဘူး။
ထက်ဦးဝေ
0 comments :
Post a Comment