ခရစ္စမတ်အတွက် ကြိုတင်အလှဆင်ကြမလား

Friday, December 18, 2015


ဓာတ်ပုံ - သီဟတိုး /The Irrawaddy

အခုဆိုရင် နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ ချမ်းအေးတဲ့ ဒီဇင်ဘာလထဲကိုထဲထဲဝင်ဝင်နဲ့ ဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လို့လာပါပြီ။ ဒီဇင်ဘာလဟာဆိုရင် ခရစ်ယာန် ဘာသာဝင်တွေရဲ့ Christmas ပွဲတော်ကျင်းပရာ အထွဋ်အမြတ်ထားပျော်ရွှင်ရတဲ့ ပွဲတော်ချိန်ကာလပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့၊ ခရစ္စမတ်နေ့ မတိုင်ခင် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ခရစ္စမတ်ကို ကြိုဆိုတဲ့ အနေနဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာ Shopping Mall တွေ၊ နေအိမ်တွေနဲ့ ဆိုင်တွေမှာ Christmas Decoration ခရစ္စမတ် အလှဆင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။



အခုနောက်ပိုင်းမှာဆိုရင် ခရစ္စမတ် အလှဆင်မှုကို အရင်ကထက် တွင်တွင်ကျယ်ကျယ်နဲ့ ခမ်းခမ်းနားနား ပြုလုပ်လာကြပြီး Shopping Mall တွေမှာဆိုရင် သူ့ရာသီအချိန်အခါနဲ့သူ သေချာ Decoration ပြုလုပ်လာတဲ့ ခေတ်ရေစီးအပြောင်းအလဲကို တွေ့မြင်ရပါတယ်။ တနှစ်ထက်တနှစ် မတူညီတဲ့ ဖန်တီးမှု၊ အလှဆင်မှုတွေနဲ့ ပိုပြီး Creative ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာဆိုရင် သာမန်ရိုးရိုးရှင်းရှင်းအလှဆင်တာမျိုးတွေထက် ဖန်တီးမှုရှိပြီး ပိုမိုလှပတဲ့ အပြိုင်အဆိုင်အလှဆင်မှုမျိုးတွေကို တွေ့ရပါတယ်။

Christmas Tree (ခရစ္စမတ် သစ်ပင်)နဲ့ သစ်ပင်မှာချိတ်ဆွဲထားတဲ့ ရောင်စုံအလှ မီးလုံးလေးတွေ၊ လက်ဆောင်ဘူး၊ လက်ဆောင်အထုတ်လေးတွေ၊ ကြယ်တာရာ၊ ခေါင်းလောင်း၊ ထင်းရှူးသီး၊ နှင်းပွင့်နှင်းဖတ် လေးတွေနဲ့အတူသမင်ရုပ်၊ ဒရယ်ရုပ်၊ နှင်းလူရုပ်လေးတွေနဲ့ Christmas Tree ကိုအလှဆင်လေ့ရှိကြပါတယ်။
ခရစ်စမတ် သစ်ပင်ကြီးနဲ့ အတူမပါမဖြစ်က ခန္ဓာကိုယ် ဝဝပုပုနဲ့ မုတ်ဆိတ်မွှေးဖြူဖြူ၊ သိုးမွှေးအင်္ကျီနီနီရဲရဲကို ဝတ်ဆင်ထားပြီးကလေးတွေအတွက် လက်ဆောင်ထုတ်ကြီးကြီးအမြဲသယ်ထားတဲ့၊ ချစ်စရာကောင်းတဲ့ ကလေးများရဲ့အချစ်တော် ခရစ္စမတ် ဘိုးဘိုးကြီး Santa Claus ပဲ ဖြစ်ပါတယ်။



ဒီဇင်ဘာလထဲကိုရောက်ရှိပြီဆိုတာနဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်တွေကပျော်ရွှင်စွာနဲ့ ခရစ္စမတ်ကို ဖြတ်သန်းဖို့ ခရစ္စမတ်အလှဆင်မှုတွေကို ဒီဇင်ဘာလဆန်းပိုင်းကတည်းက ပြုလုပ်လေ့ရှိကြပြီး ဒီဇင်ဘာညတွေမှာဆိုရင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Christmas Carol သီချင်းတွေကို ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွေမှာ သွားရောက်ပြီးပျော်ရွှင်စွာသီဆိုလေ့ရှိကြပါတယ်။ အဲဒီလိုသီချင်းဆိုတဲ့ အဖွဲ့တွေလာရင် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွင်းမှာ မျက်စိပသာဒ ဖြစ်စေဖို့ ခရစ္စမတ်သစ်ပင် အလှဆင်ထားတာ၊ မီးတွေ ထွန်းထားတာကိုတွေ့ကြရမှာပါ။

ဒီတပတ်မှာဧရာဝတီခေတ်ရေစီးကဏ္ဍကနေခရစ်စမတ်ချိန်ခါရဲ့ Trend ဖြစ်တဲ့ Christmas Decoration ပြုလုပ်ဖို့ ခရစ်စမတ် အလှဆင်ပစ္စည်းလေးတွေကိုပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved