Sunday Brunch ဘူဖေးစားနိုင်တဲ့ “Peperoni” အီတလီစားသောက်ဆိုင်

Thursday, December 17, 2015




မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေနဲ့ အတူတူတနင်္ဂနွေနေ့လို Super Sunday အားလပ်ရက် မျိုးမှာနေ့လည်စာဘူဖေး Sunday Brunch စားချင်သူတွေအတွက် ရွှေတိဂုံဘုရားကို လှမ်းမြင်နိုင်တဲ့ View ကောင်းကောင်းရှိတဲ့ အီတာလျံ စားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Sunday Brunch ဘူဖေးမှာ အီတလီအစားအစာတွေအပြင်၊ စင်ကာပူအစားအစာတွေပါ ပါဝင်တဲ့ ကျနော် မိတ်ဆက်ပေးမယ့် ဆိုင်ကတော့ ရန်ကုန်မြို့၊ နတ်မောက်လမ်းပေါ်က Union Business Center (UBC)    ဝင်းထဲက “House of Singapura” စင်ကာပူစားသောက်ဆိုင် အပေါ်ထပ်မှာရှိတဲ့ “Peperoni” အီတလီစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။



တပတ်လုံးမှာမှ တနင်္ဂနွေ နေ့လယ်ခင်းတခုတည်းမှာပဲ စီစဉ်ပေးထားတဲ့ Sunday Brunch ဘူဖေးက လူ    ကြီးတဦးကို မြန်မာငွေကျပ် (၃) သောင်းခွဲကျသင့်မှာဖြစ်ပြီး အသက် (၅) နှစ်ကနေ (၁၂) နှစ် အတွင်းမှာရှိတဲ့ ကလေးတဦးကိုတော့ ကျပ် (၉) ထောင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ကျသင့်ငွေထဲမှာ အခွန်ငွေပါ အပြီးအစီးမို့ အပိုထပ်ဆောင်းပေးစရာမလိုသလို၊ ဘူဖေးမှာ Drink Free Flow ပါပြီးသားမို့ Beer, Cocktail, Wine, Whisky စတာတွေထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။



“ဆိုင်မှာ Sunday Brunch Buffet က အခုမှ ပထမဆုံးမိတ်ဆက်ပေးတာပါ။ တနင်္ဂနွေနေ့ဆို အားလုံးက Sunday Brunch ကို နေ့ခင်းဘက်လောက် စားကြတာလေ။ ဒီမှာ နေ့လည် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဘူဖေးလုပ်ပေးထားတယ်။ ဘူဖေးမှာဆိုရင်လည်း အီတလီအစားအစာတွေနဲ့ စင်ကာပူအစားအစာတွေ ပါတယ်” လို့ Peperoni ရဲ့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။

ဘူဖေးမီနူးထဲမှာ ပါဝင်တာတွေကတော့ Live Station မှာဆိုရင် Eggs, Rojak (Mixed fruit Salad), Laksa (မြန်မာလိုဆိုရင် အုန်းနို့ခေါက်ဆွဲ)၊ Soup and Salad နဲ့ Main အနေနဲ့ Hainanses Chicken Rice (စင်ကာပူ ကြက်ဆီထမင်း)၊ Spaghetti (အီတလီခေါက်ဆွဲ)၊ Lasagneတို့နဲ့ Dessert (၃) မျိုးပါဝင်ပါတယ်။
ကလေးတွေအတွက် မီးနူးသီးသန့် ဆွဲထားပေးပြီး Fish & Chips, Spaghetti Bologaniseနဲ့ Mini Cheese Burger တို့ ပါဝင်ပါတယ်။ ဆိုင်ရဲ့ အဓိကထားရောင်းချတဲ့ Peperoni Pizza ကိုလည်း ကြိုက်နှစ်သက်ရာFlavor တို့နဲ့အတူအမျိုးအစားပေါင်း (၁၀) မျိုးကျော်ကိုဈေးနှုန်းကျပ် (၁,၂၀၀၀) ကနေကျပ် (၁,၆၀၀၀)၊ ကျပ် (၂,၄၀၀၀) စသဖြင့် အစားစားမှာယူသုံးဆောင်နိုင်ပါတယ်။



အစားအသောက်တွေရဲ့ အရသာတွေကို မြည်းစမ်းကြည့်တဲ့အခါ Lemon Mayonnaise နဲ့ သုတ်ထားတဲ့ Chicken Salad က လီမွန်နံ့သင်းသင်းလေးနဲ့ စားရတာအအီပြေပြီးစားကောင်းပါတယ်။ Char KwayTeowဆိုတဲ့ အစားအစာကတော့ ဆန်ပြားကိုပင်လယ်စာ၊ အသီးအရွက်၊ Pork Sausage (ဝက်အူချောင်း) တို့ကြော်ထားတာပါ။ ဆန်ပြားကြော်ကိုဝက်သားမစားတဲ့ သူတွေအတွက် တခြားအသားနဲ့လည်း ပြုလုပ်ပေးပါတယ်။

Hainanses Chicken Rice ရဲ့ အရသာကတော့ အထွေအထူး ပြောပြဖို့လိုမယ် မထင်ပါဘူး၊ စင်ကာပူ ကြက်ဆီထမင်းပါ။ နူးအိနေတဲ့ ကြက်သားနဲ့ ကြက်ဆီထမင်းရဲ့ အရသာကလိုက်ဖက်မှုရှိပါတယ်။ Soup အနေနဲ့ BakKutTeh ဆိုတဲ့ ဝက်နံရိုး Soup ကိုသောက်ခဲ့ပြီး အရသာက ကြက်ဆီထမင်းစားထားလို့ အီနေတဲ့ အအီကိုပြေစေပါတယ်။ Soup ထဲမှာ အီကြာကွေးပါဝင်တာတွေ့ရပါတယ်။

နောက်ထပ် စားခဲ့တဲ့ Salad တမျိုးကတော့ Rojak ပါ။ သူက Mixed Fruit Salad ဖြစ်ပြီးနာနတ်သီး၊ ပန်းသီးစိမ်း၊ သစ်တော့သီး၊ သခွားသီးစတာတွေကိုRojak Sauce ၊ Shrimp Paste တို့နဲ့ သုပ်ထားတာ ဖြစ်တဲ့အတွက် အနံ့နဲ့ အရသာကအနည်းငယ် ပြင်းတာကြောင့် ဒီအစားအစာကိုတော့ အိန္ဒိယလူမျိုးတွေက ပိုခံတွင်းတွေ့ကြတယ်လို့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။

Laksa (မြန်မာလိုဆိုအုန်းနို့ခေါက်ဆွဲ) ဟင်းလျာကတော့ Laksa ခေါက်ဆွဲကို ပုစွန်၊ Fish Cake၊ ကြက်ဥတို့နဲ့ အတူ Laksa Paste, Laksa Leaf တို့ပါဝင်ပြီး မြန်မာအုန်းနို့ ခေါက်ဆွဲတွေနဲ့တော့ အရသာမတူ၊ ကွဲလွဲပါတယ်။

Dessert အနေနဲ့ မြည်းစမ်းခဲ့တဲ့ Chendol နဲ့ Ice Kachangမှာတော့ Chendol က အုန်းနို့နဲ့ ပြုလုပ်ထားတဲ့ Dessert ဖြစ်ပြီး Bean, Brown Sugar တို့ ပါဝင်တဲ့ Chendol Dessert က မုန့်လက်ဆောင်းလိုပုံစံမျိုးပါ။ Ice Kachang ကတော့ Jelly, ရေခဲ၊ Syrup, ပြောင်းဖူးတို့ ပါဝင်တဲ့ ရေခဲသုပ် တမျိုးပါ။

ဆိုင်ဖွင့်တာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ “Peperoni” အီတလီစားသောက်ဆိုင်က စင်ကာပူ Franchise စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်ဖွင့်ချိန် နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ၊ အပတ်စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး စနေနေ့ ညတွေမှာဆိုရင် Unplugged တီးဝိုင်းသီဆိုဖျော်ဖြေမှုနဲ့ တနင်္ဂနွေနေ့ နေ့လယ်တွေမှာမိသားစု၊ အပေါင်းအသင်းစုံညီသွားရောက် စားသောက်နိုင်တဲ့ Sunday Brunch Buffet တို့ ရှိတယ်ဆိုတဲ့ အကြောင်းလက်တို့ပေးလိုက်ပါတယ်။ ။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved