ဂျပန်ရိုးရာယဉ်ကျေးမှု၊ အစားအစာများနဲ့ အကအလှများကို လေ့လာခွင့်ရမယ့် “ဂျပန်ပွဲတော် ၂၀၁၅”

Thursday, December 3, 2015




မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများ အသင်း၊ ရန်ကုန် ဂျပန်လူမျိုး အသင်းတို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ “ဂျပန်ပွဲတော် ၂၀၁၅” ကို ရန်ကုန်မြို့မှာ မကြာခင်ကျင်းပသွားမယ်လို့ ဂျပန်သံရုံးမှ  သတင်းရရှိပါတယ်။

“ဂျပန်ပွဲတော် ၂၀၁၅ (Japan Pwe Taw 2015)” ကို ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ မြရိပ်ညိုဟိုတယ်မှာ နေ့လည် ၂ နာရီကနေ ည ၈ နာရီ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲတော်နေ့မှာ ကရာတေးသရုပ်ပြကစားခြင်း၊ ကခုန်ခြင်းများနှင့် ကာရာအိုကေ တေးသီချင်း သီဆို ပြိုင်ပွဲများကို ပြင်ပရှိ စတိတ်စင်မှာ ကျင်းပသွားမှာဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု ရိုးရာဓလေ့ အမျိုးမျိုးကို လက်တွေ့ခံစားနိုင် မယ့် စက္ကူခေါက်ခြင်း၊ ဂျပန်ရိုးရာ စာရေးနည်း၊ ဂျပန်ရိုးရာ လက်ဖက်ရည် သုံးဆောင်ခြင်းတို့ကို ဟိုတယ်    အတွင်းပိုင်းရှိ ကောင်တာများမှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

“ပွဲတော် ရည်ရွယ်ချက်အနေနဲ့ ပွဲတော်ထဲမှာ ကျမတို့က ဂျပန်ရိုးရာ ယဉ်ကျေးမှု၊ ဂျပန် အစားအစာ၊ အကအလှတွေနဲ့ ကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့ ဂျပန်ယဉ်ကျေးမှုတွေပါမယ်။ အဲဒါမျိုးတွေကို မြန်မာ လူမျိုးတွေကို မိတ်ဆက်ပေးချင်တာပါ။ နောက်ပြီးတော့ ဂျပန်နဲ့ မြန်မာလူမျိုးကြား ပိုပြီးတော့ ယဉ်ကျေးမှုတွေ ဖလှယ်ဖြစ်မယ်၊ ပိုပြီး ချစ်ကြည်ရင်းနှီးလာမယ်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ” လို့ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများ အသင်းရဲ့ CEO မလှိုင်မိုးမိုးအောင်က ဧရာဝတီကို ပြောပါတယ်။

ပွဲကျင်းပရာ နေရာမှာ ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေနဲ့ ဂျပန်လုပ်ငန်းတွေက ပြခန်းများ ခင်း ကျင်းပြီး စားစရာများ၊ ကုန်ပစ္စည်းများကို ရောင်းချသွားမှာပါ။

ပွဲတော်မှာ ဂျပန်အစားအစာ အမျိုးမျိုးကို တမျိုးလျှင် မြန်မာငွေ ၅၀၀ ကျပ်မှစ၍ ၀ယ်ယူ သုံးဆောင် နိုင်မှာဖြစ်  ပြီး ဂျပန်ပွဲတော်တွေမှာ မြင်နေကျ ဂျပန်အစားအစာတွေဖြစ်တဲ့ Takoyaki ရေဘ၀ဲ အစာသွပ်လုံး ၊ Ikayaki ပြည်ကြီးငါးကင်၊ Onigiri ထမင်းဆုပ်၊ ဆူရှီ စတဲ့ ဂျပန်ရိုးရာ အစားအစာ အမျိုးမျိုးကို ရောင်းချသွားမှာ ဖြစ်  တယ်လို့ သိရပါတယ်။

“ဂျပန်ပွဲတော် ၂၀၁၅” က ၀င်ကြေးအခမဲ့ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲ အစီအစဉ်များစွာနဲ့ အတူ ဂီတမိတ်မှ ဂျပန်သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ Yangon Japanese School မှ ကျောင်းသူ၊ ကျောင်းသားများ ဂီတဖြင့်ဖျော်ဖြေခြင်း၊ Yangon Japanese Association မှ Kendo အလှပြ တင်ဆက်ခြင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ Yosakoi Mugen အက တင်ဆက်ခြင်း၊ မြန်မာကရာတေးဒို အသင်းချုပ်မှ        ကရာတေးဒို အလှပြ တင်ဆက်ခြင်း၊ Wadaiko ဖြင့် ဖျော်ဖြေခြင်း များစတဲ့ ဖျော်ဖြေမှုများစွာကို ဖျော်ဖြေ  တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်အပြီးမှာလည်း ပွဲကို ကြွရောက်လာသူများ အားလုံးစုပေါင်းပြီး ဂျပန်ရိုးရာ အကတမျိုးဖြစ်တဲ့ Bonodori အကကို ကကြမှာ ဖြစ်ပါတယ်။

ယခု ကျင်းပမယ့် “ဂျပန်ပွဲတော်” က မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ    ဂျပန်သံရုံး နဲ့ ရန်ကုန် ဂျပန်လူမျိုးအသင်းတို့ရဲ့ ပထမဆုံးအကြိမ် စီစဉ်ကျင်းပတဲ့ပွဲတော် ဖြစ်တယ်လို့ သိရပါ တယ်။

ပွဲတော်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ၊ အကြောင်းအရာများကို ဂျပန်သံရုံး (မြန်မာ) ၏ Facebook စာမျက်နှာ Japan Pwe Taw (https://www.facebook.com/Japanpwetaw) ကို Like   လုပ်ထားပြီး ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved