အသက်တရာကျော်အထိ ဓါတ်ပုံများရိုက်ကူးနေဆဲဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးအမျိုးသမီးဓါတ်ပုံဂျာနယ်လစ်

Monday, December 7, 2015


ဂျပန်နိုင်ငံရဲ့ အမျိုးသမီးဓာတ်ပုံဂျာနယ်လစ် ဆူနဲကိုဆာစံမိုတို(phot- petapixel.com)

ဆူနဲကိုဆာစံမိုတိုဟာဂျပန်နိုင်ငံရဲ့ပထမဦးဆုံးဓါတ်ပုံဂျာနယ်လစ်တစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဓါတ်ပုံဂျာနယ်လစ်ပညာနဲ့ အသက် (၂၅)နှစ်ကတည်းကစတင်လို့                   အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ဂျပန်စစ်မတိုင်ခင်နဲ့ စစ်ပြီးအချိန်များအား မှတ်တမ်းတင်ခဲ့ပါတယ်။

အသက် ၂၀ အရွယ်တုန်းက ဆာစံမိုတို

သူမဟာ ကမ္ဘာ့အသက်အကြီးဆုံးဓါတ်ပုံဆရာတစ်ဦးအနေနဲ့ ထင်ပေါ်ကျော်ကြားခဲ့ပြီး ဒီနှစ် စက်တင်ဘာလမှာ အသက် (၁၀၁)နှစ်ပြည့်ခဲ့ပါပြီ။ သို့ပေမယ့် သူမဟာ ယခုထက်ထိဓါတ်ပုံများကို ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။

လက်ရှိအနေနဲ့ ဆာစံမိုတိုဟာ သူမရဲ့ ဓါတ်ပုံဂျာနယ်လစ် သက်တမ်း (၇၀)အတွင်းမှာ ရိုက်ကူးခဲ့တဲ့ပုံများကို  ပြန်လည်စုစည်းတင်ပြဖို့ ကြိုးစားနေတယ်လို့ ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ NHK က ဖော်ပြထားပါတယ်။
ပြီးခဲ့သောနှစ်က သူမရဲ့ဘယ်ဖက်လက်နဲ့ ခြေထောက်နှစ်ဖက်စလုံးကျိုးခဲ့ရလို့ လှုပ်ရှားမှု နည်းပါးသွားရပေမယ့် ဓါတ်ပုံရိုက်တဲ့ ၀ါသနာကတော့ ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။ သူမဟာ ပြန်လည် သန်စွမ်း လာဖို့အတွက် လေ့ကျင့်ခန်းများ ပြုလုပ်နေတဲ့အပြင် တစ်ချိန်တည်းမှာပဲ “ဟနအခါရီ” သို့မဟုတ် “ ဖူးပွင့်ဝေဆာနေသောပန်းကလေး” လို့ အမည်ပေးထားတဲ့ သူမရဲ့ပရောဂျက်တစ်ခုအတွက် ပန်းပွင့်များကို ဓါတ်ပုံရိုက်ကူးလျက်ရှိပါတယ်။ သူမဟာ အဲဒီပရောဂျက်လေးကို လွန်သွားခဲ့ပြီဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း ဓါတ်ပုံဆရာ၊ ဆရာမများကို ရည်စူး ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အသက် ၉၂ အရွယ် ဆာစံမိုတို

အဖွားဆာစံမိုတိုက “ကျွန်မတို့တတွေဟာ ဘ၀မှာ ပျင်းရိခြင်းမရှိအောင် နေထိုင်တတ်ဖို့လိုပါတယ်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးဘဲအရာရာကိုအကောင်းမြင်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ လူတိုင်းကို သိစေချင်တာ တခုကတော့ မိမိကိုယ်ကိုသတိတရားနဲ့ နေထိုင်တတ်အောင်လေ့ကျင့်ပါ။ ဒါမှ ဘ၀မှာ ရှေ့ဆက်လှမ်းဖို့ဖြစ်နိုင်မယ်။” လို့ NHK သတင်းဌာနကိုဆိုခဲ့ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။http://petapixel.com/2015/10/05/japans-first-female-photojournalist-is-still-shooting-at-the-age-of-101/


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved