Showing posts with label Pyi Taw Myint. Show all posts
Showing posts with label Pyi Taw Myint. Show all posts

ရေဘေးကြောင့် အနည်းဆုံး ၃ ဦး သေဆုံးတဲ့ မြဝတီမှာ ရေပြန်ကျပြီ

Thursday, August 1, 2013 0 comments



မြ၀တီမှာ ၄ ရက်ဆက်တိုက် တမြို့လုံးနီးပါး ကြုံတွေ့နေရတဲ့ နှစ် ၂၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး ရေဘေးဟာ ဒီနေ့မှာတော့ သူ မဟုတ်သလိုပါပဲ၊ မြဝတီက လမ်းပေါ်မှာ  ရေမရှိတော့ပါဘူး။ 

ဒီညနေပိုင်းမှာ တွေ့ရတဲ့ မြ၀တီမြို့ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

  
ရေဘေးဒဏ်ကြောင့် မြို့ထဲမှာ စက်လှေတွေနဲ့ သွားလာနေရတဲ့မြ၀တီမှာ၊ အခုတော့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ ပြန်လည်ပြေးဆွဲနေပါပြီ။

ဒီရေဘေးကြောင့်မြ၀တီမှာ ဒီနေ့ လူသေအလောင်း ၃ လောင်းတွေ့ရှိတယ်၊ အဲဒါတွေက အခု  မြ၀တီနာရေးကူညီမှုအသင်းရဲ့ဇရပ်မှာ ရောက်ရှိနေပါတယ်၊ ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိရသေးဘူးလို့ နာရေးအသင်းက ဆိုပါတယ်။

ဒီထက်မက သေဆုံးသူတွေရှိနိုင်ဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

မြ၀တီမြို့ပြင်မှာ မြန်မာအလုပ်သမား ၄၀ စီးလာတဲ့စက်လှေတစင်း တနေ့ကတိမ်းမှောက်တယ်၊ ဘာအစအနမှ မရသေးဘူးလို့ မြို့ခံတွေကပြောနေပေမဲ့ အာဏာပိုင်တွေက ဒီပါးစပ်သတင်းကို အတည်ပြုခြင်း မရှိပါဘူး။

"ဒီနေ့ညနေအထိ အလောင်း ၃ လောင်းပဲ ရရှိထားတယ်" ဆိုပြီး မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

 


ရေ လုံးဝကျသွားတဲ့ဒီနေ့မှာ လူမှုရေးအသင်းတွေ၊ နယ်ခြားစောင့်တပ်၊ မီးသတ်၊ ရဲ၊ စစ်တပ်၊ လ၀က၊ စည်ပင်သာယာနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ သန့်ရှင်းရေးလုပ်နေ ကြပါတယ်။ ချစ်ကြည်ရေးတံတားကိုတော့ မနက်ဖြန်ကျရင်ပုံမှန်မြန်ပြီးဖွင့်မယ်လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတဦးကပြောပါတယ်။


ဒီနေ့ဆိုရင် မြ၀တီကရေဘေးဒုက္ခသည်အချို့ အိမ်ပြန်နိုင်ကြပေမဲ့ အချို့ရေ၀ပ်နေတဲ့ရပ်ကွက်ကလူတွေ ကယ်ဆယ်ရေးစခန်းမှာ ကျန်ရှိနေပါသေးတယ်။ သူတို့ရဲ့နေ ထိုင် စားသောက်ရေးကိုတော့ မြ၀တီခရိုင်နဲ့မြို့နယ်အာဏာပိုင်အဖွဲ့ကပဲ တာဝန်ယူထားပါတယ်။

ရေဘေးဒုက္ခသည်တွေကတော့ လောလောဆယ်သူတို့မှာ ရေသန့်နဲ့စားစရာအချို့ လိုအပ်နေပါတယ်လို့ ပြောကြပါတယ်။



ဒီသတင်းနဲ့ ဆက်စပ် ဖတ်ကြည့်သင့်တာကတော့
ဒေါနတောင်ကျော်ကားလမ်း တောင်ပြို လမ်းပိတ်မှု မြင်ကွင်းများ
http://blog.irrawaddy.org/2013/08/blog-post_633.html ဖြစ်ပါတယ်။


.


ဒေါနတောင်ကျော်ကားလမ်း တောင်ပြို လမ်းပိတ်မှု မြင်ကွင်းများ

0 comments

.

 မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ တောင်ပြိုမှုတွေ ၁၀ နေရာကျော် ပေါ်ပေါက်လာတဲ့အတွက် လမ်းပိတ်သွားတာ ၅ ရက်ရှိသွားပါပြီ။



 ယနေ့တွေ့ရှိရသည့် မြ၀တီ-ကော့ကရိတ်ဒေါနတောင်ကျော်ကားလမ်း မြင်ကွင်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ဒါကြောင့် မြဝတီ-မဲဆောက် လမ်းကြောင်း ကုန်သွယ်ရေးလုပ်ငန်း လုံးဝ ရပ်ဆိုင်းသွားပါတော့တယ်။

ဒီလမ်းကြောဟာ မြန်မာပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ အင်မတန် အရေးပါတဲ့လမ်း ဖြစ်တာကြောင့် လက်ရှိ တောင်ပြိုလမ်းပိတ်မှုဟာ သက်ရောက်မှု အင်မတန် ကြီးမားပါတယ်။

မြ၀တီမြို့ နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ကံက "ဒီလမ်းကို နေပြည်တော် လမ်းတံတားအထူးအဖွဲ့က ဒီနေ့ ကော့ကရိတ်ကနေ စတင်ပြီး ပြင်ဆင်နေပါတယ်" လို့  ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ပြင်ဆင်မှုအတွက် အချိန် ဘယ်လောက်ကြာမယ် ဆိုတာ မသိရသေးပါဘူး။
 
ဒီလမ်းကြောကနေတဆင့် ထိုင်းနဲ့မြန်မာကုန်စည်တွေ တလကိုပျှမ်းမျှ ထိုင်းဘတ် သန်း ၄,ဝဝဝ ကျော်ဖိုး အပြန်အလှန်တင်ပို့နေကြတာပါ။

ဒီလမ်းကြော ရက်ရှည်ပိတ်နေမယ်ဆိုရင် နှစ်ဖက်စလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ကုန်ဈေးနှုံး အဆမတန်ကြီးမြှင့်မှုဒဏ်တွေကို ရင်ဆိုင်ကြရမှာဖြစ်တယ်ဆိုပြီး ကုန်သည်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။




.


ဒေါက်တာစင်သီယာမောင်ဆေးခန်း နဲ့ ရေဘေးအန္တရာယ်

Tuesday, July 30, 2013 0 comments



ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းတဲ့အတွက် ရေဘေးကျရောက်တဲ့အထဲမှာ မယ်တော်ဆေးခန်းလည်း ပါဝင်ပါတယ်။ ဆေးခန်းထဲ ရေ၀င်လို့ လူနာ ၂၀၀ ကို ဒီနေ့အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။



ရေဘေးဒဏ်ခံရတဲ့မယ်တော်ဆေးခန်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


အဲဒီလူနာတွေကို ဆေးခန်းရဲ့ တဖက်ခြမ်းမှာရှိတဲ့ CDC အထက်တန်းကျောင်းမှာ ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။  လူနာတွေရော လူနာစောင့်တွေပါ ဆိုရင် အားလုံး ၃၀၀ လောက်ရှိပါတယ်။

ရေဘေးဒဏ်ခံရတဲ့လူနာတွေဟာ မြန်မာနိုင်ငံဘက်ကနေ မယ်တော်ဆေးခန်းမှာ ဆေးဝါးကုသမှုလာရောက်ခံယူကြသူတွေဖြစ်ပြီး၊   သူတို့ကို မယ်တော်ဆေးခန်းက အခမဲ့ ၀န်ဆောင်မှုပေးနေတာပါ။


ရေဘေးဒဏ်ကြောင့်အခုလို မယ်တော်ဆေးခန်းကလူနာတွေ အကုန်လုံး ဘေးလွတ်ရာ ရှောင်ကြရတာကတော့  ပထမဆုံးဖြစ်ပြီး အရင်က ဒီလို အခြေအနေဆိုးတွေ မကြုံရဘူးလို့ ဆေးခန်းမှူးတဦးက ဧရာဝတီသတင်းဌာနကို ဆိုပါတယ်။

ဒီလူနာတွေကိုအကူအညီပေးချင်ရင် CDC အထက်တန်းကျောင်းမှာ သွားရောက်ကူညီနိုင်တယ်လို့ ဆေးခန်း တာဝန်ရှိသူတဦးကပြောပါတယ်။


မယ်တော်ဆေးခန်းဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူဘို့ လိုအပ်နေတဲ့  နှစ်စဉ် လူနာ ၁၃၀,၀၀၀ ကို အခမဲ့ဝန်ဆောင်မှု  ပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။

 ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံဖွင့်ထားတဲ့  မဲဆောက်မြို့ပြင်က ထိုင်းမူလတန်းကျောင်း တကျောင်းလည်း  တောင်ကျရေကြောင့် မနေ့ညက ပျက်စီးသွားခဲ့ရပါတယ်၊  အဲဒီကျောင်းမှာမြန် မာကလေးငယ်အချို့ ပညာသင်ကြားနေကြပါတယ်။



.


မြဝတီမိုးကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးရ

Monday, July 29, 2013 0 comments


  ဆယ်ရက်နီးပါး အဆက်မပြတ်မိုးရွာတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်မဲဆောက်နဲ့မြ၀တီမှာ ရေကြီးလို့ လူထောင် ပေါင်းများစွာ ရေဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ယနေ့တွေ့ရှိရသည့် မြ၀တီမြို့ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ဒီလ ၂၁ ရက်ကစတင်တဲ့မိုးကြောင့် မြ၀တီမှာရှိတဲ့ ရပ်ကွက် ၅ ခုက လူ ၅,၀၀၀ ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး သူတို့ကို မြ၀တီခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ မြို့ခံ လူမှုရေး အသင်းအဖွဲ့တွေကနေ အကူအညီပေးနေရပါတယ်။

အထက်တန်းကျောင်း ၂ ကျောင်း အပါအ၀င် ကျောင်းအချို့ ဒီနေ့ကစပြီး ပိတ်ထားရပါပြီ။ ပစ္စည်းဆုံးရှုံးမှုအချို့ ရှိပေမဲ့ လူအသေအပျောက်တော့ မရှိဘူး လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကိုကူးသန်းရာမှာ သုံးတဲ့ နယ်စပ်ဂိတ် မြင်ကွင်း

နှစ်နိုင်ငံနယ်ခြားသောင်ရင်းမြစ်ရေလျှံတဲ့အတွက် အခုလိုရေတွေကြီးပြီး မြ၀တီကမ်းနားပိုင်း ရပ်ကွက်ကလူတွေ အချို့နေရာတွေမှာ မနေ့ကစပြီး လှေတွေ အသုံးပြုပြီး မြို့ထဲသွားလာနေရပါတယ်။

သောင်ရင်းမြစ်ရေလျှံတာကြောင့် ထိုင်းဘက်ခြမ်းမှာလည်း ကမ်းနားပိုင်းက ထောင်နဲ့ချီတဲ့လူတွေ ရေဘေးလွတ်ရာ တိမ်းရှောင်နေရပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလည်း ရပ်နားထားရတယ်လို့ ထိုင်းကုန်သည်ကြီးတဦးက ပြောပါတယ်။


မဲဆောက်မှာတော့ ရေကြီးတဲ့အတွက် မြန်မာရွှေ့ပြောင်းကျောင်းတွေထဲက ဆာသူးလေ အထက်တန်းကျောင်း အပါအ၀င် ကျောင်း ၁၀ ကျောင်းလောက် ပိတ်ထားရပါတယ်။

ထိုင်းနိုင်ငံ ဇလဗေဒဌာနရဲ့သတင်းထုတ်ပြန်ချက်အရ ဒီဒေသမှာ နောက်ထပ် ၃ ရက် ဆက်ရွာအုံးမယ်လို့ သိရတဲ့အတွက် ရေဘေးဒုက္ခသည်တွေကိုယ်အိမ်ကိုယ်ပြန်ဘို့ ခဏ စောင့်ရအုံးမယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ရေဘေးဒုက္ခသည်တွေကို အသိပေးထားပါတယ်။

အခုလိုရေကြီးတာက မဲဆောက်နဲ့မြ၀တီမှာ  ၃ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပြီး အရင်နှစ်တွေက လူအသေအပျောက်ရှိခဲ့တယ်။




.


အာဏာပိုင်တွေ မတက်ကြတဲ့ မြဝတီမြို့အာဇာနည်နေ့အစီအစဉ်

Friday, July 19, 2013 0 comments


ခရိုင်မြို့တခုဖြစ်တဲ့ မြဝတီမှာလည်း အာဇာနည်နေ့အခမ်းအနား ကျင်းပပါတယ်။
သို့သော်လည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်တွေကတော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒီအကြောင်း ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က သတင်းပို့ထားပါတယ်။ သူပို့ထားတဲ့ ပုံများစွာထဲက တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။



မြ၀တီမြို့တွင် ၂၅ နှစ်ကြာကျင်းပခွင့်မရရှိခဲ့သည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့တွင်မြို့မိမြို့ဖများက အောင်မြင်စွာကျင်းပခဲ့ကြသည်။

မြ၀တီတွင်ယနေ့ကျင်းပသည့် ၆၆ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံရေးပါတီများနှင့် လူမှုရေးအ သင်းအဖွဲ့များမှ လူဦးရေ ၆၀၀ ကျော်တက်ရောက် အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲ အလေးပြုခဲ့ကြပြီး အဖွဲ့အစည်းများအလိုက် လွမ်းသူ့ပန်းခွေချကာဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသည့် အာဇာနည်မန်းဘခိုင်၏မြေးဖြစ်သူ ဒေါ်သန်းသန်းခိုင်က
“မြန်မာသာမက ကမ္ဘာကပါ ဂုဏ်ယူလေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုခွင့်ရတဲ့အ တွက် ရင်ထဲမှာအတိုင်းမသိဝမ်းသာပါတယ် အဘိုးဟာကရင်မြန်မာချစ်ကြည်ရေးကို အဓိကဖေါ်ဆောင်ခဲ့ပါ တယ်”  ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

နိုင်ငံရေးပါတီများနှင့်လူမှုရေးအသင်းအဖွဲ့ (၃၀)ကျော်တက်ရောက်ခဲ့သော်လည်း ကျောင်းသားလူငယ်များပါဝင် ခြင်း မရှိသည့်အတွက် လာမည့်နှစ်တွင် ကျောင်းသားလူငယ်များ ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု မြ၀တီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိန်ဗိုလ်ကပြောသည်။

၎င်းက
“ဒီကနေ့ကျင်းပတာ ကျောင်းသားကျောင်းသူတွေ မပါသေးဘူး။ သူတို့လည်းတက်ရောက်ဘို့လိုတယ်။ ဒါမှသာလျှင် အာဇာနေ့ဆိုရင် ဘာလဲ ဆိုတာ ကလေးတွေသိကြမယ်”ဟုပြောသည်။

မြ၀တီတွင် ၂၅ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပသည့်ကိစ္စနှင့်ပတ်သက်၍
“ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဘဲ ပြည် သူလူထုအနေနဲ့ကတော့ အာဇာနည်ကြီးတွေရဲ့မိန့်ဆိုချက်တွေကို အမှတ်တရလေးစားလိုက်နာဘို့ အကောင် အထည်ဖေါ်ဘို့ အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသင့်တယ်” ဟုလည်း ဦးစိန်ဗိုလ်ကဖြည့်စွက်ပြောကြားသည်။

ယနေ့အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ မြ၀တီခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခြင်း မရှိသည့်အတွက် နားမလည်နိုင်အောင်ဖြစ်ရ သည်ဟု သုံးသပ်ပြောဆိုကြသူများလည်း ရှိသည်။

မြ၀တီမြို့တွင် ၆၆ ကြိမ်မြောက်အာဇာနည်နေ့ဖြစ်မြောက်ရေးကို မြို့မိမြို့ဖများနှင့်ဖွဲ့စည်းထားသည့် မြ၀တီမြို့ နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၅ နှစ်အကြာတွင်ပြန်လည်ကျင်းပသည့် မြ၀တီမြို့အာဇာနည်နေ့တွင် ဂုဏ်ပြုဥသြဆွဲသံပြန်ကြားရသဖြင့် မျက်ရည်ကျသည်အထိ ၀မ်းသာပီတိဖြစ်ရသည်ဟု မြို့ခံစစ်မှုထမ်းဟောင်းတဦးကဆိုသည်။

ဗိုလ်ချုပ်ကျောက်တိုင်တည်ရှိရာ မြ၀တီမင်းကြီးဦးစပန်းခြံကို ယခင်စစ်အစိုးရတာဝန်ရှိသူတဦးက စီးပွားရေးသ မားတဦးကိုရောင်းချခဲ့သဖြင့် အာဇာနည်နေ့ကျင်းပခွင့်မရခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီးဖြစ်သည်။

ပန်းခြံနှင့်ဗိုလ်ချုပ်ကျောက်တိုင် ပြန်လည်ရရှိရေးအတွက် မြို့မိမြို့ဖများဦးဆောင်၍ လွှတ်တော်မှတဆင့် အရေးဆိုရာမှ ပြန်လည်ရရှိခြင်းဖြစ်သည်ဟုမြို့ခံများကပြောသည်။

 








.


DKBA ရဲ့ မူလတန်းကျောင်း

Thursday, July 18, 2013 0 comments


ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။


ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်သစ်  (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)


 ကလေးငယ် ၁၀၀ ခန့်ပညာသင်ကြားနေသည့်ကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်   ကလို့ထူးဘော(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်က တိုင်းပြည်၏အနာဂတ်သည်  ပညာရေးတွင်မူတည်ကြောင်း ပြောသည်။

 ၎င်းက "ကျွန်တော်တို့တိုင်းပြည်မှာ အဓိကလိုအပ်နေတာက ပညာရေးပဲ။ ပညာရေးစနစ်ကောင်းမှ ပညာတတ်တွေရှိမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ပြီး တိုင်းပြည်တက်တက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးငယ်တွေ ပညာတတ်မြောက်ဘို့အတွက်ကို ဦးစားပေး လုပ်ဆောင်တာဖြစ်တယ်" ဟု ပြောသည်။
အလှူရှင်ဇနီးမောင်နှံ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
ကျောင်းဆောင်သစ်ကို ယနေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ၅၁ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်ဖွဲ့လှစ်ခြင်းဖြစ်သည်ဟုလည်း မွေးနေ့ရှင်ကပြောသည်။

ကျောင်းတွင် ဒေသခန့် ဆရာဆရာမ ၄ ဦးက အစိုးရ ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးလျက်ရှိသည်။

ကလေးငယ်တို့၏ မိဘများမှာ အနယ်နယ် အရပ်ရပ်မှ လာရောက်အခြေချသူများဖြစ်ပြီး ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။

 ကလို့ထူးဘော(DKBA)အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင်  ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း နှင့်လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။



.


အာဇာနည်နေ့ မြဝတီကို ပြန်လာပါပြီ

Saturday, July 13, 2013 0 comments


ကရင်ပြည်နယ် မြဝတီမြို့မှာ ၂၅ နှစ်ဝန်းကျင်အတွင်း ပထမဆုံးအကြိမ် ကျင်းပတော့မယ့် အာဇာနည်နေ့ အခမ်းအနားအတွက် ဒေသခံတွေက အရန်သင့်ဖြစ်နေကြပါပြီ။


ဒီကနေ့ တွေ့ရတဲ့  မြ၀တီမင်းကြီးဦးစပန်းခြံ နဲ့ အာဇာနည်ကျောက်တိုင် (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)


ယိုယွင်းပျက်စီးနေတဲ့ မြ၀တီမင်းကြီးဦးစပန်းခြံဝင်းထဲက ဗိုလ်ချုပ်ကျောက်တိုင်ကွင်းကို ပြင်ဆင်ခဲ့တာအခုဆိုရင် ပြီးစီးသလောက်ဖြစ်နေပြီ၊
ဒီလ ၁၉ ရက်နေ့မှာကျရောက်မဲ့ ၆၆ ကြိမ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုကျင်းပဘို့အတွက် မြ၀တီမြို့ခံတွေစု ပေါင်းထည့်ဝင်ငွေ ကျပ်သိန်း ၄၀၀ ကျော်နဲ့ ပြင်ဆင်ခဲ့တာလို့ ရပ်မိရပ်ဖတွေက ဧရာဝတီသတင်းဌာနကိုဒီနေ့ပြောဆိုကြပါတယ်။

သူတို့အဆိုအရ ကျောက်တိုင်နဲ့ပန်းခြံကိုပြုပြင်ရာမှာ ကရင်ပြည်နယ်အစိုးရက တပြားတချပ်မှ ထည့်ဝင်တာမရှိဘဲ မြို့ခံတွေရဲ့အားပေးကူညီမှုနဲ့ မြ၀တီမြို့ စည်ပင်သာရေးအဖွဲ့က ဦးဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တိုင်နဲ့ပန်းခြံကိုဦးဆောင်ပြင်ဆင်တဲ့ မြို့နယ်စည်ပင် ဆိုတာက မြို့ခံရပ်မိရပ်ဖအတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရရဲ့ စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပါတယ်။

အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ကျောက်တိုင်နဲ့မြ၀တီမင်းကြီးဦးစပန်းခြံကို အရင်စစ် အစိုးရလက်ထက်က စီးပွားရေးသမားတဦးကို ရောင်းချခဲ့ရာကနေ ခြံဝင်းပိတ်ထားခြင်းခံခဲ့ရတာပါ။

ယခင်စစ်အစိုးရ လက်ထက်မြ၀တီမှာမွေးတဲ့ ကလေးငယ်တွေဟာ အာဇာနည်နေ့ဆိုတာ မသိတော့ဘဲ ဗိုလ်ချုပ်ဆိုတာ အရင်စစ်အစိုးရကို ဦးဆောင်သွားတဲ့လူလို့ ထင်နေကြတယ်ဆိုတဲ့အကြောင်း မြို့ခံတဦးကဆိုပါတယ်။

မြို့ခံစစ်ပြန်ကြီးတဦးကတော့”အာဇာနည်နေ့ပြန်လည်ကျင်းပခွင့်ရပေမဲ့ အရင်လိုဥသြဆွဲတဲ့အစီအစဉ်ရမရတော့ မသိရသေးဘူး ရတန်ကောင်းပါရဲ့ဗျာ။
 ဒါမှကျွန်တော့မြေးလေးတွေကို အာဇာနည်နေ့ရဲ့အနှစ်သာရကဘာလဲ၊ ဘာဖြစ်လို့ဒီအခမ်းအနားကို လူတွေကျင်းပဂုဏ်ပြုချင်ရတာလဲ ဆိုတာ အဲဒီနေ့ကျရင်အချိန်အခါသမယနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကလေးတွေကို ရှင်းပြရမယ်” လို့ သူ့ဆန္ဒကိုပြောပါတယ်။

ကရင်ပြည်နယ်မှာ ၇ မြို့တဲ့ရှိတဲ့အထဲက အာဇာနည် ကျောက်တိုင်နဲ့ပန်းခြံကို မြို့ခံတွေရဲ့ ထည့်ဝင်ငွေနဲ့ အကြီးစားပြင်ဆင်မှုတွေ လုပ်ပြီး အာဇာနည်နေ့ ကျင်းပခွင့်ရဘို့ အာဏာပိုင်တွေဆီမှာ ရဲရဲဝံ့ဝံ့ တောင်းဆိုရဲတာ မြ၀တီကလူတွေဘဲရှိတယ်ဆိုပြီး ဘားအံကအငြိမ်းစားကျောင်းဆရာတဦးက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။




.


လုပ်ဖော်ကိုင်ဘက်ဟောင်းများ ဆုံကြမယ့် ရန်ကုန် ရှစ်လေးလုံးငွေရတုပွဲ

0 comments

 ၈၈ မျိုးဆက် ခေါင်းဆောင်တချို့က ထိုင်းမြန်မာနယ်စပ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထံ  ရောက်လာပြီး  ရန်ကုန်မြို့မှာ ကျင်းပမယ့် ၈ လေးလုံး လူထုလှုပ်ရှားမှု ငွေရတုနှစ်ပတ်လည်အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားနေပါတယ်။


 ငွေရတုပွဲအတွက်ဖိတ်စာနဲ့အတူ မနေ့က မဲဆောက်ကိုရောက်လာတဲ့ ကိုမြအေးတို့အဖွဲ့ နဲ့ နယ်စပ်အခြေစိုက် နိုင်ငံရေးသမားတချို့ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)

ထိုင်းနယ်စပ်က အင်အား ၃၀ ဝန်းကျင် ငွေရတုပွဲ တက်ရောက်ဖွယ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)က ဦးထွန်းအောင်ကျော်က ပြောပါတယ်။

”ကိုမြအေးတို့ ကိုစိုးထွန်းတို့ လူကိုယ်တိုင် လာဖိတ်တယ်။  နယ်စပ်က အဖွဲ့အစည်းတွေနဲ့လူတွေကို လေးစား အသိအမှတ်ပြုတဲ့အတွက်ဖိတ်တာလို့ ပြောတယ်” လို့ ဦးထွန်းအောင်ကျော်က ဧရာဝတီသတင်း ဌာနကိုပြောပါတယ်။

သူတို့ဖိတ်တဲ့အထဲမှာ KNU, DPNS, ABSDF, NLD-LA အပါအ၀င် နိုင်ငံရေး၊ စစ်ရေး အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော်ရှိပြီး တချို့တွေကိုတော့ တသီးပုဂ္ဂအနေနဲ့ဖိတ်ကြားကြောင်း သိရပါတယ်။

၈ လေးလုံး ငွေရတုအခမ်းအနားကို လာမယ့် သြဂုတ်လ ၈ ရက် နေ့မှာ စတင်ပါမယ်။
အခမ်းအနား မတိုင်ခင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲကို နှစ်ရက်ကြာပြုလုပ်မှာပါ။

ငွေရတုမှာ အဓိကဆွေးနွေးမဲ့အကြောင်းအရာ ၆ ခု -

၁-အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်။
၂-လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှု။

၃-တိုင်းရင်းသားအရေးနှင့်အနာဂတ်ပြည်ထောင်စု။
၎-စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေး။

၅-မြန်မာ့နိုင်ငံရေးနှင့်ဒီမိုကရေစီအင်အားစုများ၏အခန်းကဏ္ဍ။
၆-တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး။

ရရှိလာတဲ့နိုင်ငံရေးရလာဒ်တွေကို သြဂုတ်လ ၈ ရက်နေ့ရှစ်လေးလုံးငွေရတုနေ့မှာ အတည်ပြု မှတ်တမ်းတင် ထုတ်ပြန်ကြေညာမှာဖြစ်တယ် ဆိုတဲ့အကြောင်း အခမ်းအနားကျင်းပရေးကော်မတီထံကနေ သိရပါတယ်။

အရေးတော်ပုံကို ဂုဏ်ပြုဖော်ကျူးထားတဲ့ အနုပညာတင်ဆက်မှု အစီအစဉ်လည်း ပါဝင်ကြောင်း သိရပါတယ်။ 

၁၉၈၈၊ ၈ လပိုင်း ၈ ရက်နေ့နဲ့ အဲဒီဝန်းကျင်ကာလမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးတခု မြန်မာပြည်အနှံ့မှာ ပေါ်ပေါက်ခဲ့တာပါ။
အရေးတော်ပုံကြီးကို စစ်တပ်က ပစ်ခတ် ဖြိုခွင်းအပြီးမှာ ဒီမိုကရေစီ တောင်းဆိုသူ အများအပြား နယ်စပ်ဒေသကို တိမ်းရှောင်သွားကြပါတယ်။
မြန်မာပြည်တွင်းမှာ ဆက်လက် ရပ်တည်လှုပ်ရှားသူ အများအပြားလည်း နောက်ပိုင်းမှာ ထိန်းသိမ်းခံကြရပါတယ်။

တနိုင်ငံလုံး ပါဝင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကြီး အခုဆိုရင် ၂၅ နှစ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် ငွေရတု အခမ်းအနားကို ရန်ကုန်မှာ တခမ်းတနား ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။
မန္တလေး နဲ့ တခြား ဒေသတချို့မှာလည်း အလားတူ အခမ်းအနားမျိုး ကျင်းပဖို့ စီစဉ်နေကြောင်း သိရပါတယ်။

နယ်စပ်ဒေသ နဲ့ ပြည်ပကို တိမ်းရှောင်သွားသူ အများအပြားလည်း နေရပ်ရင်းကို စွန့်ခွာခဲ့တာ ၂၅ နှစ် ပြည့်ပြီလို့ ဆိုရပါမယ်။

ရှစ်လေးလုံး ငွေရတုကို စစ်တပ်က သူတို့နဲ့ မဆိုင်သလို နေသွားမယ်လို့ ယူဆရပါတယ်။

၁၉၈၈ လူထု လှုပ်ရှားမှုကြီးကို အကြမ်းဖက်ဖြိုခွင်းရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေဟာ အခုဆိုရင် ကွယ်လွန်သွားကြ၊  တချို့လည်း စစ်တပ်ကနေ အငြိမ်းစားယူသွားကြပြီလို့ သိရပါတယ်။



.


ဒေါက်တာစင်သီယာမောင်ဆေးခန်း မြေနေရာတချို့ ရောင်းစားခံရ

Monday, July 8, 2013 0 comments



ထိုင်းမြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်း အစိတ်အပိုင်းတချို့ နဲ့ စာသင်ကျောင်းရဲ့ မြေနေရာကို ပိုင်ရှင်အဖြစ်အမည်ခံထားတဲ့ ထိုင်းအဖွဲ့အစည်းတခုက ရောင်းစားလိုက်ပါတယ် တဲ့။
ဆေးခန်း နေရာပြောင်းရွှေ့ရဖွယ် အခြေအနေနဲ့ ကြုံနေရတဲ့ အကြောင်း သတင်းထောက် ပြည်တော်မြင့်က ဒေသခံတချို့နဲ့ ဒေါက်တာစင်သီယာမောင်တို့ကို မေးမြန်းပြီး  အခုလို သတင်းပေးပို့ထားပါတယ်။


အလွှဲသုံးစားခြင်းခံရသည့်မြေနေရာနှင့် အဆောက်အအုံနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းပိုင် မြေနေရာနှစ်ကွက်ကို ဒေသခံဖောင်ဒေးရှင်းအဖွဲ့တခုက  အလွဲသုံးစားပြုကာ ရောင်းချလိုက်သဖြင့် မကြာမီ အဆိုပါမြေကွက်များမှ ဖယ်ရှားပေးရဖွယ်ရှိနေသည်။

မယ်တော်ဆေးခန်းရှေ့မျက်နှာစာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများ အပ်နှံသည့် နေရာမြေကွက်၊ ဆေးခန်း၏ လမ်းမကြီး တဖက်ခြမ်းရှိ CDC မူလတန်းကျောင်း တည်ရှိရာမြေနေရာတို့ကို နိုင်ငံခြားသားအလှူရှင်တဦးက မယ်တော်ဆေးခန်းသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ၀ယ်ယူကာလှူဒါန်းခဲ့ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံသားမဟုတ်သည့် ဆေးခန်းတာဝန်ခံဒေါက်တာစင်သီယာမောင်သည် မြေပိုင်ဆိုင်ခွင့် မရှိသဖြင့် ၎င်းမြေ နှစ်ကွက်ကို  လူမှုရေးအဖွဲ့တခု၏ အမည်ဖြင့်ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ ထိုအဖွဲ့က ထိုင်းနိုင်ငံသားတဦးကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒေသခံ ဝါရင့် သတင်းထောက်တဦးက ပြောပြသည်။

အဆိုပါမြေနှစ်ကွက်မှာ ကာလပေါက်ဈေး ဘတ်ငွေ သိန်း ၃၀ ခန့် (ကျပ်သိန်းတထောင်နီးပါး) ရှိနိုင်သည်ဟု မဲဆောက်ရှိ အိမ်ခြံမြေပွဲစားများက ခန့်မှန်း ပြောဆိုကြသည်။

မြေကွက်အရှုပ်တော်ပုံနှင့်ပတ်သက်၍ နစ်နာသည့်ဘက်က တစုံတရာ အရေးဆိုတောင်းဆိုမှုမရှိသေးသည့် အတွက် ရေရှည်တွင် တရားဥပဒေကြောင်းအရ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်သည်ဟု အငြိမ်းစားထိုင်းရှေ့နေတဦးက သုံးသပ်သည်။

မယ်တော်ဆေးခန်တာဝန်ခံဒေါက်တာစင်သီယာမောင်က ...
”ဒီမြေကိစ္စကြောင့် လက်ရှိ ကျန်းမာရေး ၀န်ဆောင်မှုကိုတော့ တစုံတရာ ထိခိုက်မှု မရှိပေမဲ့ ရေရှည်မှာ အသုံးပြုခွင့် မရခဲ့ရင်တော့ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ပင်မဆေးခန်းကြီး၏မြေနေရာမှာ ထိုင်းမြေပိုင်ရှင်တဦးထံမှ စာချုပ်ဖြင့် ငှားယူအသုံးပြုနေခြင်းဖြစ်သည်။ မြေပိုင်ရှင်က ဆက်လက် သက်တမ်းမတိုးပေးပါက လက်ရှိနေရာမှ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။


မယ်တော်ဆေးခန်းသည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိနေရာမှရွှေ့ပြောင်းပေးရမည်ဆိုပါက အခက်အခဲ မရှိစေရန်အတွက် CDC အထက်တန်းကျောင်းအနီးတွင် ဆေးခန်းအသစ်တခုဆောက်လုပ်မည့် မြေနေရာ ရွေးချယ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေသည်။

ဒေါက်တာစင်သီယာမောင်သည် မယ်တော်ရပ်ကွက်တွင် မြေနေရာငှားရမ်းကာ အဆောက်အအုံများ ဆောက်လုပ်ပြီး  ထိုင်း-မြန်မာနယ်စပ်ရှိမြန်မာဒုက္ခသည်၊ အလုပ်သမားတို့ကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။

မယ်တော်ရပ်ကွက်တွင် ရှိသောကြောင့် ဆေးခန်းအမည်ကို မယ်တော်ဆေးခန်းဟု ခေါ်ဆိုကြသကဲ့သို့  ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး နယ်စပ်သို့တိမ်းရှောင်သည့် ကျောင်းသားများနှင့် ဆက်စပ်နေသောကြောင့် ကျောင်းသားဆေးခန်းဟုလည်း ခေါ်ကြသည်။


 



.


မြဝတီမြို့ကလာတဲ့ သတင်းကောင်း

Sunday, June 30, 2013 2 comments


အာဇာနည်နေ့ ရောက်ဖို့ ရက် ၂ဝ တောင် မလိုတော့တဲ့အချိန်မှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး မြဝတီမြို့မှာ သတင်းကောင်းတခု ရှိနေပါတယ်။

အဲဒါကတော့ ပြည်သူများ နှစ်ပေါင်း ၂ဝ ကျော်  အလေးပြုခွင့်မရခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ အထိမ်းအမှတ် ကျောက်တိုင်ကို  လာမယ့် အာဇာနည်နေ့မှာ အလေးပြုခွင့် ပြန်ရတော့မယ် ဆိုတာပါပဲ။



မြ၀တီ ဗိုလ်ချုပ်ကျောက်တိုင်ပြင်ဆင်မှုနဲ့  မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးသန်းရွှေ
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


ယခင်စစ်အစိုးရက အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းနံဘေး  ဗိုလ်ချုပ်ကျောက်တိုင်ကွင်းကို ရောင်းစားခဲ့တဲ့အတွက်  ပြည်သူများ ၀င်ရောက်အလေးပြုခွင့် ဆုံးရှုံးခဲ့ရတာပါပဲ လို့  မြို့ခံ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“စစ်အစိုးရတက်လာတာနဲ့ အာဇာနည်နေ့ကို မြ၀တီမှာ မလုပ်ရတော့ဘူး။ ဒီကြားထဲဗိုလ်ချုပ်ပန်းခြံကို ပုဂ္ဂလိက စီးပွားရေးသမားလက်ထဲ အပြီး ရောင်းလိုက်တော့ ပိုင်ရှင်ဖြစ်သွားသူက ခြံခတ်ပိတ်လိုက်တာ စစ်အစိုးရ တသက်။ အခုတော့ ဒီနှစ်မှာ ဗိုလ်ချုပ်ပန်းခြံကို ပြည်သူတွေပြန်ရပြီ။ မြို့နယ်စည်ပင်က ပြန်ပြင်နေပြီလေ” လို့ ဒုက္ခိတဖြစ်နေတဲ့ စစ်ပြန်ကြီးက ဧရာဝတီသတင်းဌာနကို ပြောပြပါတယ်။

သူက ဒီလို ဆက်ပြောပါသေးတယ် ...

“ဒီနှစ်တော့ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို အလေးပြုခွင့်ရတော့မယ်ဆိုတော့ တမြို့လုံး ၀မ်းသာနေကြတယ်။ ကျွန်တော်ဆို မျက်ရည်တောင်ကျတယ်”

မြို့ခံတွေကတော့  ဗိုလ်ချုပ်ပန်းခြံ ပြန်လည် ပေးအပ်ခဲ့တဲ့ လုပ်ငန်းရှင်ကို လေးစားနေကြပါတယ်။ 

အသက် ၇၅ နှစ်အရွယ်မြို့ခံဖွားချစ်စုက ...
“ဗိုလ်ချုပ်ပန်းခြံ ပြန်ပေးတဲ့လူကို ကျေးဇူးတင်ပါတယ်၊ သူတော်ကောင်းကြီးတွေ ကျန်းမာ ချမ်းသာကြပါစေ၊ ဒီထက်မကကြီးပွားချမ်းသာပါစေ” လို့ ဆိုပါတယ်။ 

ဒီကျောက်တိုင်ရဲ့ သမိုင်းကြောင်းကို ရှင်းပြနိုင်သူကတော့ မြဝတီမှာ တဦးတည်း ရှိပုံပါပဲ။ သူကတော့ အသက် ၈၂ နှစ်အရွယ် ဦးကျော်သန်း ဖြစ်ပါတယ်။

မြ၀တီမင်းကြီးဦးစပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကျောက်တိုင်ကို ၁၉၆၁ ခုနှစ်၊ မြ၀တီမြို့၏ လက်ထောက်မြို့ပိုင်ဦးတင်စိုးလက်ထက်မှာ တည်ဆောက်တယ်၊
ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်တဲ့  ဦးနုက လာရောက်ဖွင့်လှစ်ပေးတယ် စသဖြင့် ဦးကျော်သန်းက သတင်းထောက်တွေကို ပြောပြပါတယ်။

မြ၀တီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေက  ဗိုလ်ချုပ်ပန်းခြံကို အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက်  အများပြည်သူ ထည့်ဝင်ငွေနဲ့  အကြီးစားပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ ဆိုပါတယ်။

“ကုန်ကျငွေကိုတော့ သိန်းလေးရာလောက်မှန်းထားတယ်။ ကျွန်တော်တို့ပြင်ဆင်မှုမှာ ဗိုလ်ချုပ်ကြေးရုပ်ကြီးတခုပါမယ်၊ နောက်ပြီး ပန်းခြံတခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ ပြင်ဆင်သွားမှာဖြစ်တယ်၊   ၁၉ ရက်နေ့အာဇာနည်နေ့ မီအောင်တော့ လုပ်ဆောင်နေပါတယ်” လို့ ဦးသန်းရွှေက ဧရာဝတီသတင်းဌာနကို ဒီကနေ့ ပြောကြားပါတယ်။

ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ ... ကျောက်တိုင် အောက်ခြေမှာတော့ အာဇာနည်ကြီးများဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ သခင်မြ၊ မိုင်းပွန်စော်ပွား၊ ဦးရာဇတ်၊  ဦးဘ၀င်း၊ ဦးအုန်းမောင်၊ မန်းဘခိုင်၊ ကိုထွေးတို့ရဲ့ အမည်များကို ကဗ္ပည်းရေးထိုးထားပါတယ်။



.


မြဝတီမှာ ဆန္ဒပြရင် ဝတ်ကြတဲ့ ဝတ်စုံ

1 comments

 
နယ်စပ်မြို့ မြဝတီမှာ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာ မရှိသလောက်ပါပဲ။
ရှိရင်လည်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ပြီး ဆန္ဒပြကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။



မြဝတီမြို့ရဲ့ ပထမဆုံး အလုပ်သမား ဆန္ဒပြပွဲ

Saturday, June 29, 2013 0 comments

  ကြာသပတေး ညနေပိုင်းက နယ်စပ်မြို့ မြဝတီမှာ အလုပ်သမားအများ ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ ဒီဒေသမှာ အလုပ်သမားတွေ ပထမဆုံးအကြိမ် ဆန္ဒပြခြင်း ဖြစ်ပါတယ်။
သူတို့ ဘာကြောင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလဲ။
ဒီအကြောင်း ဧရာဝတီ သတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ်။

 ကြာသပတေးနေ့က ကရင်ပြည်နယ် မြဝတီတွင်ဆန္ဒပြခဲ့ကြသည့်အလုပ်သမားများ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)

ထိုင်း-မြန်မာ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU)  အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့်သူ အများအပြား ကာလ ကြာရှည်စွာ စောင့်ဆိုင်းနေရသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်ဟု ၎င်းတို့ကို အကျိုးဆောင်ပေးသည့် မြဝတီအခြေစိုက် ”ဆွေဆွေစံ” ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ၏ မန်နေဂျာ ကိုကျော်မြင့်(ခ)မိုက်ကယ်က သတင်းဌာနများကိုပြောသည်။

၎င်းက ”ကျွန်တော့ဆီမှာ ထိုင်းကိုထွက်ဘို့စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၆ဝဝ လောက်ရှိတယ်။ အခုဆန္ဒလာပြ တာက ၂ဝဝ လောက်ပါပဲ၊
သူတို့စောင့်နေတာ ၇ လရှိပြီ။  အလုပ်သမားဝန်ကြီးဌာနက ဒီလူတွေကိုသွားခွင့်မပြုဘဲ အခြားကုမ္ပဏီကအလုပ်သမားတွေကို အစားထိုး သွားခွင့်ပြုလိုက်တဲ့အတွက် သူတို့ရဲ့ အဂတိလိုက်စားမှုတွေကို သိစေချင်တဲ့အတွက် အခုလို  လာရောက်ဆန္ဒပြရတာဖြစ်တယ်” ဟု ကိုကျော်မြင့်ကပြောသည်။

အမှန်တရားအတွက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူရင်ဆိုင်သွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဆွေဆွေစံ”ကုမ္ပဏီက အကျိုးဆောင်ပေးထားသူများသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား၊   အချက်အလက် အပြည့်အစုံရရှိပြီးဖြစ်ကြောင်း သိရသည်။

၂ နာရီခန့်ကြာသည့်ဆန္ဒပြပွဲသို့ မြဝတီခရိုင်ရဲမှူးဦးအောင်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့ ရောက်ရှိလာပြီး လူစုခွဲစေကာ ကိုကျော်မြင့်နှင့် အလုပ်သမားခေါင်းဆောင်အချို့ကို ခေါ်ဆောင်သွားခဲ့သော်လည်း ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးခြင်းမရှိသေးဟု မြို့ခံတဦးကပြောသည်။

နယ်စပ်မြဝတီမြို့တွင် ယခုကဲ့သို့ မြန်မာအလုပ်သမား အများအပြား ဆန္ဒပြအရေးဆိုခြင်းသည်   ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာပိုင်များ အနေနှင့် အလုပ်သမားများ၏တောင်းဆိုမှုကို ပြေလည်အောင် ဖြေရှင်းပေးသင့်သည်ဟု မြဝတီမြို့ရှိ နိုင်ငံရေး ပါတီကြီး တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ပြီး  အလွယ်တကူ သွားရောက် လည်ပတ်နိုင်သော်လည်း တရားဝင် ရေရှည် အလုပ်လုပ်ကိုင်ခွင့် အတွက် မြဝတီတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မြို့ပေါ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေးကုမ္ပဏီ ၁ဝ ခုခန့်ရှိပြီး ကုမ္ပဏီအချို့နှင့် ပွဲစားအချို့ကြောင့် လိုရာခရီးမပေါက်ဘဲ ဤဒေသတွင် သောင်တင်နေသော အနယ်နယ်အရပ်ရပ်မှ အလုပ်သမား ၃,ဝဝဝ ခန့် ရှိသည်ဟု မြဝတီမှ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက ဧရာဝတီသတင်းဌာနကို ပြောသည်။

ဆန္ဒပြအရေးဆိုမှုကို အာဏာပိုင်များဘက်မှ ပြေလည်အောင်ဖြေရှင်းပေးခြင်း မရှိပါက အလားတူဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်သည်ဟု ထိုင်းဘက်ခြမ်း မဲဆောက်တွင် အခြေစိုက်သည့် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်နေကြသည်။

ကုမ္ပဏီအချို့က အလုပ်သမားတို့ကို ငွေညစ် လိမ်လည်သည်ဟူသော ဖြစ်ရပ်မှာ နယ်စပ် နှစ်မြို့စလုံးတွင် ပေါ်ပေါက်နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မဲဆောက်မြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး အကျိုးဆောင် ပေးသည့် ကုမ္ပဏီအချို့က  အလုပ်သမားများထံမှ ဘတ် တသောင်းကျော်စီ ကြိုတင်ရယူကာ အလွဲသုံးစားပြုထားခြင်းကို မကျေနပ်သဖြင့် ဆန္ဒပြအရေးဆိုသူတချို့ကို ထိုင်းရဲတို့က ထိန်းသိမ်းလိုက်သည်။ 

 အကျိုးဆောင်ကုမ္ပဏီတချို့ နှင့် ကြားပွဲစားတချို့ကို ပုံအပ်မိသဖြင့် ယာယီနိုင်ငံကူးလက်မှတ်မရဘဲဒုက္ခရောက်ကာ မဲဆောက်တွင် နှစ်ဝက်ကြာ သောင်တင်နေသည့် မြန်မာအလုပ်သမား ထောင်ဂဏန်းနီးပါးရှိသည်ဟုသိရသည်။



.


လူငယ် ၈ ဦး တက္ကသိုလ်တက်ဖို့ အရှင်ဆေကိန္ဒ ကူညီမယ်

Thursday, June 27, 2013 0 comments




အထင်ကရ ဆရာတော်တပါးဖြစ်သည့် အရှင်ဆေကိန္ဒသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစာသင်ကျောင်းတကျောင်းသို့ ယနေ့ ရောက်ရှိလာပြီး အထက်တန်းအောင်မြင်ပြီးသူများ တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးနိုင်ရန် အကူအညီပေးမည်ဟု မိန့်ကြားလိုက်သည်။
 
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ ၈ ဦး ရှိကြောင်း သိရသည်။
 

မဲဆောက်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့ ပြင်ဆင်ရန်အတွက် ဆရာတော်က အလှူငွေများ ပေးအပ်ခဲ့သည်။ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
 

 ဗုဒ္ဓဟူးနေ့ကလည်း  မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကလေးငယ်တို့အတွက် ဒေါက်တာအရှင်ဆေကိန္ဒ၏  အထူးတရားပွဲ ကျင်းပရာ ကျောင်းသူကျောင်းသား ၁,၀၀၀ ကျော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဆရာတော်ကမြန်မာကလေးငယ်များကို ၅ ပါးသီလနှင့် ပတ်သက်၍ အလွယ်တကူ သိရှိနားလည်စေမည့် အကြောင်းအရာများကို ဟောကြားခဲ့သည်။

အထူးတရားပွဲတွင် အထွေထွေဗဟုသုတဆိုင်ရာ အမေးအဖြေကဏ္ဍများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

မဲဆောက် CDC အထက်တန်းကျောင်းမှ မောင်အောင်အောင်က ”ကျွန်တော်တို့က ဗုဒ္ဓဘာသာကိုမိရိုးဖလာ အနေအထားလောက်ပဲ သိထားတယ်၊
ဒီတရားပွဲကျမှ ဆရာတော်နဲ့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်မှ အနှစ်သာရအချို့ကို အခြေခံကျကျ သိခဲ့ရတယ်။
အထူးသဖြင့် ၅ ပါးသီလနဲ့ ပတ်သက်ပြီး သိခဲ့ရတယ်။ ဒီလိုမြန်မာနိုင်ငံကဆရာတော်ကြီးတွေနဲ့ ဆွေးနွေးခွင့်ရတဲ့အခွင့်အရေးမျိုး နောက်ထပ်ရချင်ပါသေးတယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။
 


တရားပွဲနှင့်အတူ ပူးတွဲပြုလုပ်သည့် ဆရာတော်နှင့် ဆွေးနွေးခြင်း အစီအစဉ်တွင် ပါဝင်ခွင့်ရသည့်အတွက်  မိမိကိုယ်ကိုယုံကြည်မှု ပိုမိုဖြစ်ပေါ်စေသည်ဟုလည်း ကျောင်းသားများက ဆိုသည်။

သွေးသစ်ကျောင်းမှ ကျောင်းအုပ်ကြီးဆရာဇော်လွင်ဦးက ”ဆရာတော်အရှင်ဆေကိန္ဒရဲ့ ကလေးတရားပွဲတွေက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ကလေးတွေကို ဆုံးမ သွန်သင်ပေးတာ အချိန်တိုတိုအတွင်းမှာ တကယ်ထိရောက်မှုရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ကလေးတရားပွဲဖြစ်မြောက်ရေးအတွက် မဲဆောက်ကျောက်ဝိုင်းနှင့်မဲဆောက်ဈေးရှိ မနောဖြူစင်ရေလှူအသင်းတို့မှ ကမကထပြုခြင်းဖြစ်ပြီး တရားပွဲလာ ကလေးငယ်များကို နေ့လယ်စာ ထမင်းဟင်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။


မဲဆောက်အပါအ၀င် ဆက်စပ် ၄ မြို့နယ်တွင် တာ့ခ်ခရိုင်ထိုင်းပညာရေးဌာနက အသိအမှတ်ပြု  မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၇၂ ကျောင်း ရှိကြောင်း၊ လက်ရှိတွင်မြန်မာကလေးငယ် နှစ်သောင်းခန့် ပညာသင်ကြားနေကြောင်း၊  အရွယ်ရောက်သော်လည်း ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များအရေအတွက်မှာ သုံးသောင်းခန့်ရှိကြောင်း  မြန်မာရွှေ့ပြောင်းပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO အဖွဲ့များကပြောသည်။







မော်လမြိုင်ကို NOK AIR လာမယ့်ရက် ကြေညာပြီ

Sunday, June 23, 2013 1 comments




 ထိုင်းလေကြောင်းလိုင်းတခုဖြစ်သည့် NOK AIR က မဲဆောက်-မော်လမြိုင်ခရီးစဉ် အစပြုမည့်ရက်ကို တရားဝင် ကြော်ငြာလိုက်ပြီး နယ်စပ်ဒေသခံများ သိရှိစေရန် ယခု ရက်ပိုင်းအတွင်း   ကြော်ငြာနေသည်ကို တွေ့ရသည်။ 


(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


ထိုင်းနိုင်ငံ မဲဆောက်မြို့ တက်စ်ကိုကုန်တိုက်ကြီးရှိ NOK AIR လေယာဉ်လက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတဦးက ”မဲဆောက်-မော်လမြိုင်ခရီးစဉ်ကို လာမဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြေးဆွဲမှာဖြစ်တယ်။ ခရီးစဉ်တကြောင်းကို လူတဦး ထိုင်းဘတ်ငွေ ၁,၅၉၀ နှုံးသတ်မှတ်ထားပါတယ်” ဟု ပြောသည်။

ဘတ် ၁,၅၉၀ = US& 50 ခန့် / ကျပ် ငါးသောင်းခန့်

၎င်းခရီးစဉ်ကို ထိုင်းနှင့်မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ်များဖြင့် သွားလာနိုင်မည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ယခု ခရီးစဉ်တွင် စီးနင်းလိုက်ပါခွင့် ရ မရ မသိသေးကြောင်း ဖြည့်စွက်ပြောဆိုသည်။

ဆွီဒင်နိုင်ငံထုတ် Saab- ၃၄၀ အမျိုးအစားလေယာဉ်ဖြင့် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးသည် ၃၄ ဦးဆံ့ကြောင်း၊ ပျံသန်းချိန်မှာ ၁၈ မိနစ်ခန့် ဖြစ်ကြောင်း၊ လေယာဉ်ပျံသန်းမှုအတွက်  မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် လေယာဉ်ပျံသန်းခွင့်လက် မှတ် ရရှိထားကြောင်း   သိရသည်။ 


ဒေသတွင်း ပထမဦးဆုံး မဲဆောက်-မော်လမြိုင် ခရီးစဉ်သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းတို့ကို တခေတ်ဆန်းစေမည့်အစီအစဉ်ဖြစ်သည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်တဦးဖြစ်သည့် နိုင်ကိတိခွန်းက ပြောသည်။

၎င်းက ”ဗမာနယ်စပ်ကို ပိတ်ထားတာ နှစ် ၅၀ ရှိတော့မယ်၊ အခုလို သူတို့ဘက်က ပွင့်လင်းလာတော့ နယ်စပ်ခရီးသွားလုပ်ငန်းတခုထဲနဲ့တောင် သူတို့ဘက်က အားသာချက်ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့နိုင်ငံခြင်း အတူတူ ဗမာနိုင်ငံမှာက ရှေးဟောင်းဘုရားကျောင်းကန်နဲ့ သာသနိက အဆောက်အအုံတွေအပြင် သဘာဝတောတောင် ရေမြေတွေရဲ့အလှက သဘာဝအတိုင်းပဲ အများစု ကျန်ရှိနေတာက သူတို့အတွက် အားသာချက်တွေဖြစ်တယ်”  ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

ခရီးသည်တို့ရဲ့ စိတ်ဝင်စားမှု ~

ဤလေကြောင်းခရီးစဉ် အသုံးပြုမည့် ထိုင်းခရီးသည်တို့  အထူးဦးစားပေးသွားလိုသည့်အရပ်မှာ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရား၊ ကျိုက်သံလန်ဘုရား(ရှမ်းသံလန်ဘုရား) မုတ္တမ၊ ပဲခူးမြို့ (ထိုင်းအခေါ် ဟုန်စာဝတီ) ရှိ ထိုင်းမင်းသမီးတဦးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့ အတူစံမြန်းခဲ့သည့် နန်းတော်နေရာတို့ဖြစ်သည်ဟု မဲဆောက်တွင်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ဖိဒဲက ဆိုသည်။

မွန်ပြည်နယ်ကုန်သည်ကြီးများအသင်းဝင် နိုင်ထင်အောင်က ”မဲဆောက်ကို လေယာဉ်နဲ့ အများစုသွားကြမှာကတော့ လောလောဆယ်ဆယ် မွန်ပြည်နယ်က  ကုန်သည်တွေအများစုဖြစ်ပါလိမ့်မယ်။ တရက်ခရီးကို ၁၈ မိနစ်နဲ့ ရောက်ပြီး လေယာဉ်ခက ဘတ်ငွေ ၁,၅၉၀ ဆိုတော့ ကုန်သည်တွေသိတ်ကြိုက်ပေါ့” ဟု ပြောသည်။

မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောမှတဆင့် နှစ်နိုင်ငံအပြန်အလှန်ကုန်စည်တင်ပို့မှုသည် လစဉ် ဘတ် သန်း ၄,ဝဝဝ ကျော် အထက်တွင်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်းဘက်ကပြောသည်။

မဲဆောက်-မော်လမြိုင်ခရီးစဉ်တကြောင်းစာအတွက်  သတ်မှတ်ထားသော ဘတ် ၁,၅၉၀ သည် အစားအသောက်အပါအ၀င် ၀န်ဆောင်မှု အားလုံး အတွက် ဖြစ်ပြီး၊ ခရီးသည်တဦးလျှင် ၁၅ ကီလိုအလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်ခွင့်ရှိသည်ဟု NOK AIR က မဲဆောက်အခြေစိုက်ထိုင်းရေဒီယို များတွင် နေ့စဉ် ထိုင်း-မြန်မာနှစ်ဘာသာဖြင့် သတင်းထုတ်လွှင့်လျက်ရှိသည်။

မဲဆောက်-ရန်ကုန် ခရီးစဉ်လည်း လာမယ် ~

NOK AIR သည် လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ မဲဆောက်-ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲရန် ရည်ရွယ်ထားသည်။

ခရီးစဉ်တကြောင်းအတွက် လေယာဉ်လက်မှတ် တစောင်လျှင် ဘတ် ၃,၀၀၀ ခန့် ဖြစ်ဖွယ်ရှိကြောင်း၊ ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း NOK AIR  ၀န်ထမ်းတဦးက ပြောသည်။

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည် 
http://blog.irrawaddy.org/2013/05/blog-post_3.html


ဒီကေဘီအေတို့ နိုင်ငံသား ပြန်ဖြစ်တော့မည်

Friday, June 21, 2013 0 comments


မြ၀တီခရိုင်၊  ဆုံဆည်းမြိုင်ကျေးရွာ အခြေစိုက်  ကလို့ထူးဘော ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊  မှီခိုသူများ၊  ကျေးရွာသားများကို  နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးသွားမည်ဟု ကရင်ပြည်နယ်အစိုးရက ယနေ့ ပြောလိုက်သည်။ 

ယနေ့ညနေတွင်တွေ့ဆုံခဲ့သည့် ၀န်ကြီးနှင့်ဗိုလ်ချုပ်ကြီးစောလားပွယ် (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ယနေ့  ဆုံဆည်းမြိုင်သို့ရောက်ရှိလာသည့်   ပြည်နယ်အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ကပြောကြားခြင်းဖြစ်သည်။

၎င်းက ”ဒီရွာကလူတွေကို မကြာခင် မှတ်ပုံတင်ထုတ်သွားပေးမှာဖြစ်တယ်၊  အားလုံးအခမဲ့ဖြစ်တယ်”ဟု ပြောကြားသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ဆုံဆည်းမြိုင်ကျေးရွာ  ပညာရေး၊ ကျန်းမာရေး စသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းပြီး ကျေးရွာအတွင်း လိုအပ်သည့် ကျောင်းဆရာများ၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကိစ္စကို ဒီကေဘီအေအဖွဲ့၏အကြီးအကဲ ဗိုလ်ချုပ်ကြီးစောလားပွယ်နှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆုံဆည်းမြိုင်ကျေးရွာမှ အထက်တန်းကျောင်းကို သာမန် အဆင့်ဖြင့် အောင်မြင်ထားသူများအား သူနာပြုသင်တန်းသို့စေလွတ်မည်၊ ဆေးတက္ကသိုလ်တက်ရောက်ရန် အောင်မှတ် မပြည့်မီသူများကိုလည်း အရည်အချင်းအလိုက် သက်ညာကာ ဆေးကျောင်းများသို့  ဒေသအကျိုးအတွက်  ကတိဝန်ခံချက်များဖြင့် တက်ရောက်ခွင့်ပြုမည် စသည့်ဖြင့်  ၀န်ကြီးက ပြောဆိုခဲ့သည်။

ဝန်ကြီးနှင့်အတူလိုက်ပါလာသည့် ပြည်နယ်လ၀ကညွန်ကြားရေးမှူး ဦးထိန်ဝင်းက
”အခု ဒီရွာကလူဦးရေးစာရင်းရပြီးတာနဲ့ မှတ်ပုံတင်ထုတ်ပေးမယ့် အစီအစဉ်ကို အမြန်ဆုံးပြုလုပ်ပေးသွားမှာ” ဟု ပြောသည်။

ဒီကေဘီအေ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဆုံဆည်းမြိုင်ရှိဌာနချုပ်တွင်  တပ်ဖွဲ့ဝင် ၃၀၀ ခန့်နှင့် ရွာသား ၃၀၀ ခန့်ရှိသည်ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

၎င်းက”ဒီဒေသကအခြားရွာတွေကို လ၀ကအဖွဲ့တွေလာပြီး မှတ်ပုံတင်လုပ်ပေးတာရှိတယ်။
အားလုံးတော့ရတာ တွေမရှိဘူး၊ ဆုံဆည်းမြိုင်မှာ လာလုပ်ရင်လည်း အားလုံး ရမရစောင့်ကြည့်ရအုံးမယ်၊
အခုက မိုးရွာပြီ ဆိုတော့ လမ်းခရီးက မကောင်းတော့ဘူး၊ သွားလာရေး အခက်အခဲရှိဆိုတော့ ကျွန်တော်ထင်တယ်မိုးကုန်မှပဲ ဖြစ်တော့မယ်နဲ့တူတယ်” ဟုသုံးသပ်ပြောဆိုသည်။

၎င်းအစီအစဉ်အမှန်တကယ်ပေါ်ပေါက်ခဲ့ပါက ဒီကေဘီအေတွင် ဗိုလ်ချုပ်ကြီးစောလားပွယ်အပါအ၀င် တပ်မှူးတပ်သားများ နိုင်ငံသားကတ် ရရှိကြမည်ဖြစ်ပြီး လက်ရှိနိုင်ငံမဲ့ဘ၀က လွတ်ကင်းကြရတော့မည်ဟု အဖွဲ့၏တပ်မှူးတဦးက ဆိုသည်။

လက်ရှိဆုံဆည်းမြိုင်တွင်နေထိုင်ကြသူအားလုံးမှာ နိုင်ငံသားကတ် မရှိ၊  နိုင်ငံမဲ့နေသူများဖြစ်သည် ဟု ကျေးရွာဥက္ကဋ္ဌက ပြောသည်။








.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved