အာဏာပိုင်တွေ မတက်ကြတဲ့ မြဝတီမြို့အာဇာနည်နေ့အစီအစဉ်

Friday, July 19, 2013


ခရိုင်မြို့တခုဖြစ်တဲ့ မြဝတီမှာလည်း အာဇာနည်နေ့အခမ်းအနား ကျင်းပပါတယ်။
သို့သော်လည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်တွေကတော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒီအကြောင်း ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က သတင်းပို့ထားပါတယ်။ သူပို့ထားတဲ့ ပုံများစွာထဲက တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။



မြ၀တီမြို့တွင် ၂၅ နှစ်ကြာကျင်းပခွင့်မရရှိခဲ့သည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့တွင်မြို့မိမြို့ဖများက အောင်မြင်စွာကျင်းပခဲ့ကြသည်။

မြ၀တီတွင်ယနေ့ကျင်းပသည့် ၆၆ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံရေးပါတီများနှင့် လူမှုရေးအ သင်းအဖွဲ့များမှ လူဦးရေ ၆၀၀ ကျော်တက်ရောက် အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲ အလေးပြုခဲ့ကြပြီး အဖွဲ့အစည်းများအလိုက် လွမ်းသူ့ပန်းခွေချကာဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသည့် အာဇာနည်မန်းဘခိုင်၏မြေးဖြစ်သူ ဒေါ်သန်းသန်းခိုင်က
“မြန်မာသာမက ကမ္ဘာကပါ ဂုဏ်ယူလေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုခွင့်ရတဲ့အ တွက် ရင်ထဲမှာအတိုင်းမသိဝမ်းသာပါတယ် အဘိုးဟာကရင်မြန်မာချစ်ကြည်ရေးကို အဓိကဖေါ်ဆောင်ခဲ့ပါ တယ်  ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

နိုင်ငံရေးပါတီများနှင့်လူမှုရေးအသင်းအဖွဲ့ (၃၀)ကျော်တက်ရောက်ခဲ့သော်လည်း ကျောင်းသားလူငယ်များပါဝင် ခြင်း မရှိသည့်အတွက် လာမည့်နှစ်တွင် ကျောင်းသားလူငယ်များ ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု မြ၀တီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိန်ဗိုလ်ကပြောသည်။

၎င်းက
ဒီကနေ့ကျင်းပတာ ကျောင်းသားကျောင်းသူတွေ မပါသေးဘူး။ သူတို့လည်းတက်ရောက်ဘို့လိုတယ်။ ဒါမှသာလျှင် အာဇာနေ့ဆိုရင် ဘာလဲ ဆိုတာ ကလေးတွေသိကြမယ်”ဟုပြောသည်။

မြ၀တီတွင် ၂၅ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပသည့်ကိစ္စနှင့်ပတ်သက်၍
ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဘဲ ပြည် သူလူထုအနေနဲ့ကတော့ အာဇာနည်ကြီးတွေရဲ့မိန့်ဆိုချက်တွေကို အမှတ်တရလေးစားလိုက်နာဘို့ အကောင် အထည်ဖေါ်ဘို့ အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသင့်တယ်” ဟုလည်း ဦးစိန်ဗိုလ်ကဖြည့်စွက်ပြောကြားသည်။

ယနေ့အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ မြ၀တီခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခြင်း မရှိသည့်အတွက် နားမလည်နိုင်အောင်ဖြစ်ရ သည်ဟု သုံးသပ်ပြောဆိုကြသူများလည်း ရှိသည်။

မြ၀တီမြို့တွင် ၆၆ ကြိမ်မြောက်အာဇာနည်နေ့ဖြစ်မြောက်ရေးကို မြို့မိမြို့ဖများနှင့်ဖွဲ့စည်းထားသည့် မြ၀တီမြို့ နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၅ နှစ်အကြာတွင်ပြန်လည်ကျင်းပသည့် မြ၀တီမြို့အာဇာနည်နေ့တွင် ဂုဏ်ပြုဥသြဆွဲသံပြန်ကြားရသဖြင့် မျက်ရည်ကျသည်အထိ ၀မ်းသာပီတိဖြစ်ရသည်ဟု မြို့ခံစစ်မှုထမ်းဟောင်းတဦးကဆိုသည်။

ဗိုလ်ချုပ်ကျောက်တိုင်တည်ရှိရာ မြ၀တီမင်းကြီးဦးစပန်းခြံကို ယခင်စစ်အစိုးရတာဝန်ရှိသူတဦးက စီးပွားရေးသ မားတဦးကိုရောင်းချခဲ့သဖြင့် အာဇာနည်နေ့ကျင်းပခွင့်မရခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီးဖြစ်သည်။

ပန်းခြံနှင့်ဗိုလ်ချုပ်ကျောက်တိုင် ပြန်လည်ရရှိရေးအတွက် မြို့မိမြို့ဖများဦးဆောင်၍ လွှတ်တော်မှတဆင့် အရေးဆိုရာမှ ပြန်လည်ရရှိခြင်းဖြစ်သည်ဟုမြို့ခံများကပြောသည်။

 








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved