ဂီတလောကမှာ ဒီလိုပဲရှိတယ်

Tuesday, October 5, 2010



၂၀၁၀ ပြည့်နှစ် ကုန်ခါနီးအချိန်မှာ ခိုးကူးဈေးကွက် နည်းနည်း ငြိမ်သွားလို့ တေးစီးရီးတွေ အပြိုင်အဆိုင်ထွက်လာခဲ့သလိုပဲ ပြဿနာတချို့လည်း ပူးတွဲကပ်ပါလာတယ်လို့ ဂီတအသိုင်းအဝန်းမှာ ပြောနေကြပါတယ်။

အဆိုတော် မေခလာနဲ့ ထုတ်လုပ်သူ မမီးမီးတိုရဲ့ “၀ါကာဝါကာ” စီးရီး ပြဿနာကြောင့် ထုတ်လုပ်သူနဲ့ အနုပညာရှင်တွေကြား မပြေလည်မှုတွေ ရှိခဲ့ပြီး သက်ဆိုင်ရာ ရုံးဌာနတွေကနေ ဖြေရှင်း ခဲ့ကြရတယ်လို့ ဆိုပါတယ် (မူရင်းအဆိုတော် ရှာခီရားသာ သိရင် ဘာများ ပြောမှာပါလိမ့်)

မေခလာနဲ့ ထုတ်လုပ်သူ မမီးမီးတို့ဟာ ရုံးဌာနတွေမှာ ရှင်းရုံမကဘဲ သတင်းစာတွေကနေ ကြော်ငြာ၊ စာနယ်ဇင်း ရှင်းလင်း ပွဲတွေ လုပ်ပြီး ကိုယ့်အထုပ်ကိုယ်ဖြေ (အဲ - ယောင်လို့) မကြေလည်မှုတွေကို ကြေလည်အောင် မရှင်းနိုင်ဘဲ လိပ်ခဲ တည်းလည်း ဖြစ်နေဆဲလို့ သိရပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲပြီးမှ ဆက်ရှင်းရင်ကောင်းမယ်လို့လည်း ဂီတလောကမှာ ပြောဆိုနေကြပါတယ်။ လက်ရှိ အခြေအနေမှာ မရှင်းပေးနိုင်တဲ့ ဂီတအစည်းအရုံးက ရွေးကောက်ပွဲပြီးရင် ရှင်းများ ရှင်းပေးနိုင်မလားလို့ မျှော်လင့်တယ် ထင်ပါရဲ့။

နောက်တခုကတော့ သဇင်သင်းရဲ့ cool & hot စီးရီးကိစ္စပါ။ အဲဒီ စီးရီးမှာ ပါဝင်သီဆိုခဲ့ကြတဲ့ တေးသံရှင် တချို့ဆီကနေ ငွေတော့ယူပြီး စီးရီးထွက်တဲ့ အခါမှာ သဇင်သင်းရဲ့ ဓာတ်ပုံကိုပဲ သုံးတာ၊ ကျန်တဲ့ အဆိုရှင်တွေပုံကို မသုံးတာကို မကျေမလည် ဖြစ်ကြပါတယ်။ အဲဒီကိစ္စကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ သဇင်သင်းက နာမည်ကြီး ဂျာနယ်ကြီး တစောင်မှာ ပြန်ရှင်းပါတယ်။ နောက်ထပ် ရှင်းလင်းတာတွေလည်း လုပ်သေးတယ်လို့ သိရပါတယ် (ကမ္ဘာ့ အရှင်းနိုင်ဆုံးဆုကို ဒီနှစ် မြန်မာပြည် ဂီတလောကကများ ရမလားမသိဘူးနော်)

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ ကျန်ပါသေးတယ်။ စက်တင်ဘာ ၂၉ ရက်နေ့မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ လုပ်ခဲ့တဲ့ အချစ် နှစ်တရာတိုင်စေ တေးစီးရီးမှာ စီစဉ်သူ ကိုကို (g-unit) က အဆိုတော် ခြေတက်လေးတွေဆီက ငွေတောင်းခံပြီး စီးရီးထုတ်ခဲ့ပေမယ့် တကယ့်တကယ် စီးရီးလည်း ထွက်လာရော ငွေယူထားတဲ့ ခြေတက်လေးတွေ မပါတော့ဘဲ နောက်ထပ် ခြေတက်တွေဆီက ငွေထပ်ယူ၊ ထပ်တခါ စီးရီး မိတ်ဆက်ပွဲလုပ် (အောင်မလေး - ရေးရင်းတောင် တော်တော် မောလာပြီ)၊ အဲဒီလို လုပ်တော့ အရင် ငွေပေးထားသူတွေက မကျေမနပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ ကိုကို (g – unit) က တေးရေးဆရာ ဦးသူ (သုခုမ) ဆိုသူကို တေးရေးခ တပြားတချပ်မှ မပေးတဲ့အတွက် ဆိုင်ရာပိုင်ရာ (အဲ - သက်ဆိုင်ရာနဲ့ နတ်နဲ့ မှားသွားလို့) သက်ဆိုင်ရာတွေကို တိုင်ကြားဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

စီစဉ်သူ ကိုကို (g-unit) ကလည်း အဲဒီလို မကျေလည်မှုကို ပြန်ရှင်းပါတယ်။ အခု ထွက်မယ့် စီးရီးမှာ ပါဝင်မယ့် သူတွေဆီက ငွေယူထားတာမျိုး မရှိဘူးဆိုတဲ့ အကြောင်း၊ ကုန်ကျငွေကို သူ တဦးထဲကသာ ကျခံခဲ့ကြောင်း ရှင်းတာပါ။ ဘယ်သူမှန်တယ် ဘယ်သူမှားလဲ ဆိုတာတော့ တရားရုံးမှာ ရှင်းကြမယ် ထင်ပါရဲ့။ မြန်မာပြည် တရားစီရင်ရေး အရ ဆိုရင်တော့ ငွေများတဲ့သူ (ယောင်ပြန်ပြီ) မှန်တဲ့သူ နိုင်ချင်လည်း နိုင်မှာပေါ့လေ။

ကိုကို (g-unit) က ခေသူတော့ မဟုတ်ပါဘူး။ ချစ်သူပုံပြင် ဆိုတဲ့ စီးရီးတခုနဲ့ ပတ်သက်လို့လည်း အရှုပ်အရှင်း ဖြစ်ခဲ့ဖူးသူလို့ သိရပါတယ်။

ဒါတင်ပဲလားဆိုတော့ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ HIP HOP AREA SHOWကို SOS အဖွဲ့က စီစဉ်ကျင်းပခဲ့ရာမှာ စိုင်းစိုင်းခမ်းလှိုင်၊ ရသ၊ ဂျေမီ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ထွန်းထွန်း (examplez) /g family၊စတဲ့ စတဲ့ ဟစ်ပ်ဟော့ပ် သမားတွေ ပါဝင်ခဲ့ပြီး ပရိသတ်တွေလည်း တော်တော်လေး များတဲ့ ပွဲလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ပါဝင်တဲ့ သူတွေအနေနဲ့ အနုပညာကြေး အပြည့်အ၀ မရရှိခဲ့တဲ့အတွက် မကျေလည်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကျောချမ်းစရာ သတင်းအနေနဲ့ နောက်ကိုလည်း ဒီလိုအရှုပ် အရှင်း မကျေလည်မှုတွေ ဆက်လက်ဖြစ်နေဦးမယ်လို့ ခိုင်လုံတဲ့ ဂီတလောက အသိုင်းအဝန်းက ပြောဆိုနေပါတယ်။

ရွှေမိုးညို

1 comments :

  1. Anonymous said... :

    ၀ါးဟားဟား
    ရယ်ရတယ်ဟေ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved