ဘာဖြစ်တာလဲ နေရဲမာန်

Thursday, October 14, 2010


ဘာမှ မဖြစ်ပါဘူး။ နေရဲမာန်ရဲ့ စီးရီးခေါင်းစဉ်ပါ။ “ဘာဖြစ်တာလဲ” တဲ့။

၆ ခွေမြောက် စီးရီးလို့ ဆိုတယ်။ ထုတ်လည်း ထုတ်နိုင်တဲ့သူကြီးပေါ့။ သူ့စီးရီးခေါင်းစဉ်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဆင်ပြေရဲ့လား၊ သူဌေးသားမက်၊ ပူမနေပါနဲ့ ... အခုတော့ ဘာဖြစ်တာလဲတဲ့။ ကြားမှာတော့ သင်္ကြန်ခွေ ၂ ခွေလည်း ထွက်ခဲ့ပါသေးတယ်။

နေရဲမာန်က သူ့စီးရီး ခေါင်းစဉ်တခုလို သူဌေးသားမက် ဟုတ်မဟုတ်တော့ မသိပါဘူး။ သေချာတာကတော့ သူက သူဌေးပါ။ အင်ဂျင်နီယာတပ်မှာ အရာရှိဖြစ်ခဲ့တာနဲ့တင် ဘယ်လောက်သူဌေးလဲဆိုတာ သိနိုင်ပါတယ်။ အခုလည်း သူက နေပြည်တော်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတော်တော်များများကို လုပ်ခွင့်ရထားသူလို့ သိရပါတယ်။ နောက်ပြီး မြေတူးကားကြီးတွေ ၅ စီးထက်မနည်း ပိုင်ဆိုင်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက ဆိုပါတယ်။ အဲဒီကားကြီးတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ငှားစားရင် တစီးအတွက် တနေ့ကို ကျပ် ၅ သိန်းလောက် ရပါတယ်။

နေရဲမာန်ရဲ့ ပိုးက မသေးပါဘူး။ BE ဘွဲ့ရထားပြီး အင်ဂျင်နီယာတပ်မှာ အရာရှိဖြစ်ခဲ့ပေမယ့် သူ့ဝါသနာက သီချင်းဆိုတာ ဖြစ်လေတော့ အဆိုတော်ဘဝကို ငွေနဲ့ပေါက်ပြီး ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကြားရသလောက်ကတော့ နေရဲမာန်ဟာ အလှူအတန်း အင်မတန်ရက်ရောတယ်လို့ သိရပါတယ်။ ရုပ်ရှင်၊ ဂီတ ရှိရှိသမျှ နယ်ပယ်က မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် တော်တော်များများ သူ့အလှူနဲ့ မကင်းပါဘူး။ သူ့ရဲ့ ဗီစီဒီတွေမှာ အဲဒီလူတွေကို ခေါ်ခေါ်သုံးပြီး သရုပ်ဆောင်ကြေး၊ ပါဝင်သီဆိုကြေးတွေကို သူများနဲ့ မတူအောင် ရက်ရက်ရောရော ပေးတတ်ပါတယ်။

သူ့ရဲ့ ဘီလ်ဘုတ်ကြီးတွေကတော့ ရန်ကုန်ကလူတွေ မမြင်ချင်လို့ မျက်နှာလွှဲထားလည်း မရအောင် မျက်စိနောက်စရာ ကောင်းတယ်လို့ ဆိုပါတယ်။ ကောင်မလေး ငယ်ငယ် လေး၊ ငါးယောက်ရဲ့ ကော့ကော် ကန်ကား ပုံစံမျိုးစုံနေတဲ့ ကြားထဲမှာ ခန့်ခန့်ကြီး သူ့ကိုတွေ့ရပါလိမ့်မယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ သူ့ ကားရိုက်ရှိပြီဆိုရင် မီးထိုးမှန်ထိုး သမားကအစ ခွင်ပဲ ဆိုပြီး ပြေးကြတော့တာပဲတဲ့။ မင်းသမီးတွေ မင်းသားတွေဆို တခြား ကားရိုက်ရှိနေတာတောင် နေရဲမာန်အတွက်ဆို ရက်ချိန်းဖျက်ပြီး သွားရိုက်ပေးတယ်လို့ ဆိုပါတယ် (သူက ရက်ရောလွန်းလို့တဲ့) ကားရိုက်ပြီးတဲ့အချိန်မှာ မီးထိုးမှန်ထိုးကအစ စက်သမား အားလုံးကို တန်းစီခိုင်းပြီး ပိုက်ဆံထပ်ကြီးကိုင်လို့ ရက်ရက်ရောရော ချီးမြှင့်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

အခု သူ့ရဲ့ “ဘာဖြစ်တာလဲ” ဆိုတဲ့ ခပ်ငေါက်ငေါက် မေးလိုက်သလို စီးရီးထဲမှာတော့ မေဆွိနဲ့ ချောစုခင်အပြင် တခြားအဆိုတော်တွေ တော်တော်များများ ဝင်ဆိုပေးထားပါတယ် (ကုန်လိုက်မယ့်ဖြစ်ချင်း၊ အင်းလေ အလကားရတဲ့ ပိုက်ဆံတွေပဲဟာ)။ တေးရေးတွေကလည်း ရွှေဂျော်ဂျော်၊ ညီညီသွင် စတဲ့ ရှယ်တွေချည်းပါပဲ။ ဗီစီဒီမှာလည်း မင်းသားမင်းသမီး မော်ဒယ်လ် ရှိသမျှ အကုန်ဆိုတော့ နာမည်တွေချရေးရင် ဖတ်ရမယ့် ပရိသတ် မျက်စိညောင်းနေမှာ စိုးလို့ အားနာတာနဲ့ မရေးတော့ပါဘူး။

ရုပ်ရှင်၊ ဂီတ နယ်ပယ်က လူတွေကတော့ နေရဲမာန် စီးရီးထုတ်ပါစေပဲ ထိုင်ဆုတောင်းနေကြသတဲ့။

အောက်တိုဘာ ၁၆ ရက်နေ့မှာ ဖြန့်ချိမယ့် ဒီတခါ စီးရီး မိတ်ဆက်ပွဲမှာတော့ နေရဲမာန်က နည်းနည်းထွင်ထား ပါတယ်။ ပရဟိတ လုပ်ငန်းတချို့ကို ၁၇ သိန်း အလှူပေးတယ်တဲ့။

အနုပညာ နယ်ပယ်က လူတွေကတော့ ၁၆ ရက်နေ့မှာဖြန့်မယ့် “ဘာဖြစ်တာလဲ” ကြီးကို စိတ်ဝင်စား နေကြပါတယ်။ သူ့အခွေမှာ သူဘယ်လိုဆိုထားတယ်၊ ဘာသီချင်းတွေဆိုထားတယ် ဆိုတာထက် ဘာပစ္စည်းတွေ လက်ဆောင်ပေးဦးမလဲဆိုတာကို စိတ်ဝင်စားတာပါ။ အရင် စီးရီးတွေတုန်းကတော့ ဒီဗီဒီစက်တို့၊ ဟန်းဆက်တို့၊ MP4 ပလေယာတို့ပေးခဲ့တာကိုး။ သူ့အခွေတွေ ရောင်းရလား မရောင်းရလားတော့မသိဘူး လက်ဆောင် တွေတော့ အင်နဲ့အားနဲ့ လာယူကြတယ်လို့ သိရတယ်။

ပြီးတော့ သူ့အခွေရောင်းပွဲမှာ ပရိသတ်လည်း တော်တော် များများ တရုန်းရုန်းပဲတဲ့။ ဘာလို့လည်းဆိုတော့ နေရဲမာန်ကို ကြည့်ချင်လို့ရယ် (ဟယ် - ပေါရဲလိုက်တာ ဆိုပြီး အံ့သြချင်လို့ပါ) သူ့ အခွေမှာ လက်မှတ်ဝိုင်းထိုးပေးတဲ့ နာမည်ကြီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေကိုလည်း မြင်ချင်ကြလို့ပါ။ သြော် ... ပေါချက်က ကမ်းကုန်ပါလားနော် (ပိုက်ဆံတွေပြောပါတယ်)။

1 comments :

  1. Anonymous said... :

    နေပါဦး ဧရာဝတီရေ မသိလို့မေးပါရစေ ခင်းဗျားတို့ ပြောတော့စစ်ဗိုလ်အင်ဂျင် နီယာကြီး ဆိုတော့ ကျားကျားလျားလျား ကြီးမှာတ်တာ ဒီငနဲ့ တွန်းနှိုး ကြီးဘဲ ဗျ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved