လန်းပြီ

Tuesday, October 26, 2010

စစ်တပ်အရာရှိကြီးတွေ စီးပွားရှာဖို့ ဖွဲ့စည်းထားတဲ့ စီးပွားရေးဦးပိုင်လီမိတက်က ပြည်သူပိုင် ကြယ်ငါးပွင့်လုပ်ငန်းကို သိမ်းယူပြီးတဲ့နောက်မှာ “လန်းပြီ” ဆိုတဲ့ နာမည်နဲ့ ကုမ္ပဏီထူထောင်ပြီး
ပင်လယ်ရေကြောင်း သွားလာရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင် နေပါတယ်။

“လန်းပြီ” ဆိုတဲ့ နာမည်က ဗေဒင်ယတြာသဘောအရ ပေးတာလို့ ဦးပိုင်ဝန်ထမ်းတဦးက ဆိုပါတယ်။ ကြယ်ငါးပွင့်အမည်နဲ့ ပြည်သူပိုင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြစဉ်က ခွက်ခွက်လန်အောင် အရှုံးပေါ်ခဲ့လို့ လန်းပြီဆိုတဲ့ နာမည်ကို ဗေဒင်ကိန်းဂဏန်း ပေးတာလို့ ဆိုပါတယ်။

တကယ်တော့ ကြယ်ငါးပွင့်လုပ်ငန်း ခွက်ခွက်လန်အောင် ရှုံးခဲ့ရတာက နာမည်ကြောင့် မဟုတ်ပါဘူး။ စစ်ယူနီဖောင်းချွတ် ဦးဆောင်ညွှန်ကြားရေးမှူးတွေ၊ ညွှန်ကြားရေးမှုးတွေ အပါအ၀င် ၀န်ထမ်းတွေကြားမှာ ပြည်သူပိုင်ပစ္စည်း မတော်မတရား လိုချင်လောဘနဲ့ လာဘ်စားမှုတွေ လုပ်ခဲ့လို့ပါပဲ။

အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က ဗေဒင်ယတြာကို ယုံယုံကြည်ကြည်လုပ်ပြီး ပုဏ္ဏားတွေကို အိမ်တဆောင်၊ မီးတပြောင် ဆောက်ပေး၊ ဗေဒင်ဆရာ ပြောသမျှ မြေ၀ယ်မကျနားထောင်၊ ယတြာတွေ ချေနေတာပါ။

ပြည်သူပိုင်လုပ်ငန်းကို မတရားသိမ်း ပိုက်ပြီး ဗေဒင်သဘောနဲ့ ကက်ကင်းရိုက်၊ နာမည်ပေးထားတဲ့ “လန်းပြီ” ပင်လယ်ရေကြောင်း ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရာထူးအဆင့်ဆင့် လာဘ်စားမှုတွေ ပပျောက်အောင် လုပ်မှ တကယ်တိုးတက်အောင်မြင်တဲ့ လုပ်ငန်းဖြစ်မှာပါ။

ယတြာချေရုံနဲ့သာ လုပ်ငန်းတိုးတက်ရစတမ်းဆိုရင် အလုပ်လုပ်မဘဲ ထိုင်ပြီး ယတြာချေနေ ကြရုံပါပဲ။ တခုမှ လုပ်စရာမလိုပါဘူး။

ဒါပေမဲ့ ပြည်သူပိုင် ဘဏ္ဍာ၊ ပြည်သူပိုင် လုပ်ငန်းတွေ မတရားသိမ်းပိုက်ထားတဲ့ စီးပွားရေးဦးပိုင် ကုမ္ပဏီကတော့ တနေ့တခြား ကြီးပွားချမ်းသာနေပါတယ်။ လုပ်ငန်းတွေ ကောင်းလာလို့တော့ မဟုတ်ပါဘူး။ ပြည်သူပိုင်တွေကို မတရားခွစီးပြီး ဈေးကွက်တွေလုပ်နေလို့ပါ။

မြ၀တီဘဏ်၊ Ruby ဈေးဝယ်စင်တာ၊ ပါရမီ တက္ကစီ၊ ရွှေမန်းသူ အဝေးပြေယာဉ်လိုင်း၊ အဓိပတိ အထူးယာဉ်လိုင်း၊ မြ၀တီထရေးဒင်းကုမ္ပဏီ၊ ဦးပိုင်ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ဦးပိုင် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ လန်းပြီ သင်္ဘောလိုင်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း စတဲ့စတဲ့ နာမည်တွေနဲ့
မြန်မာပြည်မှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးကုမ္ပဏီကြီးအဖြစ် ဦးပိုင်က ရပ်တည်နေတာပါ။

ဒါ့အပြင် တရုတ်ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ပြည်တွင်းမှာ ကားထုတ်လုပ်ရေးလုပ်ငန်းတွေလည်း လုပ်နေပါပြီ။

ဦးပိုင်ဥက္ကဋ္ဌသစ်အဖြစ် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး ကတော့ ကြီးပွားတိုးတက်ကိန်း ဆိုက်ဦး မှာပါ။ စားရကံကြုံ မုတ်ဆိတ်ပျားစွဲလို့ ဆိုရမလိုပါပဲ။ ဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက တော့ ရာထူးနုတ်ထွက်ပေးလိုက်ရချိန်မှာ မျက်ရည်များတောင် လည်တယ်ဆိုပဲ။ ဒါပေမဲ့ သူရဲ့သား ဇော်မင်းအေးနာမည်နဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းတွေက အများကြီးရှိနေလေတော့ ခုသာခံသာ ရှိသေးတယ်လို့ဆိုရမယ်။

အမှန်တော့ ဥက္ကဋ္ဌဟောင်း ဦးတင်အေးအနေနဲ့ ဥက္ကဋ္ဌရာထူးက မဖယ်ပေးရဖို့အတွက် ယတြာမချေခဲ့ဘူး ထင်ပါရဲ့။

ဟုတ်ကဲ့။ စီးပွားရေးက အစ အိမ်သာတက်တာအဆုံး စစ်ဗိုလ်ချုပ်ကြီးများ ယတြာအစီအမံတွေနဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာ့ပြည်သူတွေသိရင် အတော်အံ့သြကြမှာပါ။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်မှ ပေးပို့သည်။

2 comments :

  1. Anonymous said... :

    အဲဒီ ဦးပိုင်က ဗိုလ်မှူးကြီးတွေရဲ့တပည့် ပြည်သူထဲက ပြည်သူများကလဲ သခင်အားရကျွန်ပါးဝ ဆိုသလိုပဲ အရိုးအရင်းကိုက်ရင်း မာန်ဖီနေတယ်ဆိုရင်တောင် ဦးပိုင်နဲ့ မနီးစပ်တဲ့ လူတွေက ယုံချင်ကြမှာမဟုတ်ဘူး။ တပည့်တွေက အရိုးကိုက် ဆရာတွေက အဆီအသားကိုက်ပြီးတော့ ကာကွယ်ရေးစာရင်းစစ်ချုပ်ရုံးက စာရင်းစစ်များကို ရာခိုင်နှုန်းနဲ့ လာဘ်ထိုးပြီး အဆင်ပြေနေကြတာများ ဘယ်တော့မှာ ခြစားအကျင့်ပျက်တာကြီးက ပျောက်ကွယ်မှာတောင် မဟုတ်ဘူး။

  1. Unknown said... :

    အခုဆိုရင် အဲ့ဒီဆိပ်ကမ်းထဲမှာ ဘောလုံးကွင်းလုပ်ဖို့ဌားမယ်လို့ကြားတယ်။ကုန်သေတ္တာသဘောင်္တွေမ၀င်လို့ အလုပ်မရှိဘူးဖြစ်နေတယ်လေ။ဒါကြောင့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved