ယနေ့ အကုန်လုံး အလုပ်ရှုပ်နေကြသည်။ “သုံးဖြတ် တကုံး” ဆိုသောစာတမ်းအား ခေါင်းဆောင်ကြီး၏ အိမ်သာနံရံတွင် ရေးထားသောကြောင့်ဖြစ်သည်။
ခေါင်းဆောင်ကြီး အိမ်သာတက်တော့ ထိုစာတမ်းကို မြင်၍ လန့်သွားပြီး ချက်ခြင်းဆိုသလို ဗေဒက၀ိန် ပညာပိန်တို့အားလည်းကောင်း၊ အဋ္ဌကထာ ဆရာလိမ် များအားလည်းကောင်း ငယ်သားများအား ချက်ခြင်းပင့်ဖိတ်ခိုင်းလိုက်လေသည်။ ခေါင်းဆောင်ကြီး၏ အရေးတကြီးနိုင်မှုကြောင့် ငယ်သားများစွာမှာ ချက်ခြင်း ကားကြီးကားငယ် အသွယ်သွယ်ဖြင့် တမျိုး၊ ၀န်ကြီး ၀န်လေးများစွာမှာလည်း တံမြက်စည်းပျံများ စီး၍ တသွယ် ဆရာ့ဆရာများစွာအား သွားရောက်ပင့်ဖိတ်ကြရလေသည်။
ခေါင်းဆောင်ကြီးမှ အရေးတကြီး အိမ်သာမှ ထွက်ခဲ့သောကြောင့် ကိစ္စများကိုပင် ရေမလောင်းခဲ့ရသေးပေ။ ဆရာများ မကြည့်မီ ခြေရာလက်ရာ ပျက်မှာစိုးသောကြောင့်လည်း ဖြစ်လေသည်။
ထိုအရာများပင် မအေးသေးမီ ဆရာများစွာ အလျှိုအလျှို ရောက်ရှိလာလေသည်။
တယောက်တပေါက် ပြောဆိုရင်း အိမ်သာတွင်းမှ စာတမ်းအား အမျိုးမျိုး ငြင်းခုန်နေကြလေ၏။
“သုံးဖြတ် တကုံး” ဆိုသည်မှာ သုံးယောက်ပြီးနောက် နန်းသက်ကုန်ဆုံးမည်ဟု ဆိုလိုနိုင်ကြောင်း အားလုံးက ယေဘုယျ သဘောတူထားလိုက်သည်။
ခေါင်းဆောင်ကြီး၏ အခင်းကြီးများမှာလည်း အနံ့အသက်အားဖြင့် ကောင်းမွန်ကြောင်းကြံဖန် ချီးကျူးသွားသူများလည်း ပါသေးသည်။
ခေါင်းဆောင်ကြီးမှာ နန်းသက်ကုန်ဆုံးမည်ဆိုသဖြင့် ထိတ်လန့်သွားသည်။ မိမိရှေ့တွင် ခေါင်းဆောင်၂ ဦး ဆုံးခဲ့ပြီးပြီ မဟုတ်ပါလား။
ချက်ချင်း ဆရာများအား လိုင်စင်မဲ့ကား တစီးစီပေးပြီးနောက် မည်သို့ ယတြာလုပ်ရမည်ကို အမြန်မေးမြန်းသည်။
ဆရာများ ခေါင်းချင်းဆိုင်ပြီးနောက် ဆွေးနွေးနေကြရပြန်သည်။
ခေါင်းဆောင်ကြီးသာမက ခေါင်းဆောင်ကတော်ကြီးနှင့် သားသမီးများမှာလည်း ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။
ဟုတ်ပေသည်။ ခေါင်းဆောင်ကြီး နန်းသက်ကုန်လျှင် သူတို့အားလုံးလည်း အိမ်နိမ့်စံဘ၀ ချက်ချင်း ရောက်သွားနိုင်သည် မဟုတ်ပါလား။
ဝန်ကြီး၊ ၀န်လေးမှအစ အစောင့်၊ အိမ်တော်ထိန်း၊ ဗိုလ်ခြေဗိုလ်ပါ စသည့်သူများမှာလည်း ခေါင်းဆောင်သုံးဆက်နှင့် ဤခေတ်ကြီးကုန်သွားလျှင် သူတို့ခေတ် မရောက်နိုင်တော့မည် စိုးသောကြောင့် ပူပန်နေကြလေသည်။
အားလုံးမှာ ဆရာများ ဆွေးနွေးပြီးသည်အထိ စိုးရိမ်တကြီး စောင့်နေကြရလေသည်။
နောက်ဆုံးမှ ဆရာများ ဆွေးနွေးပြီးနောက် နန်းသက် မကုန်စေရန်အတွက် လူများ အထွတ်အမြတ်ထားသော နေရာတွင် အဖြတ်သုံးဖြတ်ပါသော အစ၏ အလယ်တွင် ထွန်းလင်းတောက်ပသော အရာတခု ထည့်ပေးခြင်းပြုလုပ်လျှင် နန်းသက် ဆက်နိုင်သေးသည်ဟု ဆိုကြလေသည်။
ခေါင်းဆောင်ကြီးသာမက အားလုံးမှာ ယခုမှ သက်ပြင်းချနိုင်တော့သည်။ ခေါင်းဆောင်ကြီးက ချက်ခြင်း အမိန့်ချလိုက်သည်။
ဖွတ်ညီလာခံကြီးတွင် ရေးဆွဲနေသော ဖွတ်ဥပဒေတွင် ဖွတ်အလံကို အရောင်သုံးရောင် ကြားပြီး အလယ်တွင် ကြယ် သို့မဟုတ် နေ ထည့်လိုက်ရန် ဖြစ်လေသည်။
ခေါင်းဆောင်ကြီးကတော် သာမက နောက်လိုက်ဗိုလ်ပါ မိသားစုများမှာ အားရ၀မ်းသာဖြင့် လက်ခုတ်သြဘာ တီးလိုက်ကြလေတော့သည်။
အားလုံး စိတ်အေးချမ်းသာစွာ ပြန်သွားပြီးနောက် ခေါင်းဆောင်ကြီး၏ မြေး ဖိုးခွေးချေးလေး မှာ အိမ်သာတက်ရန် အိမ်သာတွင်းသို့ ၀င်လေသည်။
ခေါင်းဆောင်ကြီး၏ အခင်းများမှာ နဂိုအတိုင်း ရှိနေသေးသည်။ ထို့ကြောင့် သူ့ခမျာ ပြန်ထွက်လာပြီး သူ့အဖိုး ခေါင်းဆောင်ကြီးကို ပြောလိုက်သည။်
“ဖိုးဖိုး.. အိမ်သာတက်ပြီး မကုံးဘူး၊ ရေလည်းမလောင်းဘူး၊ သားဆို သားဘာသာ ကုံးတတ်တယ်၊ ရေလည်း လောင်းတတ်တယ်။ ဖိုးဖိုးကိုလည်း ဆရာမဆီ အပ်ရမယ်”
ခေါင်းဆောင်ကြီး က “ဟေ မင်းဆရာမက တယ်တော်ပါလား၊ ဖိုးဖိုးတောင် စိတ်ဝင်စားလာပြီ၊ ဆရာမက ဘယ်လို သင်ပေးတုန်းကွ”
ဖိုးခွေးချေးက “ဆရာမက အိမ်သာကုံးရင် တစ်ရှူး သုံးဖြတ်လောက်ကို ဖြတ်ယူ၊ ဒီလို ခေါက်ပြီး သေချာသုတ်ရမယ်လို့  သင်ပေးတယ်။ အဲဒါ သားတောင် မေ့မှာစိုးလို့ နံရံမှာ စာရေးထားခဲ့သေးတယ်။ သုံးဖြတ် တကုံးလို့”
ပြောရင်း ဖိုးခွေးချေးမှာ အိမ်သာတစ်ရှူးကို သုံးဖြတ်ခန့်ဖြတ်ပြီး အသေအချာခေါက်ပြနေလေရာ ခေါင်းဆောင်ကြီးနှင့်တကွ၊ ကတော်ကြီးနှင့် ဗိုလ်ခြေများမှာ ပက်လက်လန်သွားလေတော့သတည်း။
း) တကယ်ရီရတယ်ဗျာ