မှတ်သားဖွယ်ရာ မဲဆွယ်နည်းများ

Monday, October 4, 2010

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၀င်အရွေးခံမယ့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ခင်ရွှေ ကြီးတယောက်ကတော့ သူယှဉ်ပြိုင်မယ့် တိုင်းဒေသကြီး လွှတ်တော်ထဲက ကွမ်းခြံကုန်း၊ ဒလ၊ ကော့မှူးမြို့တွေကို နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ လွင်မိုး၊ ဟာသသရုပ်ဆောင် မိုးဒီနဲ့ သူချွေးမတော် နန္ဒာလှိုင်ကို ခေါ်ဆောင်ပြီး စည်းရုံးရေး ခရီးထွက်နေပါပြီ။

မင်းသား လွင်မိုးနဲ့ ဦးခင်ရွှေကြီးက ဂေါက်ရိုက်ဖော် ရိုက်ဖက်၊ မိုးဒီကြီးကတော့ ဦးခင်ရွှေတည်တဲ့ ဘုရားပွဲတွေဆိုရင် အမြဲ အတူသွားနေကြတဲ့။ နန္ဒာလှိုင်ကတော့ သူချွေးမဖြစ်လို့ ပြောစရာမလိုပါဘူး။ (ဒီနေရာမှာတော့ ဒီချွေးမ တော်တော် အသုံးတည့်သွားပြီ ပြောရမှာပေါ့)

အဲဒီလို “ဂေါက်သီး ဒီပလိုမေစီ” နဲ့ “ဘာသာရေး ဒီပလိုမေစီ” ဆက်ဆံရေးတွေကြားမှာ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း အဲ ... မဟုတ်ပေါင် ပါတီစည်းရုံးရေးဆင်းရင်း ဦးခင်ရွှေကြီးကတော့ ဟုတ်နေတာပါပဲ။

ဦးခင်ရွှေက မင်သား၊ မင်းသမီး နာမည်ကြီး သရုပ်ဆောင်တွေ အသုံးချပြီး မဲဆန္ဒရှင်တွေရဲ့ အာရုံကို ဆွဲဆောင်နေချိန်၊ မန္တလေးတိုင်း မလှိုင်မြို့ ရပ်ကွက်ကြီး (၄) ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးကတော့ “စည်းရုံးရေး မဆင်းဘူးလား” လို့ မေးမိတဲ့ ရယက စာရေးတယောက်ကို ပြန်ဖြေပုံက ...

ဘာစည်းရုံးရေး ဆင်းစရာလိုလဲ၊ လူတယောက် ပါးတချက်ရိုက်ရင် မဲဆယ်မဲ ထွက်တယ်” တဲ့။

ကောင်းလိုက်တဲ့ လူထု စည်းရုံးရေး ပါပဲ။ နိုင်ငံရေး ဆက်လုပ်မယ့် လူတွေ မှတ်သားကြပါကုန်။

အဲဒီလို ထူးမခြားနားပဲ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှာရှိတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရယကတွေကတော့ လူထုကို “ကြံ့ခိုင်ရေး ကိုသာမဲပေး ကြ ပါ၊ နောက်တက်မယ့် အစိုးရလည်း ငါတို့ပဲလုပ်မှာ” ဆိုပြီး အားရှိစရာ စကားတွေနဲ့ မဲဆွယ်ပါသတဲ့။

ဒီပုံအတိုင်းသာဆို ပြည်သူတွေမှာ ဘယ်ပါတီက ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ရွေးချိန်ရမယ့် ပုံမပေါ်ပါဘူး။

ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာကတော့ တမျိုးတဖုံပါ။ ဗိုလ်ချုပ်လူထွက်တွေ တည်ထောင်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို ပူပူနွေးနွေး ဗိုလ်ချုပ်ဟောင်းတွေ ထောင်ထားတဲ့ ကြံဖွံ့က အနိုင်အထက်လုပ်လို့ တစညက တရားရုံးမှာ ဦးတိုက်လျှောက် ထားသတဲ့။ (စားမာန်ခုတ်တဲ့ သဘောမှာ ပြတယ်)

ဒါတွေကတော့ မှတ်သားဖွယ်ရာ ကြံဖွံ့ ပါတီရဲ့ ခေတ်သစ်မဲဆွယ်နည်းတွေ ပါပဲ။

ရန်ပိုင်နှင့် ခင်ဦးသာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved