ရန်ကုန်မြို့မှာတော့ တီရှပ်စစ်ပွဲ စတင်နေပါပြီ။
ဖြစ်ပွားခဲ့ပုံကတော့ ဒီလိုပါ။ ဧရာဝတီကို ပြည်တွင်းက ပေးပို့လာတဲ့ "ကိုယ်ပိုင် ပြဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေနိုင်တယ်" ဆိုတဲ့ စာသားပါ တီရှပ်ဝတ်လူငယ်တွေ ရန်ကုန်မြို့ပေါ်က လမ်းတွေအပေါ် သွားလာနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးခဲ့အပြီးမှာ "I vote(မဲပေးမယ်)” ဆိုတဲ့ စာသားပါ တီရှပ်ဝတ်သူတွေ ပေါ်ထွက်လာတာပါ။
“I vote (မဲပေးမယ်)” အုပ်စု ပေါ်ထွက်လာတာဟာ မိမိတို့အတွက် ပိုပြီး အားကောင်းသွားစေတယ်လို့ "မဲမပေးဘဲ နေနိုင်တယ်" အုပ်စုဝင် တဦးက ဆိုပါတယ်။
“ကျနော်တို့ မဲမပေးဘဲနေနိုင်တယ် တီရှပ်တွေ ၀တ်ပြီး မြို့ထဲသွားရင်လာရင် လူတွေက ၀ိုင်းကြည့်ကြတယ်။ သူငယ်ချင်းတချို့ကို ပေးဝတ်တာ သူတို့ ၀တ်ဖို့ စိုးရွံ့နေကြသေးတယ်။ ကျနော်တို့က ရှင်းပြရတယ်။ ဒါဟာ ဥပဒေကိုချိုးဖောက်တာ မဟုတ်ဘူး။ အစိုးရကိုယ်တိုင်ပြဌာန်းထားတဲ့ ဥပဒေပါစာသားကိုပဲ တံဆိပ်ရိုက်ထားတာ။ ဖမ်းဆီးပိုင်ခွင့်မရှိဘူးဆိုပြီး ရှင်းပြရတယ်။ I vote အဖွဲ့က အခုလို ၀တ်ပြီးထွက်လာတော့ မဲမပေးဘဲနေနိုင်တယ် တီရှပ်ကို ၀တ်ဖို့ လူတွေမှာ စိုးရိမ်စိတ်တွေ မရှိကြတော့ဘူး"လို့ သူက ပြောပါတယ်။
လူတွေရဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပေးလိုက်တာဟာ I vote အဖွဲ့ရဲ့ တန်ပြန် လှုပ်ရှားမှုပဲ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။
“ကျနော်တို့ကို ဖမ်းဆီးလို့မရဘူး။ မရတဲ့အတွက် သူတို့ တန်ပြန်လှုပ်ရှားမှုပဲ လုပ်နိုင်တယ်ဆိုတာကို လူတွေ သိသွားကြပြီ။ သိသွားတဲ့ အတွက် ကျနော်တို့ သူငယ်ချင်းတွေဆိုရင် သူတို့လည်း ၀တ်မယ်ပေးပါဆိုပြီး လာတောင်းလာကြပြီ"လို့ သူက ဆိုပါတယ်။
မဲမပေးဘဲနေနိုင်တယ် တီရှပ်တွေကို လူငယ်တစုက သူတို့ကိုယ်ပိုင် ငွေကြေးနဲ့ စာသား ရိုက်နှိပ်ဝတ်ဆင်နေကြတာဖြစ်ပြီး လိုလားသူတွေကို ပေးဝေဖို့ဆိုရင်တော့ အလှူရှင်တွေ ရှိမှ ဖြစ်ပါလိမ့်မယ်လို့ သိရပါတယ်။
“လှူမယ့်လူတွေရှိလာရင်တော့ တီရှပ်တွေ ပိုပြီး ပေးဝေနိုင်ပါလိမ့်မယ်။ လူတွေကလည်း ၀တ်မှာဗျ။ သူတို့ မကြောက်တော့ဘူး။ I vote အဖွဲ့ဆိုတာက စစ်အစိုးရလိုလားသူ တစုလေးပဲလေ။ ဒီအစိုးရကို ရွံ့မုန်းနေသူတွေက တနိုင်ငံလုံးဗျ။ ဒို့အရေးအော်စရာမလိုဘဲ။ တီရှပ်လေးဝတ်တာနဲ့ ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ခွင့်ရမယ်ဆိုရင် သူတို့ လိုက်ဝတ်ကြမှာပဲ"လို့ မဲမပေးဘဲနေနိုင်တယ် အုပ်စုဝင် လူငယ်က ရှင်းပြပါတယ်။
မဲမပေးဘဲနေနိုင်တယ်အုပ်စုကို ရန်ကုန်မြို့ခံလူငယ်တစုနဲ့ ဖွဲ့စည်းထားတာလို့သာ သိရှိရပြီး ဘယ်သူတွေ ပါဝင်တယ်။ ဘယ်နှစ်ဦးပါတယ်ဆိုတာ မသိရသေးပါဘူး။ ထိုနည်းတူပါပဲ I vote မဲပေးမယ်အဖွဲ့ဟာလည်း ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတယ် ၊ ဘယ်သူတွေက ကျောထောက်နောက်ခံပြုပေးထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဒါပေမယ့် ဒီအုပ်စု ၂ စုရဲ့ တီရှပ်စစ်ပွဲဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာကိုတော့ စောင့်ကြည့်နေရဦးမည် ဖြစ်ကြောင်းပါခင်ဗျား......။
အဲ့ဒိ I Vote ဆိုတဲ့လူငယ်တွေ ဘာကို vote မှာလဲ ၊ ဘာလို့ vote မှာလဲ ... I Vote ဆိုတာကော နားလည်ရဲ့လားလို့ မေးချင်တယ်...။