Facebook တို့ Twitter တို့ကို တရက်မသုံးဘဲ နေကြမတဲ့

Friday, October 29, 2010

အထီးကျန် စိတ်ဝေဒနာ ပပျောက်ရေး လှုပ်ရှားမှု တခုအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့ကျရင် သြစတြေးလျနဲ့ အိန္ဒိယလို နိုင်ငံတွေက လူမှုဆက်သွယ်ရေး ကွန်ရက်တွေဖြစ်တဲ့ Facebook တို့ Twitter တို့ကို တရက်မသုံးဘဲ နေကြမယ်တဲ့။

ဒီလှုပ်ရှားမှုကို စတာကတော့ သြစတြေးလျ အခြေစိုက် AEIOU ဖောင်ဒေးရှင်းအဖွဲ့ပါ။ ဒီအဖွဲ့ဟာ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အထီးကျန် စိတ်ဝေဒနာ (Autism) တိုက်ဖျက်ရေးနဲ့ ဒီလို ဝေဒနာဖြစ်တဲ့ ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့တခုပါ။

Autism ဆိုတာဟာ အသိုင်းအ၀ိုင်း အပေါင်းအသင်းနဲ့ ထိတွေ့မှုမလုပ်ပဲ အထီးကျန်တယ်လို့ ခံစားလာရတဲ့ စိတ်ဝေဒနာ တမျိုးပါ။ ဒီစိတ်ရောဂါမျိုးဟာ ကလေးဘ၀ကတည်းက စပြီး ပတ်ဝန်းကျင်နဲ့ အခြေအနေ အရပ်ရပ်ကြောင့် တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာတာမျိုးဖြစ်ရာကနေ နောက်ပိုင်းမှာတော့ လူမှုဆက်ဆံရေးမရှိရာကနေ မူမမှန်တဲ့ စိတ်အခြေအနေတွေ၊ မူမမှန်တဲ့ ခန္ဓာအခြေအနေတွေ ဖြစ်လာတာ၊ တခါတလေကျရင်လည်း တပါးသူနဲ့ စကားပြောဆိုဆက်ဆံဖို့ အလွန်အမင်း ကြောက်ရွံ့နေတာ၊ စိုးရိမ်နေတာ၊ ခက်ခဲတာတွေ ဖြစ်လာတဲ့ ဆိုးဝါးတဲ့ စိတ်ရောဂါဆီကို ဦးတည်သွားတဲ့ ရောဂါတမျိုးပါ။

ဒီရောဂါအကြောင်းနဲ့ ဒီရောဂါ ခံစားနေရတဲ့သူတွေရဲ့ နေ့စဉ်ဘ၀တွေကို လူတွေသိနားလည်ဖို့ ရည်ရွယ်တဲ့အနေနဲ့ လာမယ့် နိုဝင်ဘာ ၁ ရက်၊ ၂၀၁၀ ကျရင် ကိုယ်သုံးနေတဲ့ Facebook, Twitter လို လူမှုဆက်သွယ်ရေး ကွန်ရက်တွေကို တရက်တာ အသုံးပြုမှု ရပ်ဆိုင်းဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။
တရက်တာ အင်တာနက်နဲ့ အဆက်အသွယ်ဖြတ်၊ e-mail ကိုလည်း အဆက်ဖြတ်၊ iphone၊ Andriod phone၊ Smart Phone တွေနဲ့ Facebook၊ Twitter စတာတွေ သုံးတာ ရပ် … ပြီးရင်တော့ အထီးကျန်ဆန်တဲ့ အရသာကို မြည်းစမ်းကြည့်ပြီးတော့ ဒီရောဂါရှင်တွေကို ကိုယ်ချင်းစာကြည့် … ကိုယ်ချင်းစာကြည့်ပြီးတော့ သနားတယ် ကူညီလိုစိတ် ပေါက်လာတယ်ဆိုရင်တော့ ဒီဝေဒနာ မဖြစ်အောင် ကာကွယ်ကြ၊ ဝေဒနာရှင်တွေကို ကူညီကြ … ဒီလို … ဒီလို ရည်ရွယ်ချက်ပါ။

အိန္ဒိယနိုင်ငံက စိတ်ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်နေတဲ့ Asha foundation ကလည်း အိန္ဒိယ တိုင်းသားတွေကို နိုဝင်ဘာ ၁ ရက်နေ့ကျရင် လူမှုဆက်သွယ်ရေး ရပ်ဆိုင်းမှုကို လုပ်ကြဖို့၊ Facebook, Twitter အသုံးပြုသူတွေအနေနဲ့ အထီးကျန် စိတ်ဝေဒနာရှင်တွေအတွက် လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကမ္ဘာတ၀ှမ်းမှာ Facebook, Twitter လို Social Networking ဆိုဒ်တွေကို အသုံးပြုသူ ၄.၅ ဘီလီယံ ရှိနေပြီး အဲ့ဒီထဲက ၃.၃ သန်းကတော့ လူဦးရေးအများဆုံးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယကပါတဲ့။

လှုံ့ဆော်သူတွေက လှုံ့ဆော်နေကြပေမယ့် ဒီလှုပ်ရှားမှုကို အားလုံးက လိုက်ပါဆောင်ရွက်ကြပါ့မလား ဆိုတာကတော့ …

ကျမတို့ မြန်မာနိုင်ငံမှာကတော့ရှင် .. ဒီလှုပ်ရှားမှုအတွက် အထူးအထွေ လှုံ့ဆော်နေစရာ မလိုပါဘူး။ နိုင်ငံတော် အစိုးရ ကိုယ်တိုင်ဦးစီးပြီး အင်တာနက် ဆက်သွယ်မှုတွေကို တရက်တည်းတောင် မဟုတ်ဘူး ရက်ပေါင်းများစွာ၊ ခဏခဏ ဖြတ်တောက်ရပ်ဆိုင်းပေးပြီး အထီးကျန်မှုကို ကိုယ်ချင်းစာတတ်အောင် လုပ်ပေးနေတာဖြင့် ကြာလှပေါ့နော့် …

6 comments :

  1. Anonymous said... :

    သေချာတာပေါ့ ... နောက်ဆို ဒီထက်ဆိုးမယ်

  1. Mr Mrt said... :

    ဒီလို စာနာတတ်တဲ့သူတွေကို လေးစားမိပါတယ်။

  1. Anonymous said... :

    Facebook,twitter,Gmail တို့ကတောမြန်မာနိုင်ငံကအဆက်အသွယ်ဖြတ်နေရတာတပတ်တောင်မကတော့ဘူး...
    သူတို့ကခုမှထလုပ်နေတယ်.. :D
    မြန်မာမှာကတော့ခဏခဏဖြတ်ခံနေရတော့အဆက်အသွယ်လုပ်စရာကိုမလိုတော့ဘူး မထူးဆန်းတော့ပါဘူး...

  1. Unknown said... :

    (စိတ်ဝေဒနာရှင်တွေကို စောင့်ရှောက်ကြတဲ့အတွက် အထူး လေးစားဂုဏ်ယူ ပါကြောင်းနဲ့  Facebook, Twitter တွေကို ရပ်တန့် ပေးလို့ ရနိုင်ပေမယ့် အရေးကြီးတဲ့ အချိန်ကလေး ဖြစ်လို့  ဒီဘလော့ လေးအား ကြည့်ရှုခြင်းကိုမူ ရပ်တန့် ပေး၍ မရနိုင်ခြင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်)

  1. Unknown said... :

    twitter,face book,email,တွေ(၁)ရက်ရပ်လိုက်တဲ့ခံစားမှုကအထီးကျန်သဘော
    ကိုပေါ်လွင်စေပေမဲ့မြန်မာပြည်မှာကအထီးကျန်နေတာကြာပါပြီလိုပြောခြင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved