ဂျပန်သတင်းထောက် ပြန်လွတ်ပြီ

Wednesday, November 10, 2010

ကရင်ပြည်နယ် မြ၀တီမြို့မှာ အဖမ်းခံရတဲ့ APF သတင်း ဌာနက မစ္စတာ တိုရု ယာမဂျိ (အပေါ်ပုံ) မနေ့က ပြန်လွတ်လာပါပြီ။ ရန်ကုန်ကို မပို့ဘဲ သူလာရာလမ်း ဖြစ်တဲ့ မြ၀တီ တဖက်ကမ်းက မဲဆောက်မြို့ဘက်ကို ပြန်လွှတ်လိုက်တာ ဖြစ်တယ် လို့ သတင်းတွေက ဆိုတယ်။ သူယူသွားတဲ့ ကင်မရာ ပြန် ပါလာသလား၊ မပါဘူးလား ဆိုတာတော့ မသိရသေးပါဘူး။

အခုတော့ မဲဆောက်မြို့ သူတည်းခဲ့တဲ့ ဟိုတယ်မှာ ရှိနေတယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

မြန်မာပြည်က ကြောက်လို့ တံခါးပိတ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သတင်းသမားတွေ မဲရုံရဲ့ ပေ ၁၅၀ အပြင်ဘက်မှာပဲ နေရအောင် ဥပဒေ ထုတ်ခဲ့ပါတယ်။

ပြည်ပ သတင်းသမားတွေကိုတော့ မြန်မာပြည်ထဲ အ၀င်မခံဘူး ဆိုတာကြောင့် သူက သောင်ရင်းမြစ်ကို ဖြတ်ပြီး မြ၀တီမှာ သတင်း သွားယူရင်း အဖမ်းခံလိုက်ရတာပါ။

အဖမ်းခံရတာ ကံဆိုးတယ်လို့ ဆိုနိုင်ပေမယ့် သူ့မိတ်ဆွေ ဂျပန်သတင်းသမားတယောက်ထက်တော့ အပုံကြီး ကံကောင်းပါသေးတယ်။

အောက်ကပုံကတော့ ၂၀၀၇ ခုနှစ်က ရိုက်ထားတဲ့ ရန်ကုန်မြို့ဆန္ဒပြပွဲကို ဖြိုခွင်းနေတဲ့ပုံပါ။
လမ်းပေါ် လဲကျနေသူက APF သတင်းဌာနက ကန်ဂျီးနာဂါအိ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ ရိုက်နေတုန်း ပစ်သတ်ခံရတဲ့ နာဂါအိ ရုပ်အလောင်းကို ဂျပန် ပြန်သယ်သွားဖို့ စစ်အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကင်မရာကိုတော့ ပြန်မပေးပါဘူး။ ကင်မရာထဲက နောက်ဆုံးရိုက်ချက်တွေဟာ သူ နဲ့ လက်နက်မဲ့ အရပ်သားတွေဆီကို ပစ်ရင်း ပြေးလာတဲ့ စစ်သားတွေ လုံထိန်းတွေ ဖြစ်ပါလိမ့်မယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved