ပြည်သူတွေဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရ ရအောင်လုပ်ရမယ်

Wednesday, November 24, 2010

ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီ အင်အားစု)

နောင်ပေါ်ပေါက်လာမယ့် လွှတ်တော်အတွင်း အခင်းအကျင်းမှာ အုပ်ချုပ်ရေးအာဏာ (အစိုးရ)နဲ့ ဥပဒေပြု အာဏာ (လွှတ်တော်) တို့ဟာ အပြန်အလှန် ထိမ်းကျောင်းရေးဆိုတဲ့ (Check and Balance) ကျင့်စဉ် ရှိပါတယ်။ ဒီကျင့်စဉ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမှာ အားနည်းနေမယ်လို့ ယူဆကြတယ်။ အကြောင်းက လွှတ်တော်ထဲမှာ တစ်ပါတီတည်း ကြီးစိုးနေရာယူထားပြီး အစိုးရအဖွဲ့ကိုလည်း ဒီအနိုင်ရ ပါတီကြီးကပဲ ဖွဲ့စည်းမှာဖြစ်လို့ အပြန်အလှန် ထိမ်းကျောင်းမယ့်အစား “ပုလင်းတူဗူးဆို့” ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာကျင့်သုံးမှုတွေပဲ ဖြစ်နေမယ်လို့ ပြောနေကြပါတယ်။

အဲ့ဒီတော့ ဒီမိုကရေစီခေတ်ကို သွားတဲ့နေရာမှာ လူထုဟာ အရေးပါတဲ့နေရာမှာ ရှိပါတယ်။ လွှတ်တော်ထဲမှာ လူနည်းစုဖြစ်လို့ ဥပဒေကြမ်းအတည်ဖြစ်ရေး အဓိကနေရာမှာ မရှိပေမယ့် ပြည်သူအကျိုး အတွက် မှန်ရာကန်ရာကို အဲဒီလူနည်းစုကပဲ အဆိုပြုခွင့် ကန့်ကွက်ခွင့်တော့ ရှိနေပါတယ်။ လွှတ်တော် ထဲမှာ လူထုဘက်သား ကိုယ်စားလှယ်များက ကျယ်ကျယ်လောင်လောင် ရပ်ခံတင်ပြမှုကို သတင်းမီဒီယာ တွေနဲ့ လူထုအဖွဲ့အစည်းတွေက ဒီအဆိုတွေကို ထပ်ဆင့်ထောက်ခံမှုတွေ နိုင်ငံအနှံပြုလုပ်ကြမယ်ဆိုရင် လွှတ်တော်အတွင်းမှာ လူများစုနဲ့ အနိုင်ကျင့် ဥပဒေပြုမှုတွေကို လူထုနည်းနဲ့ ဟန့်တားရာ ရောက်မှာ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိပေမယ့် ဒီလူထုအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍဟာ လွှတ်တော်ပြင်ပကနေ (Check and Balance) လုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်မယ့် အနေအထားမှာ ရှိနေပါသေးတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်းတွေကို (တကယ်စောင့်ကြည့်ဝေဖန်ရင်) အရေးပါမှာ ဖြစ်ပါတယ်။

ထူးခြားတာက ဒီလူထုအဖွဲ့အစည်းတွေရဲ့ ဝေဖန်ချက်တွေနဲ့ သတင်းမီဒီယာတွေရဲ့ မှန်ကန် တည်ကြည်စွာ ထောက်ပြရေးသား နိုင်မှုတွေဟာ အစိုးရအဖွဲ့ကိုသာမက လွှတ်တော်ကိုပါ စောင့်ကြည့် ဝေဖန်နိုင်ခွင့် ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်းရော၊ လွှတ်တော်ပြင်ပမှာပါ ဒီ (Check and Balance) အပြန်အလှန် ထိမ်းကျောင်းရေး ကျင့်စဉ်ကို ဖော်ဆောင်သွားရေးဟာ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ နားမျက်စိသဖွယ် ပွင့်လင်းမြင်သာမှု ရှိစေပြီး အစိုးရကောင်း အုပ်ချုပ်ရေးနဲ့ မှန်ကန်တဲ့ ဥပဒေပြုရေးတွေကို ပြည်သူတွေရရှိစေဖို့ လမ်းကြောင်းအမှန် ရှိနေတယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရကိုပဲ ရကြစမြဲပါ။ ရွေးကောက်ပွဲပြီးပြီ ဒါငါတို့နဲ့ မဆိုင်တော့ဘူး ဆိုတဲ့ သဘောမျိုး ထားရှိရင် ပြည်သူပိုင်တဲ့ အချုပ်အခြာ အာဏာကို အထိမ်းအကွပ်မရှိ အုပ်ချုပ်သူလက်ထဲ ၀ကွက်အပ်တာမျိုး ဖြစ်နေမှာပဲ။ ဒါဆိုရင် ဒီလိုလုပ်ရပ်နဲ့ တန်တဲ့ အစိုးရမျိုးပဲ ပြည်သူတွေရမှာ ဖြစ်ပါတယ်။

ရွှေခမောက် စာစောင် ,Vol:1- No:5 November 22, 2010

2 comments :

  1. Anonymous said... :

    ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရကိုပဲ ရကြစမြဲပါ။ ဆိုတာ လောကပါလတရား ရှိတဲ့ ဓမ္မ အောက်မှာ မှန်ကန်ပါတယ် ။ အဓမ္မ အောက်မှာ မဖြစ်နိုင်ပါဖူး ။ ကုန်သွယ်ရေး အဆောက်အဦ ၀င်တိုက်ခံရတာ အမေရိကန်ပြည်သူတွေနဲ့ထိုက်တန်လို့ဟုတ်ပါသလား ။

  1. Anonymous said... :

    သတင်းမီဒီယာ တွေနဲ့ လူထုအဖွဲ့အစည်းတွေက ဒီအဆိုတွေကို ထပ်ဆင့်ထောက်ခံမှုတွေ နိုင်ငံအနှံပြုလုပ်ကြမယ်ဆိုရင်

    ဦးနှောက် မရှိတဲ. ဦးခင်မောင်ဆွေ
    သတင်းမီဒီယာတွေကို အစိုးရအဖွဲ့က ဒီလောက်တောင် နှိပ်ကွပ်နေတာ ။
    သိပ်မပြောနဲ. ဦးခင်မောင်ဆွေ
    မရှိတဲ့သိက္ခာတွေ အဖတ်ဆယ်မရဘဲနေလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved