ကြိုးချည်ပြီး အလှန်ခံထားရတဲ့ ဗိုလ်ချုပ်ကြီး

Wednesday, December 22, 2010


ဦးအလံမလှဲ

“ကိုတူမောင်ရေ။ ဦးလေးကြီးအပြင်ကို တော်ကြာထွက်ရလိမ့်မယ်။ အရေးပေါ်ကိစ္စ ဗြုန်းကနဲ ပေါ်လာလို့။ ဒီတော့ သိုဟန်ဘွား သန်းရွှေ၊ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ် ဆိုတဲ့အကြောင်း နောက်တနေ့ကျမှ ဆွေးနွေးရအောင်”

“ဆယ့်လေးငါးမိနစ်လောက် အချိန်ရနိုင်မလား ဦးလေးကြီး။ အတိုအထွာလေးပါ” ဦးလေးကြီးက သဘောတူသည်။

ဤတွင် ကိုတူမောင်က အတိုအထွာလေးဆိုသည်ကို ပြောပြလေ၏။

“ကိုတူမောင် ပြောပြချင်တာက ဗိုလ်ရွှေမန်းရဲ့ဖြစ်ပုံ။ ဦးလေးကြီးက မှတ်ချက်ပေးပါ”

“ဗိုလ်ရွှေမန်းရဲ့အကြောင်း၊ အေး..စိတ်ဝင်စားစရာပဲ။ ပြော … ပြော … ကိုတူမောင်”

“ဗိုလ်ရွှေမန်း ဧရာဝတီစစ်တိုင်းမှူး ဘဝတုန်းက ကိုတူမောင်ကြားခဲ့၊ သိခဲ့ရတာ။ မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးက ကိုတူမောင်ကို ပြောပြခဲ့တယ်။ ဗိုလ်ရွှေမန်းရဲ့အရင် ဗိုလ်မြင့်အောင် လက်ထက်က နေ့တိုင်း စိုးရိမ်ကြောက်ရွံ့မှုနဲ့ အလုပ်လုပ်ခဲ့ရတာတဲ့။ ဗိုလ်မြင့်အောင်က လူထူထူရှေ့မှာ ဌာနဆိုင်ရာ အရာရှိကြီးတွေကို ဟောက်တယ်။ ကြိမ်းတယ်။ဆဲတောင်ဆဲဆိုပဲ” ဦးလေးကြီးက မနေနိုင်၍ ဝင်ပြောလေသည်။ ပြောရင်းဒေါသဖြစ်လာသဖြင့် သက်ပြင်းကြီးကိုပင်
မှုတ်ထုတ်လိုက်သေးသည်။

“ဗိုလ်မြင့်အောင်က လူရန်းကား။ ရောက်လေရာရာမှာ လူပါးဝ၊ ဗိုလ်ကျ၊ နိုင်ထက်ကလူပြု။ မိန်းမ ရှုပ်။ ငွေစား။မတော်မတရားမှန်သမျှ တခုမကျန် အကုန်နှံ။ လူတကာကို ထုက္ခပေး … ဟင်း”

“ဟုတ်ပါတယ် ဦးလေးကြီး။ အဲဒီထုက္ခတွေဟာ ဗိုလ်ရွှေမန်းရောက်လာတော့မှ သက်သာရာရတော့တာတဲ့။ကောင်းတယ်မကောင်းဘူး၊ မှန်တယ်မှားတယ်၊ သင့်တယ်မသင့်ဘူးဆိုတာ ဗိုလ်ရွှေမန်းကို တင်ပြလို့ရတယ်။ဆွေးနွေးလို့ရတယ်။ ဒါကြောင့် အလုပ်လုပ်ရတာ စိတ်ဖိစီးမှု သက်သာရာရတယ်တဲ့”

“ကောင်းပြီ၊ ဒီကိစ္စကို ဦးလေးကြီး မှတ်ချက်ပေးမယ်။ ဗိုလ်မြင့်အောင်က အရိုင်းစိတ်၊ တိရစ္ဆာန်စိတ် ရှိတယ်။ဗိုလ်ရွှေမန်းက အယဉ်စိတ်၊ လူစိတ်ရှိတယ်..ဟဲ..ဟဲ။ ကဲ..ဆက်ပြောပါဦး..ကိုတူမောင်”

“ဗိုလ်ရွှေမန်းကို သိုဟန်ဘွား သန်းရွှေက မျက်စိကျတယ်”

ဤသို့အစချီပြီး ကိုတူမောင်က ဆက်လက်ပြောကြားသည်မှာ သိုဟန်ဘွား သန်းရွှေသည် ဗိုလ်ရွှေမန်းကို အားကိုးသည်။ ထို့ကြောင့် ဗိုလ်သိန်းစိန်ကဲ့သို့သော စီနီယာများကိုပင် ကျော်ခွပြီး ဗိုလ်ရွှေမန်းကို ဆွဲတင်ခဲ့သည်။ သို့ဖြင့် ဗိုလ်ရွှေမန်းသည် ဒိတ်ဆိုသည့် ရာထူးကြီးကိုရလာခဲ့၏။

“ဦးလေးကြီး..ရေ။ ဗိုလ်ရွှေမန်းကလည်း သစ္စာရှိတပည့်ကောင်း ပီသပါပေတယ်။ သူ့ဆရာကြီး သိုဟန်ဘွား သန်းရွှေရဲ့အလိုကျ ခိုင်းတာတွေကို ပိပိရိရိလုပ်ပေးခဲ့တယ်”

ကိုတူမောင်က ထိုသို့နိဒါန်းပျိုးလိုက်ပြီး တကယ့်အဖြစ်မှန်များကို မြေကိုလှန်သကဲ့သို့ လှန်လိုက်သည်။

“ပမာပြောရရင် အဖေကြီးဗိုလ်နေဝင်းလိုဟာကိုတောင် ကောင်းကောင်းကြီး နှိပ်ကွပ်ခဲ့တယ်။ ဒီလုပ်ရပ်ဟာ သမိုင်းဝင်မယ့်လုပ်ရပ်ပဲ။ ဗိုလ်နေဝင်းရဲ့ အသည်းနှလုံးဖြစ်တဲ့ အချစ်ဆုံးသမီးရယ်၊ မြေးကလေးတွေရယ်၊နောက်ပြီး သားမက်ရယ်၊ အတူနေတဲ့ မိသားစုလုံးကို နှိပ်ကွပ်ခဲ့တယ်”

ကိုတူမောင်က အကန့်တကန့်ကိုဖြတ်ပြီး နောက်တကန့်ကိုဆက်သည်။

“နောက်တပွဲရှိသေးတယ်။ ဗိုလ်ခင်ညွန့်ကို ပစ်မှတ်ထားပြီးချတဲ့ပွဲ။ ဗိုလ်ခင်ညွန့်ကိုလည်း ချတယ်။ နောက်ဆက်တွဲအဖြစ် သားတွေနဲ့ သမက်ကိုပါ ဆွဲထည့်ပြီးချတယ်။ ဗိုလ်ခင်ညွန့်ရဲ့ ယန္တယား ထောက်လှမ်းရေးတပ် အားလုံးကိုလည်း တစမကျန် ဖျက်သိမ်းပစ်ခဲ့တယ်”

ဗိုလ်ရွှေမန်း၏ ထိုထိုလုပ်ရပ်များကို အခြေခံ၍ ဦးလေးကြီးက အောက်ပါအတိုင်း ဖြည့်စွက်တန်းစီပြီး ပြောလိုက်လေသည်။

“နောက်ကျောမလုံ ရင်ခုန်ပြီး သရဲဘောကြောင်နေတဲ့ ဆရာကြီး သိုဟန်ဘွား သန်းရွှေ..ဟဲ..ဟဲ..။ ဒင်းကြီးအတွက် ဗိုလ်ရွှေမန်းက..ဟင်း.. ကျေးဇူးဆပ်ခဲ့တာက၊ သစ္စာစောင့်သိခဲ့တာက ဟောဒီလိုပါခင်ဗျာ။ တရံရောအခါက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူ့ခေတ်နဲ့သူ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗိုလ်နေဝင်..ဟဲ..ဟဲ..။ အဲ..နောက်ပြီး
နဝတ၊ နအဖခေတ်တလျှောက်လုံး.. အဲ.. သူကလည်း..ဟဲ..ဟဲ.. ကောင်းသည်ဆိုးသည် ဘေးချိတ်၊ သူ့ခေတ်နဲ့သူ လျှမ်းလျှမ်းတောက်နေတဲ့ ဗိုလ်မမညွန့်..။

အဲဒီလျှမ်းလျှမ်းတောက်ကြီး နှစ်ယောက်ကို အဆွယ်အပွားတွေပါမချန်၊ပြန်ကာလှန်မရ၊ အပြတ်ချ။ အဲဒီလိုအပြတ်ချပြီး ဗိုလ်ရွှေမန်းက သိုဟန်ဘွားသန်းရွှေကို မဟာ့မဟာ ကျေးဇူးဆပ်ခဲ့တာ။ သစ္စာစောင့်သိခဲ့တာ။ တကယ်တမ်းပြောရရင် သိုဟန်ဘွား သန်းရွှေက မောင်ရွှေမန်းကို ချစ်ခင်ကြင်နာလို့ သူကောင်းပြုထားတာ မဟုတ်ဘူး။ ဒင်းကြီးနဲ့ ဒင်းကြီးရဲ့မိသားစုအတွက် သက်စွန့်ဆံဖျား အမှုတော်ထမ်းမယ့်သူကို ခေါင်းခေါက်ရွေး၊ ရာထူးကြီးကြီးပေးပြီး လက်သပ်မွေးထားတာ။

ဒါကို ကွက်ကွက်ကွင်းကွင်း သဘောပေါက်အောင်ပြောရရင် .. ဗျို့ .. ကိုရွှေမန်း၊ စိတ်မကောင်းမဖြစ်နဲ့ စိတ်မဆိုးနဲ့ဗျာ။ခင်ဗျားအတွက် ကိုယ်ချင်းစာ ရင်နာလွန်းလို့ ခပ်ကြမ်းကြမ်းပြောတာဗျ။ ဒင်းကြီးက သူ့ရန်သူတွေကို ရှင်းပေးဖို့ ခင်ဗျားကို အကိုက်သန်တဲ့ခွေးလို သဘောထားပြီး ထမင်းကြမ်းခဲ ပစ်ကျွေးထားတာ။ ဘာကျေးဇူးမှ ဆပ်ဖို့မလိုဘူး။ ဘာသစ္စာမှ စောင့်သိဖို့မလိုဘူး။ ကိုရွှေမန်း ကျေးဇူးဆပ်ရမှာက၊ သစ္စာစောင့်သိရမှာက ထမင်းရှင်မိဘပြည်သူ”

ဦးလေးကြီးက ရှင်းသည်ထက်ပို၍ရှင်းအောင် တန်းစီကာ ပြောချခဲ့ပြီး အောက်ပါအတိုင်း မှတ်ချက်ပေးလေသည်။

“ကဲ.. ဦးလေးကြီး မှတ်ချက်ပေးမယ်။ ဗိုလ်ခင်ညွန့်ကို ချအပြီး တီဗီမှာ ဗိုလ်ရွှေမန်းပြောသွားတဲ့ စကားတခုကို ကြားယောင်နေတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဘူးတဲ့..ဟဲ..ဟဲ။ ဒါဟာ ဗိုလ်ရွှေမန်းရဲ့ နှလုံးသားထဲက ရင်တွင်းဖြစ် ရိုးရိုးသားသား ပေါ်လစီစကားလား။ လေကြီးလေကျယ် စကားအလှ ပြောသွားတာလား။ ဒီစကားရဲ့ နောက်ကွယ်မှာ နက်နက်ရှိုင်းရှိုင်း စဉ်းစားစရာတွေက ဘာတွေလဲ”

ဦးလေးကြီးက သည်တခါမှတ်ချက်တွင် မေးခွန်းကလေးတွေ ချိတ်ပေးလိုက်သည်။ ထို့ကြောင့် ကိုတူမောင့်ခေါင်းထဲမှာ လျှပ်စီးလက်သွား၏။ ဘာရယ်ညာရယ်ဟု ကိုတူမောင် အတိအကျနားမလည်။ သည်ပဟေဠိကို ကိုတူမောင်က အဖြေမညှိနိုင်သေးသဖြင့် ဆိုင်းငံ့လုပ်ထားလိုက်သည်။ ပြီးတော့ သူ့မူလအစီအစဉ်အတိုင်း ဆက်၍ပြောသည်။

“နံပါတ် (၁) က သိုဟန်ဘွား သန်းရွှေ။ နံပါတ် (၂) က ဗိုလ်အေး။ နံပါတ် (၃) က ဗိုလ်ရွှေမန်း။ ဗိုလ်ရွှေမန်းက အိမ်ရှေ့မင်းသားဖြစ်သွားပြီ။ (၁) နှင့် (၂) တို့က အသက်အရွယ် ရွဲနေကြပြီ။ သူတို့နှစ်ယောက် အနိစ္စသဘောအရ ကိစ္စချောကြရင် နံပါတ် (၃) အိမ်ရှေ့မင်းသား ဗိုလ်ရွှေမန်းက နံပါတ် (၁) ဖြစ်လာမယ်။ ဗိုလ်ရွှေမန်းဘဝက ခိုင်သွားပြီ။ဗိုလ်ရွှေမန်းရဲ့ကတော် ခေါ်မလား၊ ဇနီးမယား ခေါ်မလား၊ စစ်သားမယား ခေါ်မလား၊ မယ်မယ်ကြီး ခေါ်မလား၊မယ်မင်းကြီးမ ခေါ်မလား။ ခေါ်ချင်ရာခေါ်၊ အနှီမိန်းမသားဟာလည်း ဒီတိုင်းဌာနီ မိန်းမသားလောကဝယ် ဝင့်ဝင့်ထည်ထည် တင့်တင့်တယ်တယ် ဖြစ်တော့မယ်”

ကိုတူမောင်က သူ့စကားစဉ်ကို ဤနေရာတွင် အဖြတ်တဖြတ်ဖြတ်ကာ ခဏကလေးနားသည်။ ပြီးတော့သူ့စကားစဉ်ကို ဆက်သည်။

“အဲဒီလို တမိသားစုလုံးက ဧရာမမျှော်လင့်ချက်ကြီးနဲ့ အားခဲထားတာ။ အဲဒီအထဲ သမီးပေးပြီး ခမည်းခမက်ရာထူး ယူထားတဲ့ ခေတ်ပျက်သူဌေး ဒေါက်ချာ ဇေကမ္ဘာ ဦးခင်ရွှေလည်းပါလေရဲ့။ ဒေါက်ချာက အိမ်တော်ရောက်ကို တေဇကို ကျော်နိုင်ဖို့ ဗိုလ်ရွှေမန်းခေတ်ကို ဆင်ကြံကြံပြီး စောင့်နေတာ”

ဦးလေးကြီးက ကိုတူမောင်၏ ပြောပုံဆိုပုံ လေမှာ မိမိ၏ လေနောက် အမီလိုက်နေ၍ အားရဝမ်းသာ ပြုံးပြုံးကြီးပြုံးပြီး ကိုတူမောင်ကို မေးခွန်းထုတ်လိုက်သည်။

“ဒီလောက်တောင် ဗိုလ်ရွှေမန်းရဲ့ အဝန်းအဝိုင်းက သည်းသည်းလှုပ်နေတာကိုး။ ဆိုင်းမဆင့်ဗုံမဆင့်ပဲ ဒိုင်းကနဲ ဗိုလ်ချုပ်ကြီး ရွှေမန်း စစ်အရေခွံ အခွာခံလိုက်ရတော့..”

ဦးလေးကြီးက မေးခွန်းကို အဆုံးမတိုင်ဘဲ တန်းလန်းဖြတ်ထားသည်။ သည်အထာကို ကိုတူမောင်က နောကျေနေပြီးသားဖြစ်၍ ချက်ချင်းပင်တုန့်ပြန်လိုက်သည်။

“ဟာ..ဘာပြောကောင်းမလဲ၊ ဦးလေးကြီးရာ။ မိန်းမသူတွေ တပြုံလုံး၊ ချုံးပွဲချပြီး ငိုပွဲကြီးဆင်ခဲ့ကြသတဲ့။ ဒေါက်ချာ ဇေကမ္ဘာလည်း သူ့အကြံအစည်တွေ အိပ်မက်ဖြစ်သွားလို့ စိတ်ညစ်ညစ်နဲ့ ဂျွမ်းပစ်သွားပါသတဲ့။မောင်မင်းကြီးသား ဗိုလ်ရွှေမန်းတဖြစ်လဲ ဦးရွှေမန်းကတော့ လူ့ဘဝကို စိတ်ကုန်သွားပြီ၊ ဘုန်းကြီးဝတ်တော့မယ်၊ ဘုန်းကြီးဘဝနဲ့ပဲ အရိုးထုတ်တော့မယ်ဆိုပြီး ဘုန်းကြီးကျောင်းကို သွားဖို့ ပြင်ဆင်ပါလေရော”

ဦးလေးကြီးက မျက်နှာကြီးနီပြီး ဒေါခီးခီးဖြင့် ပြောပစ်လိုက်သည်။

“ဟ..ဟ..ကိုတူမောင်..ရ။ ဗိုလ်သန်းရွှေရဲ့ရန်တွေ၊ ညှောင့်တွေ၊ ဆူးတွေတပြုံလုံးကို ဒလကြမ်း ရှင်းပေးခဲ့ရတာ။ ဒါတွေကိုမှ မထောက်ထား။ တောင်ထိပ်ကနေ တောင်အောက်က ချောက်ထဲပစ်ချခံလိုက်ရတာ။ ဘုန်းကြီးဝတ်မနေနဲ့။ ကိုယ်ညံ့လို့ ကိုယ်ခံရတာ။ ကိုယ့်ကိုယ်ကိုသာ သတ်သေလိုက်”

ဤသို့ပြောပြီးလျှင် ဦးလေးကြီးက စစ်ဗိုလ်တွေ၏ သတ္တိကို ဖွင့်ဆိုရှင်းလင်းပြောပြသည်။

“စစ်ဗိုလ်တွေဟာ ရာထူးရှိတုန်းသာ လက်နက်အားကိုးနဲ့ လူတကာကို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်တာ။ တကယ်က သတ္တိရှိတာ မဟုတ်ဘူး။ သူရဲဘောကြောင်တာ။ ဒါကြောင့် ရာထူးလည်းမဲ့ရော ကြက်အီးတွေဖြစ်ကုန်ရော။ ပြောရဦးမယ် ကိုတူမောင်။ အဲ..နားနဲ့မနာ၊ ဖဝါးနဲ့သာနာပေတော့”

ဦးလေးကြီးက ခပ်ကြမ်းကြမ်းပြောတော့မည်။ ဒါကို ကိုတူမောင်သိ၏။ နားကိုဖဝါးအလား သဘောထားပြီး နာရတော့သည်။

“စစ်ဗိုလ်တွေမှာ သောက်ကျင့်တခုရှိတယ်။ သူတို့အချင်းချင်းတောင် ယူနီဖေါင်းချွတ်သွားရသူကို ယူနီဖေါင်းဝတ်နေရသူက ရှောင်တယ်။ အပေါင်းအသင်းစာရင်းထဲက ထုတ်ပစ်လိုက်တယ်။ ဒီလောက်ထိ စိတ်ဓာတ်က အောက်တန်းကျမှတော့ ဘယ်လာ သောက်သုံးကျတော့မှာလဲ။ ကျောင်းသား၊ ဘုရားသား၊ ပြည်သူပြည်သားတွေလို လက်နက်မဲ့တိုက်ပွဲဝင်ရဲတဲ့ သံမဏိသတ္တိမျိုး သူတို့မှာရှိတာမဟုတ်ဘူး”

ဤသို့ဖြင့် ဦးလေးကြီးက စစ်ဗိုလ်လူတန်းစား၏ အောက်တန်းစား စရိုက်လက္ခဏာဆိုးကို ဖွင့်ဟကာ မှတ်ချက်ပေးလိုက်ပြန်သည်။ ဦးလေးကြီး၏ ဘွင်းဘွင်းမှတ်ချက်ကို နာယူအပြီး ကိုတူမောင်က
သူ့စကားစဉ်ကို စီကာစဉ်ကာ ပြောလေသည်။
“သိုဟန်ဘွား သန်းရွှေနဲ့ မယ်မင်းကြီးမတို့ လင်မယားတစုံလုံးက ဗိုလ်ရွှေမန်းကို အလိုတော်မကျ မျက်မာန်တော်ရှလာတာက ရက်ကိုလစား၊ လကိုနှစ်စား၊ အဲဒီလို အခြေအနေက တဖြေးဖြေးရင့်သထက်ပိုရင့်လာပြီ။ အကြောင်းအကြောင်းတွေထဲမှာ ရဟန်းသံဃာကိစ္စလည်းပါတယ်။ နောက်တမျိုးက သိုဟန်ဘွား သန်းရွှေက မရိုးမသားအကွက်ဆင်ပြီး ကစားထားတာ”

အကွက်ဆင်ပြီး ကစားထားတာဆိုသည့်စကားက ဦးလေးကြီး၏စိတ်ကို ယားကျိကျိဖြစ်အောင် ကလိ၏။ထို့ကြောင့် ဦးလေးကြီးက ကိုတူမောင့်စကားကို အလေးထားနားထောင်သည်။

“မူလအစက သိုဟန်ဘွားသန်းရွှေက အကွက်ချပြီး ဗိုလ်အေးကို ဗိုလ်ရွှေမန်းနဲ့ ထောက်ထားတာ။ ဒီအကွက်ကို ဗိုလ်အေးကသိလို့ သတိကြီးကြီးနဲ့ အသင့်ပြင်ထားတယ်။ သည်အနေအထားကနေ အလှည့်အပြောင်း အချိုးအကွေ့တခုကိုလည်း ရောက်လာပါလေရော။ သိုဟန်ဘွား သန်းရွှေနဲ့ ဗိုလ်အေးတို့နှစ်ယောက် အပေးအယူတည့်သွားကြတယ်”

ကိုတူမောင်က သူ၏ပြောစကားများကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် အဖြတ်တဖြတ်ဖြတ်ပြီး နောက်တဆင့်ရှေ့ကို ဆက်သည်။

“သိုဟန်ဘွား သန်းရွှေတို့ လင်မယားက ဗိုလ်ရွှေမန်းကို သူတို့လိုချင်တဲ့အတိုင်း အပြည့်အဝဖြစ်မလာလို့ မလိုချင်တော့တာက တကြောင်း..။ ဗိုလ်အေးကို နောက်ကျောလုံပြီး စိတ်အေးသွားအောင် ရှင်းပေးတဲ့နည်းနဲ့ အပင်းသွင်းလိုတာက တကြောင်း..။အဲဒီအကြောင်း နှစ်ကြောင်းကြောင့် နံပါတ် (၃) ဗိုလ်ရွှေမန်းကို စစ်အရေခွံခွာလိုက်တာ”

“ဟုတ်ပြီ ကိုတူမောင်။ ဦးလေးကြီးက မှတ်ချက်ပေးမယ်။ စစ်ဗိုလ်ဆိုတာမျိုးဟာ ကောင်းရင်ကောင်း၊မကောင်းရင်စောင်းတဲ့ လူစား..ဟဲ..ဟဲ။ ဒို့တိုင်းဌာနီက သိုဟန်ဘွား သန်းရွှေကတော့ မကောင်းဘူး၊ စောင်းတယ်။အာဏာသက်ဆိုးရှည်ပြီး ရာဇာပလ္လင် ဖင်မြဲရေးအတွက် သူ့လက်အောက်ရှိရှိသမျှ ဗိုလ်ချုပ်ကအစ ရဲဘော်အဆုံးအားလုံးကို စစ်မြေပြင်စစ်တလင်း
သေမင်းခံတွင်းဆီ ပို့ရမလား၊ ပို့တယ်။ သူ့သား၊ သူ့မြေးတွေကို၊ သူဒီလိုလုပ်ရက်မလား။ စစ်တလင်းမှာ စစ်ခင်းရတာကလည်း ကိုယ့်နိုင်ငံကို ဂုတ်သွေးစုပ်နေတဲ့ ဂုဏ်သိက္ခာမဲ့ တရုတ် ကုလားမဟုတ်ဘူး။ကိုယ့်ညီအစ်ကို လူမျိုးအချင်းချင်းကို သတ်ခိုင်းနေတာ။ သိုဟန်ဘွား သန်းရွှေဟာ လူစင်စစ်က ဘီလူးဖြစ်သွားပြီ”

ဦးလေးကြီးက သိုဟန်ဘွား သန်းရွှေကြီး လူစင်စစ်က ဘီလူးဖြစ်သွားပုံကို သရုပ်ခွဲပြသွားသည်။ ဦးလေးကြီးဆီက ရသမျှမှတ်ချက်ကို ကိုတူမောင်က အားရကျေနပ်သည်။ ဦးလေးကြီးလည်း အပြင်ထွက်ဖို့ အချိန်တန်ပြီ။ကိုတူမောင် နိဂုံးချုပ်ရတော့မည်။

“ဦးလေးကြီး..ရေ။ ဗိုလ်ရွှေမန်းတဖြစ်လဲ ဦးရွှေမန်းက ဘုန်းကြီးဝတ်မယ်လုပ်တော့ ဇနီးမယားနဲ့သမီးသားတွေက ဝိုင်းပြီးတောင်းပန်ကြ။ မိတ်ဆွေရင်းချာတွေကလည်း ဖျောင်းဖျကြ။ ဒါပေမယ့် တောင်းပန်လို့လည်းမရ၊ ဖျောင်းဖျလို့လည်းမရ။ဒီတော့ အရင်းအချာတွေက သတိပေးရပြီ။ ဘုန်းကြီးဝတ်ရင်၊ ကလန်တာ၊ အာခံတာ၊ ဂွတိုက်တာ၊ ဆန္ဒပြတာလို့၊သိုဟန်ဘွားသန်းရွှေက မှတ်ယူလိမ့်မယ်။ ဒင်းကြီးက သူချထားတဲ့ဂွင်ထဲဝင်ပြီး ကြံ့ဖွံ့အမတ် မလုပ်ရင် သူ့စစ်ဗိုလ်တွေအားလုံး နောင်ကျဉ်သွားအောင် ကိုရွှေမန်းကို နမူနာအဖြစ် ဦးချိုးပြလိမ့်မယ်။ တခြားအများကြီး လျှောက်မကြည့်နဲ့။ ဗိုလ်ခင်ညွန့်တယောက်ကိုပဲ ကြည့်တဲ့”

သည်တော့မှ နံပါတ် (၃) ဗိုလ်ချုပ်ကြီးရွှေမန်းတဖြစ်လဲ ဦးရွှေမန်းသည် တသက်လုံး ဘုန်းကြီးလုပ်တော့မည့် အစီအစဉ်ကို လက်လျှော့လိုက်တော့သည်။ ဤတွင်ဦးလေးကြီးက မှတ်ချက်ပေးပြီး ရယ်စရာမောစရာဖြင့် နိဂုံးချုပ်လေသည်။

“သြော်.. မောင်ရွှေမန်းရဲ့ဘဝဟာ အပြင်ကို လုံးလုံးကန်ထုတ်ခံရတာဆိုရင် လွတ်ပြီ၊ ကျွတ်ပြီ။ ဇာတ်ပွဲထဲက ဝန်ကြီးတို့ စစ်သူကြီးတို့လို စောစောသေရင် စောစောအိပ်ရပြီ..ဟဲ..ဟဲ။ ခုဟာက အပြင်ကို လုံးလုံးကန်ထုတ်ခံရတာလည်း မဟုတ်။ဒီတော့ လွတ်ပြီ၊ ကျွတ်ပြီးမဟုတ်။ ကင်းကင်းရှင်းရှင်း မဟုတ်။ ရပြီးသား၊ ယူပြီးသား ဧရာမစားစရာကြီးတွေကို နောင်ဘဝအဆက်ဆက်မှာ ဖဲ့ကာဖဲ့ကာ..ဖဲ့..ဖဲ့.. စားရင်းနဲ့..ဟဲ..ဟဲ၊အေးအေးချမ်းချမ်းလည်း နေလို့မရ”

ဦးလေးကြီးက ပထမပိုင်းကို ချုပ်လိုက်ပြီ။ ဒုတိယပိုင်းကို ဆက်သည်။

“ပြောင်းထိုင်ရတဲ့ ကုလားထိုင် အမျိုးအစားက အင်္ကျီပုဆိုးကုလားထိုင်။ ဟိုးတုန်းက ဗိုလ်ရွှေမန်းရဲ့ဂျူနီယာ့၊ ဂျူနီယာ၊ဟိုး..အဝေးကြီးက ဂျူနီယာကလေး ဗိုလ်မင်းအောင်လှိုင်..။ ကနေ့မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်..။မောင်မင်းအောင်လှိုင်ကလေးရဲ့ မျက်နှာတော်ကို ဦးရွှေမန်းကြီးက ဘယ်လိုဖူးမျှော်ရမလဲ”

အချုပ်တကာတို့၏အချုပ် နောက်ဆုံးအချုပ်ကို ဦးလေးကြီးက ချုပ်လိုက်ပြီ။

“ဗိုလ်ရွှေမန်းရဲ့ဘဝက လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားရတာလည်း မဟုတ်။ အထိုင်ချပြီးသား နဂိုမူလနေရာမှာ ဟန်မပျက်နေရတာလည်းမဟုတ်။ ကြိုးချည်ပြီး အလှန်ခံထားရတဲ့ ..အဲ.. အားနာလိုက်တာ..၊ ကြိုးချည်ပြီး အလှန်ခံထားရတဲ့.. ဟိုဟာအလား။ အဲလေ.. နွားလို့သာ ဆိုကြပါစို့လား..အား.. ဟားဟား”

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved