ပုံတူမျိုးပွား ပလ္လင်ကြီး ဘယ်သူရွှေ့

Tuesday, January 11, 2011


လွှတ်တော်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်မယ်၊ နေပြည်တော်က အဆောက်အအုံတွေကို ဒီနှစ်ထဲ အပြီးသတ် ရမယ်ဆိုတဲ့ သတင်းတွေနဲ့ အတူ အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးနဲ့ တပုံစံတည်း တူတဲ့ ပလ္လင်ကြီး တခုကို နေပြည်တော်ရွှေ့တယ်ဆိုတဲ့ သတင်း ထူးထူးခြားခြား ကြားလိုက်ရတော့ ကိုတာတေတို့ ကိုယ့်နားကိုယ် မယုံချင်ဘူးဖြစ်သွားတယ်။

ကိုတာတေတို့ ချိုကုပ်ဒူးကြီးဟာ မင်းလို စိုးလို ဝတ်ရတာ၊ နေရထိုင်ရတာ၊ ပြောရဆိုရတာ အလွန်မက်မောတယ် ဆိုတဲ့ သတင်းတွေတော့ နားနဲ့ မဆံ့အောင်ကြားဖူးပါတယ်။ အိမ်မှာလည်း အောက်လက်ငယ်သားတွေ သားတော် သမီးတော်တွေ မြေးတော်တွေကို (ဒီလိုပဲသုံးတယ်ထင်ပါ့) က သူ့ကို မော်ဖူးရတယ်ဆိုလား၊ ဘုရားထူးရတယ်ဆိုလား ကြားဖူး နေတာလည်း ကြာပါပြီ။

နိုင်ငံခြားသွားတဲ့ ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့ကို (သံဃာတွေ၊ သက်ကြီးရွယ်အို လေးစားလောက်သူတွေ လည်း မဟုတ်ပါဘဲ) သံရုံး အမှုထမ်းတွေက အောက်မှာထိုင်ပြီး လက်အုပ်ချီ ကန်တော့တဲ့ ပုံတွေလည်း ထူးဆန်းစွာ တွေ့ခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားမှာလည်း ဝန်ကြီးတွေ၊ ဗိုလ်ပြုတ်တွေဟာ ပြောင်ပြောင် လက်လက်တွေ ဝတ်လားဝတ်ရဲ့၊ မိန်းမ ထဘီဆင်တွေ ဝတ်လားဝတ်ရဲ့ တွေ့လိုက်ရတော့တောင် ကိုတာတေ စဉ်းစားမိပါသေးတယ်။ “သြော် ... နောက်ဆို ... တကယ့် နန်းတော်ထဲက မူးမတ်ဗိုလ်ပါတွေလို ဝတ်စားခိုင်းပြီးများ လွှတ်တော် ဝင်ခိုင်းမလား” လို့ပါ။

ကိုတာတေ့အတွေးမှ မဆုံးသေးဘူး ဒီနေ့ပဲ ခိုင်လုံတဲ့ သတင်းရပ်ကွက်က
(အဲဒီလိုမှ မရေးရင် ပြောတဲ့သူကို ဘာပုဒ်မ၊ ညာပုဒ်မတွေ တပ်မှာစိုးလို့ သည်းခံကြပါ) ကြားလိုက်ရတာကတော့ အမျိုးသား ပြတိုက်က သီဟာသန ပလ္လင်နဲ့ တပုံစံတည်း တူတဲ့ ပလ္လင် ပုံတူမျိုးပွားကြီးကို လွှတ်တော်အတွက် နေပြည်တော်ကို ပို့လိုက်ပါပြီတဲ့။

အဲဒီ ပလ္လင်တော်ကြီးပေါ်မှာ ဘယ်သူထိုင်မယ်၊ ဘယ်လိုပုံနဲ့ ထိုင်မယ် ဆိုတာတော့ သေချာမသိဘူးပေါ့လေ။ ကိုတာတေ သိတာတော့ လူထိုင်တဲ့ ပလ္လင်ဆိုတာ ကိုတာတေတို့ မြန်မာပြည်မှာ သီပေါမင်း ပါတော်မူပြီးနောက် ဇာတ်ထဲမှာရယ်၊ ရုပ်ရှင်ထဲမှာရယ်၊ သီချင်းထဲမှာရယ်ပဲ ကြားဖူးတော့တာပါ။ ဟိုသီချင်း သိကြတယ်မဟုတ်လား .. ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး ... ဆိုတာလေ (ပလ္လင်ပေါ်က မျောက်လား ဘာလားတော့မသိဘူး။ ဆင်းမယ့်ပုံတော့ မမြင်ပါဘူး)

ဒါပေမယ့် နောက်ထပ် သတင်းတပုဒ်ကတော့ နည်းနည်း ထူးခြားတယ်။ ကိုတာတေတို့ ချိုကုပ်ဒူးကြီး က ဒီအလုပ် မလုပ်ချင်တော့ဘူးတဲ့။ ဘုရားအလုပ် တရားအလုပ်ပဲ လုပ်တော့မလိုလို တောပဲ ထွက်တော့မလိုလို ... ဟိုတခါ ဗုဒ္ဓဂယာ သွားတုန်းကတည်းက ကြားတာပါ။ ဒါပေမယ့် သူ့ မဟေသီကတော့ ဒီရာထူးက (လုပ်ချင်ရာ လုပ်ပြီး မင်းမူလို့ရတဲ့ ပလ္လင်ပေါ်က) မဆင်းဖို့အရေး သူတို့ ကိုးကွယ်တဲ့ ဆရာတော်ကတဆင့် တိုက်တွန်းခိုင်း သတဲ့။

ဒီတော့ ပြန်ဆက်ရရင် ... အမျိုးသားပြတိုက်က ပုံတူမျိုးပွားထားတဲ့ ပလ္လင်တော်ကြီးကို ဘယ်သူရွှေ့တာလဲ ...။ ချိုကုပ်ဒူးကြီးလား၊ သူ့ မဟေသီကြီးလား ...။ ဒီပလ္လင်တော်ပေါ်မှာ ဘယ်သူက ဘယ်လို ပုံစံနဲ့ ထိုင်မှာလဲ ဆိုတာကတော့ ... အင်တာနေရှင်နယ် သတင်းစတိုင်နဲ့ ပြောရရင် ... မေးခွန်းထုတ်စရာပ ...။

ရန်ကုန်သားတာတေ

4 comments :

  1. Anonymous said... :

    အာ .. ပလ္လင်ပုံတူကို နေပြည်တော် ရွှေ့တာ လွှတ်တော်အတွက်ဟုတ်ဘူးဗျ။ နေပြည်တော် အမျိုးသားပြတိုက် အတွက်၊ ပြည်တွင်းသတင်းတွေမှာ ပါတယ်လေဗျာ။ ကိုတာတေ မသိဘူးလား ..??

  1. Unknown said... :

    အပုဒ်ရေများတော့ အနုပညာအင်အားကျသွားသည်။ ဒါမှမဟုတ် ရေးတဲ့သူမတူဘဲ ကလောင်တစ်ခု ၀ိုင်းရေးတာ ဖြစ်ကောင်းဖြစ်မည်။ အတင်းအဖျင်းဆန်ဆန် ရေးလို့ လက်ခုပ်တီးတာကို အနုပညာကို ချီးကျူးသည် မထင်မှတ်သင့်။ အိုင်ကျူရှစ်ဆယ်မြင်းထိန်းငတေတို့ ချီးကျူးတာကို သာယာနေရင် မိုးမခက ၀ီလီယံသာဂိအောက်တွင် ကိုတာတေကြီး ကျန်ခဲ့မည် ဖြစ်ပါသဖြင့်...

  1. Anonymous said... :

    လူအများဖတ်နေတဲ့ သတင်းနဲ့ဆိုင်တဲ့နေရာတွေမှာရေးတော့မယ်ဆို...မိမိ
    ရေးတဲ့အချက်အလက် မှန်ကန်ခိုင်မာဖို့ ကာယကံရှင်ကအလေးဂရုပြုတာဝန်
    ယူရမှာဖြစ်ပါတယ်၊ တစ်ဘက်ဘက်ကိုမုန်းစိတ်/ချစ်စိတ်တွေနဲ့ဆနာဂတိတွေ
    များသွာတဲ့အခါ..အမှားကြီမှားသွားတဲ့အခါ..ပရိတ်သတ်ရဲ့ယုံကြည်မှုဆုံရှုံး
    ပြီး..သက်ဆိုင်ရာနယ်ပယ်ကနေ..ပျောကိကွယ်သွားတတ်တာ..သတိပြု
    စေချင်ပါတယ်..

  1. Anonymous said... :

    ဘလော့ခ်ပါဆိုမှ ရေးချင်တာ ရေးမှာပေါ့ကွာ။ မကျေနပ်ရင် မဖတ်နဲ့ပေါ့။ သောက်ကျိုးနည်း စာပေစီစစ်ရေးတွေကလည်း နေရာတကာပါလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved