သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း-၁)

Thursday, January 27, 2011

ဦးအလံမလှဲ
 

“စကြဦးစို့ ကိုတူမောင်။ သန်းရွှေဒင်းကြီးကတော့ မထူးဇာတ်ခင်းနေပြီ်”
“ဟုတ်ပါတယ်ခင်ဗျာ။ ခုဟာကဒင်းကြီးရဲ့လက်ဝဲရံ လက်ျာရံ ဗိုလ်ချုပ်ကြီးတွေပါမကျန် ဒင်းကြီးပြုသမျှနုကြရတဲ့ဘ၀ကို ရောက်ကုန်ကြပြီ”
“အေး..ဒါကြောင့် ဟံသာဝတီဦးဝင်းတင်ရဲ့စကားလုံးကို အငှားယူသုံးပြီးမေးလိုက်မယ်။ ကုန်းခံမလား ရုန်းကန်မလား”
 

ကိုတူမောင့်ထံမှ အဖြေထွက်မလာမီ ဦးလေးကြီးကပင် ဆက်၍ပြောသည်။
 

“ဒီမှာ..ကိုတူမောင် သိုးသတ်ရုံကိုကြည့်။ အသတ်ခံနေတဲ့ ရှေ့ဆုံးကသိုးရဲ့နောက်ကို နောက်သိုးတွေ တပြုံလုံးက တန်းစီပြီးလိုက်ကြတယ်။ အသတ်ခံကြတယ်။ ဒါက ကုန်းခံတဲ့စရိုက်”
ဦးလေးကြီးကသူ့ဝသီအတိုင်း တကဏ္ဍကိုဖြတ်ပြီး နောက်တကဏ္ဍကိုဆက်သည်။ 



“သမိုင်းထဲက သိုဟန်ဘွားကိုကြည့်။ အဲဒီ သိုဟန်ဘွားဟာ သံဃာတော်တွေကို သတ်ပြီးရင်းသတ် တသတ်တည်းသတ်နေတာ..။ တိုင်းသူပြည်သားတွေကကုန်းမခံဘူး။ အချင်းချင်း လက်ဆင့်ကမ်းစည်းရုံးပြီး မင်းကြီးရန်နောင်ကို အများသဘောတူ ခေါင်းဆောင်တင်တယ်။ မင်းကြီးရန်နောင်လောက် အစွမ်းအစမရှိတဲ့`မတောက်တခေါက်´တွေကလည်း ကိုယ့်အကြောင်းကိုယ်သိလို့မို့ ဘေးထိုင်ဘုတောပြီး ကပ်ဖဲ့မလုပ်ဘူး။ တစင်မထောင်ဘူး။ မင်းကြီးရန်နောင်တစ်ဦးတည်းရဲ့ ခေါင်းဆောင်မှုကိုပဲ ကြည်ဖြူရိုးဖြောင့်စွာခံယူတယ်။ နောက်လိုက်ကောင်းအဖြစ် ကျရာတာဝန်ကို တာဝန်သိစိတ်နဲ့ ကျေပွန်စွာသက်စွန့်ဆံဖျား ညီညီညွတ်ညွတ် ထမ်းရွက်ခဲ့ကြတယ်။ ဒါက ညီညီညွတ်ညွတ်ရုန်းကန်တဲ့စရိုက်။ အဲဒီစရိုက်ကြောင့် နောက်ပိုင်းမှာ သံဃာတော်များ အသက်ချမ်းသာရခဲ့ကြတယ်” 


ဦးလေးကြီးက သမိုင်းဖြစ်ရပ်မှန်ကိုတင်ပြရင်း `၀´မရှိပဲ`၀ိ´လုပ်ကြသည့် အမတ်ရူးများကို စောင်းကာချိတ်ကာ`ရိတ်´လိုက်သည်။ ထိုသို့`ရိတ်´အပြီးမှာ ဦးလေးကြီးက နောက်ဆက်တွဲ`နှိပ်´လိုက်သေးသည်။ 


“သိုဟန်ဘွားတို့ခေတ်ဆိုတာ သက်ဦးဆံပိုင်ခေတ်..။ ဘုရင်ကိုသတ်နိုင်ရင် ဘုရင်ဖြစ်တဲ့ခေတ်..။ ဒီတော့.. သိုဟန်ဘွားဘုရင်ကို သတ်နိုင်တဲ့မင်းကြီးရန်နောင်ဟာ ဘုရင်လုပ်လို့ရပြီပေါ့။ သို့သော်..သို့သော်..”
 

ဦးလေးကြီးက`တန့်´ထားသည်။ ကိုတူမောင်`ဆတ်တငံ့ငံ့´ဖြစ်လောက်မှ ဒီကနေ့`ဘုရင်ရူး´ရူးနေကြကုန်သော ယူနီဖေါင်းဝတ်လက်ရှိစစ်ဗိုလ်များ.. ယူနီဖေါင်းချွတ် စစ်ဗိုလ်ပြုတ်များ.. ယခင်ကလည်းပုဆိုးဝတ် ယခုလည်း ပုဆိုးဝတ်သည့်အရပ်သားများ.. ထိုထိုပုဂ်ဂိုလ်များအတွက် တရားကျစရာကို ဖွင့်ဟလိုက်သည်။ 

“မင်းကြီးရန်နောင်က ဘုရင်မလုပ်ဘူး။ ပြည်သူအများကမင်းကြီးရန်နောင်ကိုဘုရင်လုပ်ဖို့ရာ အသနားခံတောင်းပန်ကြရှာတယ်။ မင်းကြီးရန်နောင်ကတော့ ဆုံးဖြတ်ထားပြီးတဲ့အတိုင်း ရဟန်းဝတ်သွားပါသကွဲ့။ ”
 

ထိုသို့ပြောအပြီးမှာ ဦးလေးကြီးကအမေးပုစ္ဆာထုတ်လာ၏။
 

“ကိုင်း..ကိုတူမောင်။ ဒီလောက်ဆို ကိုတူမောင်အဖြေထုတ်လို့ရပြီ။ ကဲ..ကုန်းခံမလား။ ရုန်းကန်မလား။ ”
“ကုန်းမခံဘူးခင်ဗျ။ ရုန်းကန်မယ်။ ဘယ်ပုံဘယ်နည်းရုန်းကန်ကြမလဲခင်ဗျာ။ ”
“ဒီမယ်..ကိုတူမောင်။ ဦးလေးကြီးမှာ ကြားဘူးနားဝကလေးတွေတော့ရှိပါရဲ့။ အဲဒါတွေကိုမှတ်မိသလောက် ဥာဏ်မီသလောက် ဝေမျှမယ်။ ”
 

ဦးလေးကြီးကပါးစပ်ကိုမောင်းတင်လိုက်သည်။ ပြီးတော့..တချက်ပြီး တချက် တဒက်..ဒက်..နှင့်`ပစ်´ပါတော့သည်။
 

“ကိုင်း..ကိုတူမောင်။ ရုန်းကန်နည်းတွေက အမယ်တွေစုံလှတယ်။ တချို့ကဆိုကြလေရဲ့..။ အနုနည်းတဲ့..။ အကြမ်းနည်းတဲ့..။ အကြမ်းနည်းဆိုတာက အကြမ်း ဖက်နည်းနဲ့အမှတ်မဲ့ ရောထွေးသွားတတ်တယ်။ ဒါကြောင့်အနုနည်း အကြမ်းနည်းဆိုတဲ့ ဝေါဟာရစကားလုံးတွေကိုတော့ ဦးလေးကြီးကမသုံးဘူး။ ”
“ဒါဆို..ဦးလေးကြီးသုံးတဲ့စကားလုံးတွေက..”
“နိုင်ငံရေးနည်း အကြမ်းမဖက်လူထုတိုက်ပွဲနည်း သံတမန်နည်း မီဒီယာနည်း လက်နက်ကိုင်နည်း..။ နည်းတွေကစုံမှစုံ။ ”
 

ကိုတူမောင်က ဝေတေ၀ါးတားမရှင်းလင်းတာတစ်ခုရှိနေသဖြင့် အထွန့်တက်လေသည်။
 

“လက်နက်ကိုင်နည်းဟာ အကြမ်းဖက်နည်းပဲ။ ဦးလေးကြီးက အကြမ်း ဖက်နည်းကိုမသုံးဘူးဆို။ ”
 

“သြော်..ကိုတူမောင့်..နှယ်။ ဦးလေးကြီးက နားရှင်းအောင်မပြောနိုင်ဖြစ်သွားပြီကိုး။ လက်နက်ကို အကြမ်းဖက်တဲ့ကိစ္စမှာသုံးမှ အကြမ်းဖက်နည်းဖြစ်မှာ။ ဆိုပါစို့.. ၁၉၈၈ ခုနှစ်တုန်းကမဆလ အရေးပေါ်ပါတီညီလာခံမှာ ဗိုလ်နေ၀င်က ခက်ထရော်ကြမ်းတမ်းတဲ့မျက်နှာကြောနဲ့ ကြိမ်းသွားတယ်။ `စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်´..တဲ့။ ”
“ဦးလေးကြီး..ရာ ဗိုလ်နေ၀င်က သူ့ရဲ့အတွင်းသဘော စိတ်မနောကို အဟုတ်အမှန်အတိုင်း လှစ်ပြလိုက်တာပဲ။ ”
 

“ဟုတ်လိုက်လေ..ကိုတူမောင်။ ဗိုလ်နေ၀င်ကထီးနန်းအဆင်းမှာ တိုင်းပြည်ကိုအညှိုးအတေးနဲ့ကြိမ်းဝါးသွားတဲ့စကား..။ သမိုင်းဝင်ထီးနန်းဆင်းစကား..။ စကားချင်းဆက်စပ်နေလို့ပြောရဦးမယ်..ကိုတူမောင်။ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီး လေးလအကြာ ဆဲဗဲင်းဇူလိုင်မှာဖြစ်ခဲ့တာ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြပွဲလုပ်တယ်။ ဆန္ဒပြပွဲပြီးလို့ အေးအေးချမ်းချမ်းဖြစ်နေခါမှ ဗိုလ်နေ၀င်က အညှိုးအတေးနဲ့လွှတ်လိုက်တဲ့ စစ်တပ်ရောက်လာတယ်။ တွေ့သမျှကျောင်းသားတွေကို တ၀ကြီးပစ်ခတ်သတ်ဖြတ်တယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ သမိုင်းဝင်အဆောက်အုံကို ဒိုင်းနမိုက်နဲ့ဖြိုခွဲဖျက်ဆီးပစ်တယ်။ ဗိုလ်နေ၀င်ဟာသို့ကလို ထင်တိုင်းကျဲရန်းကားပြီးတာတောင် မကျေနပ်သေးဘူး။ အသံလွှင်ရုံကနေပြီး ကြိမ်းဝါးလိုက်သေးတယ်။ နိုင်ငံ့သားသမီးဖြစ်တဲ့ ကျောင်းသားတွေကို နိုင်ငံ့ဖခင်တက်လုပ်နေတဲ့ဗိုလ်နေ၀င်က `ဓါး..ဓါးချင်း ဒုတ်..ဒုတ်ချင်း´တဲ့..။ ကြားလို့မှမလျော်တဲ့စကား..။ ဗိုလ်နေ၀င်အာဏာသိမ်းပြီးမကြာမတင်အခါသမယမှာ ပြောသွားတဲ့ သမိုင်းဝင်ထီးနန်းတက်စကား။ ”
 

“ဟာ..ဦးလေးကြီးရာ ဓါး..ဓါးချင်း ဒုတ်..ဒုတ်ချင်းလို့ချဲလဲင့်ခေါ်မှာပေါ့။ `ဒါကြီး´ကနိုင်ငံ့ဖခင်အစစ်မှမဟုတ်ပဲကိုး။ ပထွေးစင်စစ်ဖြစ်လို့သာ ဒီလိုစကားမျိုးကိုပြောထွက်တာခင်ဗျ။ ”
“ကိုတူမောင်..ရေ့။ ဦးလေးကြီးတို့လူကြီးတွေညံ့ပုံများ ပြောပြရမှာတောင်ခပ်ယှက်ယှက်ပဲ။ ဗိုလ်နေ၀င်ဟာအာဏာသိမ်းပြီးကတည်းက သူဘယ်လိုခြေလှမ်းမျိုးလှမ်းမယ်ဆိုတာ`အချက်´ပြခဲ့တာပဲ။ လူတွေကစုံလုံးကန်းပြီး ဒီ`အချက်´ကိုမမြင်ခဲ့ကြဘူး။ သတိမပြုခဲ့ကြဘူး။ ဒါကြောင့်ရာစုနှစ်ဝက် နှစ်ပေါင်းငါးဆယ်ဒုက္ခတွေဝေလျှံခဲ့ရတယ်။ ”
 

ဤတွင်ဦးလေးကြီးကတကဏ္ဍကိုဖြတ်ပြီး ရှေ့တကဏ္ဍကိုဆက်သည်။ 


“`ဒါကြီး´လည်းထီးနန်းကဆင်းသွားရော လက်သပ်မွေးလာခဲ့တဲ့ လက်ရင်းတပည့်ကျော်ကြီး butcherစိန်လွင်တက်လာတယ်။ စက်သေနတ်တွေကို အညှိုးအတေးကြီးနဲ့ ဒလစပ်ဆွဲလိုက်လို့ တက်ကြွလှုပ်ရှားသူတွေ သေလိုက်တာအတုံးအရုန်းပဲ။ သေသူတွေကိုသာမက မသေ့တသေတွေကိုပါ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ အစဖျောက်ပစ်ခဲ့တယ်။ နောက်မဆလအပျက်မှာ တက်လာတဲ့ ဗိုလ်ကျန်စစ်သားစောမောင်နဲ့ ဗိုလ်ခင်မမညွန့်တို့ကလည်း မြန်မာ့သမိုင်းမှာတခါမျှ မတခါဘူးတာကို လွန်ကျူးပစ်လိုက်တာ ရက်စက်မှုအပေါင်းသရဖူဆောင်းသွားပါရော။ အဲဒီလိုမျိုးကိစ္စမှာလက်နက်ကို သုံးတာဟာ..အကြမ်းဖက်တာ။ ”


ဦးလေးကြီးက နောက်ထပ်အကြမ်း ဖက်မှုအချို့ကို နမူနာအဖြစ်ထုတ်ပြပြန်သည်။
“ဒီမှာ..ကိုတူမောင်။ ဗိုလ်သိုဟန်ဘွားသန်းရွှေဒင်းကြီး လက်ထက်ရောက်လာတော့ ဒင်းကြီးကိုယ်တိုင်က ဦးစီးလမ်းညွှန်ပြီး ၂၀၀၃ဒီပဲယင်းလုပ်ကြံမှုကြီးကို လူရမ်းကားလူဆိုးလူမိုက်တွေနဲ့ ဖန်တီးခဲ့တယ်။ ။ အဲဒီလုပ်ကြံမှုကြီးဟာ ဒေါ်အောင်းဆန်းစုကြည်ကို ပစ်မှတ်ထားတဲ့အကြမ်းဖက်မှုကြီးကွဲ့။ ”
“ဟာ..ဦးလေးကြီး..ရာ။ ဒီအကြမ်း ဖက်လုပ်ရပ်က..ပြောင်ပြောင်တင်းတင်း ပေါ်တင်ကြီးပဲ။ ဒင်းကြီးဟာမုန်ယိုနေတဲ့ဆင်ကန်းတောတိုးကြီး..။ ဒါကြောင့်ဒင်းကြီးကိုဘယ်တော့မှအလစ်ပေးလို့မရဘူး။ ”
 

“ဟုတ်ပါ့..ကိုတူမောင်။ ခုလောလောဆည် နိုင်ငံရဲ့အရှေ့ ဖက်အခြမ်းမှာ နအဖစစ်တပ်နဲ့မွန် ကရင် ကယား ရှမ်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေခိုက်နေကြတယ်။ ဘယ်တပ်ဖွဲ့က အမျိုးသမီးတွေကို စော်ကားသလဲ။ အိုးအိမ်တွေကိုမီးရှို့သလဲ။ မီးမရှို့မီအိမ်ထဲမှာမွှေနှောက်ပြီး တန်ဘိုးရှိတာတွေကိုယူသလဲ။ တွေ့ရာလူကိုပေါ်တာဆွဲ ရှေ့ကတင်ပြီး မိုင်းရှင်းကရိယာအဖြစ်မိုင်းကွင်းကိုတိုးခိုင်းသလဲ။ အဲဒီလုပ်ရပ်ဟာ အကြမ်း ဖက်နည်းတမျိုးပဲ။ အဲဒီအကြမ်း ဖက်နည်းကို နအဖတပ်ဖွဲ့ကကျူးလွန်သလား။ တော်လှန်ရေးတပ်ဖွဲ့တွေကကျူးလွန်သလား။ ကျူးလွန်သူဟာ အကြမ်း ဖက်သူ။ ကဲ..ကိုတူမောင်..ဟဲ..ဟဲ..အကြမ်း ဖက်သူကို တွေ့ပြီလား။ ”
ကိုတူမောင်ကဦးလေးကြီးချိတ်ပေးလိုက်သောမေးခွန်းကိုဖြေရင်း မိမိမေးချင်တာကလေးကို ဦးလေးကြီး၏နည်းအတိုင်း ပြန်ချိတ်ပေးလိုက်သည်။ 


“တွေ့ပါပြီ..ခင်ဗျ။ ဦးလေးကြီးကသက်သေခံတွေကို လက်တွေ့မျက်တွေ့ပြလိုက်ပြီကိုး..။ နအဖစစ်အစိုးရရဲ့တပ်ဖွဲ့တွေဟာ တိုင်းရင်းသားပြည်သူတွေကို ကာကွယ်စောင့်ရှောက်သမှုမပြုဘူး။ နှိပ်စက်ညှင်းပမ်းနိုင်ထက်ကလူ အဓမ္မပြုကျင့်တယ်။ ဒါကြောင့်အကြမ်းဖက်တပ်ဖွဲ့များသာဖြစ်တယ်။ အဲဒီအချက်တွေဟာ ဗူးပေါ်သလိုပေါ်နေပါတယ်ခင်ဗျာ။ ကြုံတုန်း..ဦးလေးကြီးကိုမေးပါရစေ။ တိုင်းရင်းသားလူမျိုးများတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်မတော်တို့က ဘာတွေလဲခင်ဗျ။ ”
 

“တိုင်းရင်းသားလူမျိုးတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်မတော်တို့ဟာ လက်နက်ကိုင်ပြီး တိုင်းရင်းသားပြည်သူတွေကို ကာကွယ်တယ်။ စောင့်ရှောက်တယ်။ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် စစ်အာဏာရှင်သန်းရွှေရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်တော်လှန်နေတယ်။ ဒါကြောင့်တိုင်းရင်းသားပြည်သူများရဲ့ တော်လှန်ရေးတပ်မတော် ပြည်သူ့တပ်မတော်ဖြစ်တယ်။ ”
 

ဦးလေးကြီးက စီးစီးပိုင်ပိုင်ရှင်းပြလိုက်ပြီး စကားဝိုင်းတစ်ပိုင်းတကဏ္ဍကို ဖြတ်ဖို့ရာတာစူလိုက်သည်။
“ကိုင်း..ကိုတူမောင်။ 


ဦးလေးကြီးနဲ့ကိုတူမောင်..ဟဲ..ဟဲ..ခံတွင်းတွေ့တာတွေကို တောက်လျှောက်ပြောလာလိုက်တာ တောမဆုံး တောင်မဆုံးဖြစ်ကုန်ပြီ။ လက်နက်ကိုင်ပြီးတိုင်းရင်းသားပြည်သူတွေအတွက် အသက်စွန့်တိုက်ပွဲဝင်တော်လှန်နေတဲ့ လက်နက်ကိုင်နည်းဆိုတာ ရှင်းလောက်ပြီ။ ”
 

ဦးလေးကြီးကသူ့မူအတိုင်းတဖြတ်ဖြတ်လိုက်သည်။ ပြီးမှ..ကျန်တဖြတ်ကိုဆက်သည်။
 

“အဲ..ကိုတူမောင်။ လက်နက်ကိုင်ပြီး စစ်အာဏာရှင်လုပ်စားနေတဲ့ စစ်ဗိုလ်တစုအတွက် တိုက်ပွဲဝင် ဖိနှိပ်ရမ်းကား ဓမ္မပြုကျင့်နေတဲ့ အကြမ်းဖက်နည်းဆိုတာလည်း ရှင်းလောက်ပြီ။ ကဲ.. ဒီစကားဝိုင်းကိုဒီမှာ တဖြတ်ဖြတ်မယ်။ နောက်စကားဝိုင်းကျတော့ နိုင်ငံရေးနည်းအကြောင်းက “စ” မယ်” ။
 

အပိုင်း (၂) ကိုဆက်ရန်

2 comments :

  1. Anonymous said... :

    ဧရာဝတီကလည်း သတင်းသစ်တက်ဖို့ ထမင်းထုတ် ၂ထုတ်လောက်နဲ့လာစောင့်မှတခါ ခပ်ရေးရေးအသစ်တက်တယ်..။ ဒါတောင်သတင်းလို့ပြောမရဘူး ဟာသလိုလို အတင်းလိုလိုဟာတွေ ။ လူများပြီးပွဲမစည်ဘူး ။ ကြည့်လုပ်ကြပါဦးနော့ ။ တနှစ် ဒေါ်လာသန်းနဲ့ချီထောက်ပံ့ထားရတဲ့သူတွေကိုအားနာကြဦး။

  1. Anonymous said... :

    လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
    ခင်ဗျာကန်းနေလို့ဖြစ်မှာပါ။
    သတင်းဖတ်ချင်ရင် http://www.irrawaddy.org/bur/ ကိုသွား၊၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved