အာဏာရှင် သန်းရွှေ၏ အကြိတ်အနယ်ပွဲတပွဲ

Wednesday, January 12, 2011

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၁

အာဏာရှင်ဆိုတာ နိုင်ငံရဲ့အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားသူပါ။အာဏာအရပ်ရပ်ကို လက်ထဲ ချုပ်ကိုင်ထားနိုင်အောင် အာဏာရှင်ရဲ့ ဖန်တီးထားချက်က အာဏာရှင်စနစ်တဲ့ခင်ဗျ။ စစ်အာဏာရှင်ဆိုတာက အာဏာရှင်တက်လုပ်တဲ့ စစ်ဗိုလ်ပေါ့ခင်ဗျာ။

အာဏာရှင်နဲ့အာဏာက တထပ်တည်း၊ တတွဲတည်းမို့ ခွဲလို့မရဘူး။ အာဏာရှင်ဟာ အာဏာမရှိဘဲ ရပ်တည်လို့မရဘူး။ သွေးစုတ်ဖုတ်ကောင်ဟာ သွေးမစုတ်ရရင်သေရသလို အာဏာရှင်ဟာ အာဏာမရှိရင် သေရတာပါပဲဗျာ။

ဒီနေ့မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစစ်အမှန်ပါ။ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချ အပြတ်ရှင်းပြီး အာဏာရှင်မင်းဆက်ကို ဆက်ခံခဲ့သူပေါ့ခင်ဗျာ။

အာဏာရှင်ဆိုတာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရက်စက်ကြမ်းကြုတ်ရတယ်။ ကောက်ကျစ်စဉ်းလဲရတယ်။

ရက်စက်ကြမ်းကြုတ်ရတာက ဒီလိုပါခင်ဗျာ။ အာဏာကိုတဦးတည်း မောင်ပိုင်စီးထားရတာကြောင့် ယှဉ်ပြိုင်သူကိုထားလို့မဖြစ်။ အမိန့်မနာခံသူဟူသမျှ ရန်သူချည့်မို့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး၊ မဆိုင်းမတွ ကျင့်သုံးရတာခင်ဗျ။

ကောက်ကျစ်စဉ်းလဲရတာကလည်း ဒီလိုပါခင်ဗျာ။လက်ထဲမှာ အာဏာအရပ်ရပ်ကို ချုပ်ကိုင် ထိန်းသိမ်းထားနိုင်ဖို့က အဓိကမဟုတ်ပါလား။ ဒါကြောင့် ရန်သူများကိုသာမက အတွင်းလူ တပည့်ရင်းလိုလို မွေးစားသားလိုလို ဟာမျိုးတွေကိုပါ လိုလျှင်လိုသလို ကောက်ကောက်ကျစ်ကျစ် အကွက်ချ လုပ်ကြံရတော့တာပေါ့ခင်ဗျာ။ ပြည်သူများကိုလည်း စဉ်းစဉ်းလဲလဲ အကွက်ချ လိမ်ညာရတော့တာပေါ့ခင်ဗျာ။

ရက်စက်ကြမ်းကြုတ် ကောက်ကျစ်စဉ်းလဲမှုအပေါင်း သရဖူဆောင်းတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဖြုတ် ထုတ် သတ် လုပ်ကြံမှုများကိုကြည့်။

ဘုရင်ကိုသတ်နိုင်မှ ဘုရင်ဖြစ်နိုင်တာလိုပဲ အာဏာရှင်ကို ဖြုတ်နိုင်မှ အာဏာရှင်ဖြစ်နိုင်တာမို့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ် ထုတ် ပစ်လိုက်တာ ဆန်းပါသလားဗျာ။

အာဏာပါဝါ သိပ်မကွာလှတဲ့ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်ကြတဲ့ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင် အစရှိတဲ့ တသီတတန်းကြီးသော ဒုတိယ ဗိုလ်ချုပ်ကြီးများကို ဖြုတ် ထုတ်ပစ်လိုက်တာကို မှတ်မိနေကြမှာပါ။

အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့ ဗိုလ်စစ်မောင်တို့ကို လက်စ ဖျောက်ပစ်လိုက်တာကိုလည်း မှတ်မိနေကြမှာပါ။

တပ်တွင်း အကိုင်းအခက်များကို အတော်အတန် “သင်းသတ်” ပြီးတာနဲ့ ပင်စည်ကြီး King Maker တန်ခိုးအရှိန်အ၀ါရှိနေသေးတဲ့ အာဏာရှင်ဟောင်း ဗိုလ်နေ၀င်းကို လွှတ်မထားတော့ဘဲ လက်ဦးမှုယူဖမ်းဆီး အကျယ်ချုပ်ချခဲ့တာကိုလည်း မေ့မရနိုင်ကြသေးပါခင်ဗျာ။

ဆရာကိုရှင်းအပြီး ဆရာ့တပည့်လက်ရင်း ဗိုလ်ခင်ညွန့်ကိုလည်း မယုံကြည်နိုင် စိတ်မချနိုင်တော့လို့ ဗိုလ်ခင်ညွန့်နဲ့ သူ့ရဲ့နံမည်ကျော် စစ်ထောက်လှမ်းရေးတဖွဲ့လုံးကို ဗိုလ်ချုပ်ကအစ အကြပ်တပ်သားအဆုံး တပြုံးလိုကို မြေလှန် ဖျက်သိမ်း၊ ဖမ်းဆီး၊ ထောင်ချပစ်လိုက်တာကိုလည်း မျက်ဝါးထင်နေတုန်းပဲလေ။

ယခုနောက်ဆုံး ငှက်ပျောပင်အလား တဖတ်ပြီးတဖတ် အခွာခံနေရသူတို့ကား လက်ရင်း တပည့်ကျော်တွေချည်း ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးသုံးဦး။ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အားလုံးလိုလိုပါကလား။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ရန်းဆူးရန်ငြှောင့်အားလုံးကို သစ္စာရှိစွာအမိန့်နာခံပြီး မသက်မညှာ ရက်စက်စွာ ရှင်းပစ်ပေးခဲ့ငြားလည်း သူတို့ခမျာတွေကိုယ်တိုင် အာဏာရှင်စက်ကွင်းက မလွတ်ကင်းနိုင်ဘဲ အစတေးခံသွားကြရတာပါနော်။ သူတို့အဖြစ်က ငါးကြင်းဆီနဲ့ငကြင်း အကြော်ခံရတာမျိုးလို့ ဆိုရမှာပါ့။

အာဏာရှင်ကြီးရဲ့ အပြင်စည်းဝိုင်းက ရန်သူများကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချထားတာတွေကိုပါ စာဖွဲ့တင်ပြရရင် ဆုံးနိုင်ဘွယ်ပင်မရှိ။ တစိတ်တပိုင်းကိုပဲ ပမာပြရသော် ဒီပဲယင်းလူသတ်ပွဲ။ ၂၀၀၇-ခုနှစ်ရဟန်းသံဃာများကို မောင်းပြန်သေနတ်နဲ့ သတ်တဲ့ပွဲ။နောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ကို ယနေ့တိုင် ထောင်သွင်းအကျဉ်းချထားတာတွေဗျ။

အဲဒီ ရက်စက်ကြမ်းကြုတ်တာတွေအပြင် ကောက်ကျစ်စဉ်းလဲ လိမ်ညာတာတွေကလည်း မနည်းပါခင်ဗျာ။ အနှစ် ၂၀ ကျော် စစ်ယူနီဖေါင်းဝတ် စစ်အာဏာရှင်စနစ်နေရာမှာ ခေါင်းပေါင်း၊ တိုက်ပုံ၊ပုဆိုးအရေခြုံ စစ်အာဏာရှင်စနစ်ကို အစားထိုးဖို့ မျက်လှည့်ပြနေတာ။ ပါတီစုံဒီမိုကရေစီကို ကျင့်သုံးတော့မယောင်ယောင် တကမ္ဘာလုံးကို သူငယ်နှပ်စားလုပ်နေတာ။ တကယ်တော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာနဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဆိုတာတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုပ်ကြံပွဲဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်ဗျာ။

ယခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘ၀မှ သမ္မတကြီး ဦးသန်းရွှေဘ၀သို့ အရှင်လတ်လတ်ကြီး ဘ၀ကူးပြောင်းဖို့ရန်သာ ရှိပါတော့တယ်။ သို့ပေမယ့် ဘ၀ကူးကောင်းရေးအတွက် ကြိုတင်မဲဖြင့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာသော ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများရဲ့ ကြံ့ဖွံ့ပါတီ ထောက်ခံမှုကို ရရှိဖို့လိုလာပြန်တယ်။

ဒီလိုအခြေအနေမှာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တစ်ပါးသူတို့ရဲ့ ထောက်ခံမှုကို မှီခိုရတဲ့ဘ၀ကို ရောက်သွားရပါပြီ။ စစ်အာဏာရှင်သန်းရွှေကို တဖန်ပြန်ပြီး ဖြုတ်ချနိုင်သည့် အခွင့်အရေးကို စစ်ဘောင်းဘီချွတ် ပုဆိုးဝတ်ဗိုလ်ချုပ်ပြုတ်များက ပထမဦးဆုံးရရှိသွားပါပြီ။

ဒီတော့ စစ်အာဏာရှင်သန်းရွှေက သူ့အာဏာကို ယှဉ်ပြိုင်ခြိမ်းခြောက်လာမယ့်သူတွေကို လက်ပိုက်ကြည့်နေနိုင်ပါ့မလား။ အပြတ်ရှင်းရတော့မယ့် အခြေဆိုက်လာပြီလေ။

ယူနီဖေါင်းအချွတ်ခံလိုက်ရတဲ့ စစ်ဗိုလ်ပြုတ်တို့ကလည်း ဖြေမဆယ်နိုင်တဲ့ မကျေမနပ်စိတ်ကြောင့် သန်းရွှေကြီးကို သမ္မတဖြစ်လာဖို့ရာ မဲပေးရွေးချယ်ပါတော့မလား။ဒီအချက်ကို သန်းရွှေကြီး စိတ်ချနိုင်မယ်မထင်။ ဒီအခြေအနေမှာ အာဏာရှင်သန်းရွှေကြီး အလေးအနက်သိထားဖို့က ဗိုလ်ချုပ်မုးကြီးက သူ့လက်အောက်အရာရှိ ဗိုလ်ချုပ်များကို ဖြုတ် ထုတ် ရှင်း လုပ်ပစ်သကဲ့သို့ ဗိုလ်သန်းရွှေ “ထွင်” လိုက်တဲ့ ကြိုတင်မဲဖြင့် ပြည်သူ့ကိုယ်စားလှယ် စာရင်းဝင်လာသူ ဗိုလ်ပြုတ်များကိုမူ ဖြုတ် ထုတ် ရှင်း လုပ်ပစ်ဖို့ရာ မလွယ်ကူတော့ပါ။

ကြံလိုက်စမ်း စစ်အာဏာရှင်ကြီး။ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် နေပြည်တော် နန်းတွင်းလုပ်ကြံမှုကြီး။

ဗိုလ်ချုပ်ပြုတ်များကရော စစ်တပ်အာဏာရော သမ္မတအာဏာပါ သိမ်းပိုက်ရရှိသွားမယ့် အာဏာရှင်သန်းရွှေရဲ့ လက်အောက်မှာ မိမိတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုရှိပါ့မလားလို့ မတွေးတော မစဉ်းစား မကြံဆဘဲ နေပါ့မလား။

နောင်တော့် နောင်တော်တို့ အစဉ်အဆက်ခံခဲ့ရတဲ့ ဘ၀ကံကြမ္မာကိုလည်း မျက်စေ့အောက်မှာပင် တွေ့ဖူး မြင်ဖူးခဲ့ပြီးပြီ။ မိမိတို့ကိုယ်တိုင်လည်း“နောက်ကျော ဓားထိုး” တဲ့ သန်းရွှေကြီးရဲ့ ကြမ်းကြုတ် ရက်စက် ကောက်ကျစ် စဉ်းလဲမှုကို ကိုယ်တိုင်ခံခဲ့ရပြီးပြီ။ ဒီတော့ ကြိတ်မှိတ်ပြီး ငြိမ်ခံသွားကြဦးမလား။

ဘာတွေ ဖြစ်လာကြမှာလဲ။ ကြပ်ပြေးနေပြည်တော် နန်းတွင်းမှာ ဓါးကို အပြိုင်သွေးနေကြပြီလား။

အခုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လွှတ်တော်ခေါ်ယူဖို့ ကြေညာထားပါပြီ။

အာဏာနှင့် “ခွာ” မရဖြစ်နေတဲ့ စစ်အာဏာရှင် သန်းရွှေကတော့ ဘ၀ပေးအရအာဏာကို မရ ရတဲ့နည်းနဲ့ အတင်းအဓမ္မရယူမှာ အသေအချာဖြစ်တာမို့ သတိလက်လွတ် မနေမိကြဖို့ရာ မွန်ဇော်နိုင်က“ဗျို့” ဟစ်လိုက်ရပါတယ်။

“အားလုံးသတိဗျို့ ..သတိ ..သတိ ..သတိ” ။ ။


10 comments :

  1. Anonymous said... :

    အင်း ခက်တော့လဲခက်နေပာပြီ။
    သမဿမတရဲ့ လုပ်ပိုင်ခွင့်ကို ဘာမှသေသေချာချာမသိဘဲနဲ့ လာပြောနေတာပဲ။
    သူတို့ အတည်ပြုထားတဲ့အခြေခံဥပဒေ ကိုသေချာဖတ်။ ဘယ် ကာကွယ်ရေးဦးစီးချုပ်မှ သမဿမတ မလုပ်ဘူး။

  1. ဒါပေမယ့် တပ်ချုပ်ကြီး သန်းရွှေကတော့.... သမ္မတ မလုပ်တောင်မှ သမ္မတထက်ကြီးတဲ့ နေရာတခုကို သူ့ဘာသာ ဖန်တီးပြီး ထိပ်သီးအာဏာရှင်ကြီး တယောက်အဖြစ် ရှိနေအုံးမှာက အတိကျပဲ့ ကိုယ့်လူရဲ့....။ နေဝင်းကို သူလုပ်သလိုမျိုး သူ့ကို..နောက်တက်ဗိုလ် တယောက်ယောက်က ပြန်လုပ်တာ ခံရမှာ ကြောက်တယ်လေ...။

  1. Anonymous said... :

    comment ပေးထားတဲ့ လူတွေကြည့်ရတာ နိုင်ငံရေးဗဟုသုတ တော်တော်ရှိကြပုံပေါ်တယ်။ ကျွန်တော်တခုလောက်မေးချင်တယ်ဗျာ။ တနိုင်ငံလုံးက အခု လာဘ်ပေးလာဘ်ယူ စနစ်နဲ့သွားနေတာဆိုတော့။ နောက် အစိုးရသစ်ပေါ်လာရင်လဲ ဒီစနစ်နဲ့ဘဲ သွားမှာလား။ တကယ်လို့ good government ဖြစ်လာခဲ့ရင် အရင်အစိုးရလက်ထက်က အဟုတ်မမှန်လုပ်ခဲ့တဲ့ လူတွေကို တရားစွဲခွင့်ပြုမှာလား။

  1. Anonymous said... :

    ပေါက်တက်ကရတွေဗျာ...:( [[[အာဏာရှင်သန်းရွှေ၏ အကြိတ်အနယ်ပွဲတစ်ပွဲ ငချွတ်တားမွန်ဇော်နိုင် စိတ်ကူးတည့်ရာ ထင်ရာမြင်ရာ ပေါက်ကရရေးထားသည်]]]လို့ခေါင်းစဉ်တပ်သင့်တာ။

  1. Anonymous said... :

    ဦးသန်းရွှေ ကလည်း ကြားရသလောက်တော်တော်ချမ်းသာနေတယ်ဆိုတော့။ သူ့လစာနဲ့တော့ မဖြစ်နိုင်ဘူး။ သူလဲ လာဘ်ပေးလာဘ်ယူလုပ်လို့ချမ်းသာနေတာဖြစ်မှာဘဲ။ သူ့ရဲ့အကျိုးစီပွားကို ကာကွယ်ဖို့ နောက်အစိုးရက good government ဖြစ်လာလို့ကို မရဘူး။ good government ဆိုရင် သူ့ကိုပြန်ပြီး တရားစွဲချင်တဲ့သူ။ သူ့ရဲ့ချမ်းသာမှုတွေကို ပြန်စုံစမ်းဖို့ တောင်းဆိုလာရင် တကယ်လုပ်ပေးရတော့မှာ။ သူဒီအမှား သံသရာထဲက ရုန်းထွက်လို့ကို မရတော့ဘူးထင်တယ်။ ဒါနဲ့တောင် ဒီအခြေခံဥပဒေသစ် good government ပေါ်ပေါက်လာမယ်ထင်နေတဲ့သူတွေရှိနေတယ်။ အဲဒီထဲက တယောက်လောက် နိုင်ငံတော်ကို ဘယ်လို run နိုင်တယ်ဆိုတာ ရှင်းပြပေးပါလား

  1. Anonymous said... :

    အင်း..
    သိနေလဲ ကြိုမဖွကြစေချင်ပါ။
    ဖဲသမားစိတ်ဓါတ်မွေးကြပါ။ အွန်လိုင်းမှာ သူတို့ အမြဲရှိနေတယ်ဆိုတာ
    မမေ့ ကြပါနဲ့ ။ အမေစုတို့ ကျဆုံးခဲ့ တာ ဝှက်ဖဲမထားခဲ့ လို့ ပါ။
    သူတို့ က အစွမ်းကုန်အောင်ကလိန်ကကျစ်ကျနေတာသိရဲ့ နဲ့ 
    မဖြူစင်နေကြပါနဲ့ တော့ ။
    ( သည်ကွန်မန့် ကို တင်ပေးပါနော် )

  1. Anonymous said... :

    ပြည်သူတွေက အစိုးရသစ်လက်ထပ်မှာ အရင်စနစ်နဲ့သွားခဲ့တဲ့အတိုင်း ဆက်ပြီးလက်ခံနေမယ်ဆိုရင်တော့ နောက်အစိုးရသစ်လက်ထပ်မှာလည်း အရင်စနစ်အတိုင်းပဲဖြစ်မှာပဲ။ တကယ်လို့ good government နဲ့အစိုးရသစ်က တကယ်သွားမယ်၊ တကယ်လည်းအစိုးရသစ်မှာဦးဆောင်တဲ့(စစ်ဘက်+အရပ်ဘက်)လူများ အဲဒီအတိုင်းပဲလိုက်နာကြမယ်... ပြည်သူတွေကလည်း မဟုတ်တာလုပ်နေတယ်ဆိုတာသေချာလို့ လုပ်တာကို မခံပဲပြုပြင်ထောက်ပေးကြမယ် ဆိုရင်ပေါ့ဗျာ။ အရင်မဟုတ်-မဟက်လုပ်ခဲ့သူတွေကို တရားစွဲရ-မရကတော့ ...သူလုပ်ခဲ့တဲ့ အမှားတွေ၊ လာဘ်စားခဲ့တာတွေ၊ မသာမှုတွေအပေါ်ကို ပြဌာန်းထားတဲ့၂၀၀၈အခြေခံဥပဒေနဲ့အညီ ခင်ဗျားအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ အခိုင်အမာ ဖေါ်ထုတ်ပြနိုင်မှုရှိလဲ... လျှောက်နိုင်လဲဆိုတဲ့ပေါ်မှာ မူတည်လိမ့်မယ်။ ခင်ဗျားမှာ... အခိုင်အမာ အချက်နဲ့ အလက်နဲ့ ခင်ဗျားစွဲချင်တဲ့လူကို ပြစ်မှုထင်ရှားလာအောင် သေချာပြည့်ပြည့်စုံစုံ ဆိုင်ရာတရားရုံးမှာသေချာတင်ပြနိုင်ရင် စွဲလို့ရပါလိမ့်မယ်။

  1. Anonymous said... :

    ဗိုလ်သန်းရွေက သူ.ဒူးတောင်သူယုံတာမဟုတ်ဘူး စိတ်မချဘူးထင်တဲ.သူ ရှင်းမှာပဲ

  1. Anonymous said... :

    ဘာတွေ လာပြောနေတာလည်း အဏာ သိမ်းလိုက်မှာပေါ့ဟ ။ လွယ်လွယ်လေး ။ အဲဒါ ဒင်းတို့ ဇွတ်ညှစ် ပြဌာန်းထားတဲ့ ဥပဒေထဲမှာ ပါတယ်လေ. ဌဲ .ဌဲ . ဌဲ . . .

  1. Anonymous said... :

    မြန်မာပြည်က ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်..ကျေးဇူးရှင်တို့ရေ...
    လူခင်ရင်..မူပြင်ပြီး...ငွေရရင်..ထောင်ချတဲံဥပဒေပဲ..
    လျင်သူစား..ဥပဒေတွေပါဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved