ခေါက်ရိုးကျိုး နိုင်ငံရေးနှင့် အဆန်းထွင်သူများ

Thursday, January 13, 2011

နိုင်ငံရေးလေ့လာသူတဦး၊ ဇန်နဝါရီ ၁၃၊ ၂၀၁၁

ခက်တော့ခက်နေပြီ။ မြန်မာပြည်နိုင်ငံရေးကတော့ ကြာလေ ရှုပ်ထွေးလာလေဆိုရမယ်။ အဖြေရှာမရတဲ့ ပုစ္ဆာလိုဖြစ်လာတာ သတိထားမိပါတယ်။ အဖြေရှာ၊ ၀ိုင်းစဉ်းစားပေးနိုင်ရန် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် အုပ်စုလေးတွေ ကွဲနေတာ တွေ့ရမှာပါ။ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုလို့တော့ ဆိုကြတယ်။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့ န.အ.ဖ ဆီက ဒီမိုကရေစီ သွားတောင်းနေတော့ “အ” နေတဲ့ ကောင်မလေးဆီက ရည်းစားစကား ကြားချင်တဲ့လူလို ဖြစ်နေပါတယ်။

စစ်တပ်က တိုင်းပြည်ကိုအုပ်ချုပ်လာတာ ကြာပြီဆိုတော့ အာဏာကို အလွယ်တကူ လက်မလွတ်နိုင်တာ သဘာဝကျပါတယ်။ ရေသည်ပြဇာတ်ထဲမှာ ရေသည်ယောက်ျားဟာ ဘာမှမဟုတ်တဲ့ သူ့ပိုက်ဆံလေးကို စွဲလန်းသေးတာပဲ။ စစ်တပ်ဆိုတာထက် အာဏာရှင်စစ်အုပ်စုလို့ ခွဲခြားပြောတာ ပိုမှန်တယ်။ဘယ်အာဏာရှင်မှ အာဏာကို အလွယ်တကူ စွန့်လွှတ်သွားတာ မရှိ။

ဟုတ်ကဲ့။ ယခုအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေကြတဲ့ နိုင်ငံရေး အင်အားစုတွေကို ကြည့်ရင် ရည်ရွယ်ချက်တူတယ် ထင်ရပေမယ့် သေသေချာချာ သုံးသပ်ကြည့်တော့ မတူကြပါ။ နှစ်ပေါင်း ၂၀ မကတော့ဘူးနော်။ အုပ်စုကွဲ၊ ၀ါဒတွေကွဲနဲ့ န.အ.ဖ က ဒိုင်စားသွားပါတယ်။ အာဏာရှင်အောက်မှာတော့ စစ်တပ်က ညီနေရော။ ထောက်ပြတဲ့ လူတွေကိုလည်း တချို့ သိပ်မကြည်တာတွေ့ရတယ်။

တော်လှန်ရေးအုပ်စုကွဲလေးတွေကိုတူရာစုကြည့်ရင် -



(၁) ပြည်တွင်းမှာ သုံး အုပ်စု
(၂) ပြည်ပမှာ ငါး အုပ်စု

(၁) ပြည်တွင်း သုံး အုပ်စု
၁။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD အုပ်စု
၂။ စစ်အစိုးရကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆန့်ကျင်နေတဲ့ အုပ်စု
၃။ န.အ.ဖ နဲ့ လက်တွဲ ဆောင်ရွက်တော့မယ့် အုပ်စု

(၂) ပြည်ပ ငါးအုပ်စု
၎။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ
၅။ ပြည်ထောင်စု စစ်စစ်မူကို ဆုပ်ကိုင်ထားတဲ့အုပ်စု
၆။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲထားတဲ့အုပ်စု
ရ။ တတိယနိုင်ငံရောက် အုပ်စု
၈။ လွတ်မြောက်နယ်မြေရောက် အင်အားစု စသည်ဖြင့် မနည်းလှ။

အုပ်စုတခုချင်းကို လေ့လာကြပါစို့။

၁။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD
လူထုကို စုစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းကို ရရှိထားးတဲ့ NLD ဟာ နှစ်ပေါင်းး၂၀ ကျော် ဘာမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခဲ့တာမရှိ။ (တခြားဆောင်းပါးရှင်များ ရေးသားပြီးဖြစ်) အခု ခေါင်းဆောင်လွတ်လာတော့မှ လှုပ်ရှားမှု နည်းနည်းရှိလာတယ်။ တယောက်ဆိုရင် NLD ဆိုတာ ဘိုးဘွားရိပ်သာလို့ ခနဲ့တဲ့တဲ့ ပြောခဲ့တယ်။ အခု ဒုတိယပင်လုံညီလာခံဆိုပြီး စီမံနေကြလေရဲ့။ သူတို့ CEC တွေထဲကများ လုပ်မလားထင်ရတယ်။ အန်တီစုကို တာဝန်ပေးသတဲ့။ ကောင်းရော။ ဒါအလွယ်ဆုံးဖြစ်မယ်။ အန်တီစုကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် တောင်းဆိုနေတာ တွေ့ရတယ်။ န.အ.ဖ နဲ့ဖြစ်ဖြစ်၊ ကြံ့ဖွံ့နဲ့ဖြစ်ဖြစ် နိုင်ငံကောင်းဖို့ အတွက်ဆို လက်တွဲ ဆောင်ရွက်မယ် ဆိုထားလေရဲ့။ ဒါပေမယ့် ယခုအချိန်ထိ ထူးခြားမှုမရှိသေး။ န.အ.ဖကတော့ ငါ့ကားငါစီး သုဿန် ရောက်ရောက် လုပ်သွားမှာပါ။ ဇာတ်မျောကြီးပဲ ဖြစ်နေဦးမှာထင်တယ်။

၂။ ပြည်တွင်းမှာ ကိုယ့်နည်းကိုယ်နဲ့ ဆန့်ကျင်နေတဲ့အုပ်စု
အင်အားဘယ်လောက်ရှိမှန်း မသိနိုင်။ ခေါင်းဆောင် အတော်များများကတော့ ထောင်ထဲမှာ။ဒီအုပ်စုတွေရဲ့ လုပ်ဆောင်ချက်တွေက သူရဲကောင်းပီသလှတယ်။ အုတ်နရံကို ခေါင်းနဲ့ပြေးပြေးဆောင့်သလို ကိုယ်ပဲ ခံခံနေရတယ်။ သူတို့နောက်မှာလည်း လူထုက ပါမလာတဲ့အတွက် ရှေ့တိုးဖို့ ခက်နေပါတယ်။ ဒီအုပ်စုတွေဟာ ၈၈ အရေးအခင်းမှ မွေးထုတ်ပေးလိုက်တဲ့ တကယ့်လူတွေပါ။ သူတို့လည်းအောင်မြင်ဖို့ ဝေးနေသေးတယ်။

၃။ န.အ.ဖ နဲ့ လက်တွဲဆောင်ရွက်နေတဲ့ အုပ်စု
သူတို့လည်းသူတို့အားနဲ့ သူတို့ရှိတယ်။ လွှတ်တော်ပေါ်တဲ့အခါ တောင်းဆိုမယ်။ ကြည့်ကြရတာပေါ့။ သိပ်တော့မထင်။ သူတို့ဝင်အရွေးခံတဲ့ ဖွဲ့စည်းပုံက တောင်းဆိုသူတွေအတွက် နေရာသိပ်မရှိဘူးဆိုတာ ဥပဒေ ပညာရှင်တိုင်း အသိ။ ပါတီတွေထောင်၊ စကားကြီးစကားကြီးတွေပြော။ ပြည်သူလူထုအတွက် ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ ကြည့်ကြ။ (ကိုယ်ကျိုးရှာသမားတွေလည်း မနည်းဘူးဆိုတာ တွေ့ရပါတယ်။

၎။ ပြည်ပနယ်စပ်တွေမှာ လက်နက်ကိုင် တော်လှန်နေတဲ့အုပ်စု
တိုင်းရင်းသားတွေအတွက် အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ န.အ.ဖ က ဒီအဖွဲ့တွေကို သောင်းကျန်းသူ၊ အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်လေ့ရှိတယ်။ တချို့အဖွဲ့အစည်းတွေဟာ လူမျိုးရေးအမြင် ကျဉ်းမြောင်းလှတယ်။ ဒါကို သတိထားသင့်တယ်။ ကျယ်ပြန့်တဲ့အမြင်ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေတော့ ရှိပါတယ်။ န.အ.ဖ တက်လာပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အင်အားလျော့၊ ပြိုကွဲလာတာ တွေ့ရပါတယ်။ ဟုတ်ဟုတ်ငြားငြား န.အ.ဖ ကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့ အဖွဲ့မရှိတော့။

၅။ ပြည်ထောင်စုစစ်စစ်မူကို ဖက်တွယ်ထားတဲ့အုပ်စု
ရှစ်ပြည်နယ် ပြည်ထောင်စုမူကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီမူကို တိုင်းရင်းသားအားလုံး သဘောတူ ချမှတ်ထားသလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ရှစ်ပြည်နယ်ပြောတော့ မြန်မာပြည်လက်အောက်ထဲ ထည်သွင်းထားတဲ့ နယ်မြေတချို့ဟာ မြန်မာလို့မခံယူထားတဲ့အတွက် ပြဿနာရှိပါတယ်။ အောင်မြင်မှုရမယ်လို့မထင်။

၆။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံကို ရေးဆွဲထားတဲ့ အုပ်စု
န.အ.ဖ ဖွဲ့စည်းပုံထက် သာလွန်ကောင်းမွန်တဲ့ ဖွဲ့စည်းပုံကို ရေးထားတယ်လို့ဆိုပါတယ်။ လေ့လာကြည့်တော့ ကောင်းပါတယ်။ လိုအပ်ချက် အနည်းငယ်တော့ရှိတာပေါ့။ မရှင်းလင်းတာတွေလည်း ရှိပါတယ်။ (န.အ.ဖ ဖွဲ့စည်းပုံကတော့ ရှင်းတယ်။ သူတို့ပဲဆက်အုပ်ချုပ်မယ် ဆိုပါတယ်။)

၇။ တတိယနိုင်ငံရောက်အုပ်စု
ဒီအုပ်စုကတော့ အဝေးကြီးမှာနေပြီး အော်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ထိရောက်မှု မရှိတာတွေ့ရတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ မြန်မာ့အရေးကို ပိုသိလာအောင်တော့ စွမ်းဆောင်နိုင်တယ်လို့တော့ ဆိုရမယ်။

ဂ။ အသွင်အမျိုးမျိးနဲ့ လွတ်မြောက်နယ်မြေမှာ ရသလို တိုက်ပွဲဝင်နေတဲ့အုပ်စု
ဒီအုပ်စုကတော့ ကွဲပြားမှုအများဆုံး အုပ်စု။ အချင်းချင်းလည်း ဆော်ကြနှက်ကြ။ ဒါမှ အတွးအခ်ါတွေ ပွင့်လင်းလာမှာပေါ့။ ဒီနယ်မြေကို နောက်ကျရောက်တဲ့လူတွေလည်း ရှိပါတယ်။ နိုင်ငံရေး သူတို့နှင့်မဆိုင်ဘူးဆိုပြီး ဘေးဖယ်ထားချင်တဲ့ လူတွေရှိတယ်။ နိုင်ငံရေးဆိုတာ မမွေးသေးတဲ့ ကလေးတွေနဲ့တောင် ဆိုင်တယ်ဆိုတော့ အမြင်ကျယ်ကျယ်လေး ထားကြဖို့တော့ လိုအပ်မယ်ထင်တယ်။ န.အ.ဖ အလိုတော်ရိ၊ သတင်းပေးနဲ့ ဂွင်သမားတွေလည်း ပေါတဲ့နယ်မြေလို့ ခံစားရပါတယ်။

တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ စာရေးသူရဲ့ အမြင်တွေသာဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်း ဘယ်ဌာနရဲ့ သြဇာခံပြီး တင်ပြခြင်း မဟုတ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်။

ဒီအုပ်စုတွေအားလုံးဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်နေကြတယ် ဆိုကြပေမယ့် အချိတ်အဆက် မမိတာကိုတွေ့ရပါတယ်။ အယူဝါဒတွေလည်း မတူကြပါ။ အားမနာတမ်း ဝေဖန်ရရင် “နိုင်ငံရေးအမြင် ကျယ်ကျယ်ပြန့်ပြန့်” မရှိကြတာပဲ။ ကိုယ်သန်ရာ အမှန်လို့ ထင်နေကြတယ်။ပြည့်သူလူထုရဲ့ အသံတွေကိုလည်း နားမထောင်ကြတော့။ ပုံစံ အဟောင်းတွေကိုပဲ ရေလဲသုံးနေကြပါတယ်။ အကွဲကွဲ အပြားပြားနဲ့ န.အ.ဖ ရဲ့လှောင်ရီစရာဖြစ်နေပါတယ်။ တချို့ကလည်း အဆန်းတော့ ထွင်နေကြတာပဲ။ လက်တွေ့ အသုံးချလို့ အံမ၀င်နိုင်တာတွေ တွေ့ရတယ်။ ပွဲဆူရုံပဲ ဖြစ်ဖြစ်နေတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ “ရှော့ခ် ရိုက်မယ့် အုပ်စု” ဆိုတာကိုပါ ထပ်ထည့်ရတော့မယ် ထင်ပါတယ်။ လူသတ်တယ်ဆိုတာ အကြမ်းဖက်တာပဲ။ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ ဖော်ပြခဲ့တဲ့ “ရှော့ခ်ရိုက်ဖို့လိုနေတယ်” ဆိုတဲ့ ဆောင်းပါးရေးသူဟာ ပြင်သစ်တော်လှန်ရေးကို မေ့ထားပုံရတယ်။ ပြင်သစ်တော်လှန်ရေးမှာ အာဏာရှင်တွေကို ခေါင်းဖြတ်သတ်၊ သူ့အသိုင်းအ၀ိုင်းတွေကို ဖယ်ရှားရုံနဲ့ အောင်မြင်သွားတယ် ထင်ရပေမယ့် နောက်ဆုံးမှာတော့ လှုပ်ရှားခဲ့သူအားလုံးဟာ အသစ်ပေါ်လာတဲ့ စစ်အာဏာရှင် နပိုလီယံကြောင့် နှိမ်နင်းခံရပြီး ပြိုကွဲသွားခဲ့ရတယ်။ နောက်ထပ်လည်း တော်လှန်ရေး မပေါ်တော့။ ဦးကျိုးသွားခဲ့ပါတယ်။

တခုပဲရှိတယ်။ အန်တီစုတောခိုလာပြီး လက်နက်စွဲကိုင် တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ လုပ်ကြပေတော့။ (အန်တီစု ကိုးကွယ်ရေးသမားတော့ မဟုတ်ကြောင်း ပြောပါရစေ။)

ဒီလိုဒီလို ကွဲပြားနေတယ့် အမြင်တွေကို တပေါင်းတည်း စုစည်းပြီး အကောင်းဆုံးကို ရှာဖွေနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာမယ်လို့ ထင်ပါတယ်။

နိုင်ငံအရေးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတဲ့အခါမှာ စနစ်ကိုပဲ ပြောင်းရုံနဲ့ မလုံလောက်၊လူတွေပါ ပြောင်းပစ်မှ ပိုကောင်းတာ တွေ့ရတယ်။ အခုတော့ ငါတို့မှ အမှန်ဆိုပြီး န.အ.ဖ လို ငါတကော ကောနေမယ်ဆိုရင်တော့ ပြည်သူလူထုမှာ ဒီဆင်းရဲတွင်းထဲမှ ဘယ်တော့မှ လွတ်နိုင်မယ်မထင်။

န.အ.ဖ ကလည်း ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် ဖွဲ့စည်းပုံဆွဲ၊ အစိုးရဖွဲ့၊ တသက်လုံး အုပ်ချုပ်ဖို့ လက်မှတ်တော့ရထားပြီ။ ဒါပေမယ့် ဒီလက်မှတ်ဟာ အတုဖြစ်ပါတယ်။

အစစ်အမှန် စနစ်တရပ် ပေါ်ထွန်းလာနိုင်ဖို့် ကွဲပြားနေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရည်ရွယ်ချက်တူ၊လုပ်ဆောင်ချက်တူ၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးအမြင်တွေနဲ့ ဆက်လက်ဆောင်ရွက်မှသာ တနေ့အောင်ပွဲ ခံနိုင်မှာဖြစ်ကြောင်း ပြည်သူလူထုကြားက စကားများကို တင်ပြလိုက်ပါတယ်။ ။

(မဟုတ်ကမဟုတ်က နိုင်ငံရေး စတန့် ထွင်ချင်သူများကို ရည်ရွယ်ပါသည်။ ထို့အပြင် နိုင်ငံရေးဆိုတာ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ ဆိုင်ကြောင်း အလေးအနက် ယုံကြည်ပါကြောင်း။)

2 comments :

  1. Anonymous said... :

    ကဲစာရေးသူရေ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့ န.အ.ဖ ဆီက ဒီမိုကရေစီ သွားတောင်းနေတော့ “အ” နေတဲ့ ကောင်မလေးဆီက ရည်းစားစကား ကြားချင်တဲ့လူလို ဖြစ်နေပါတယ် လို့ ဆိုတယ် စာရေးသူမှာလည်း အကြမ်းမဘက်နည်းကို ပိုအားသာတယ်လို့ ဆောင်းပါးကို ဖတ်ခြင်းဖြင့်နားလည်တယ် ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရအောင်ဘယ်လို လုပ်နိုင်မှာလဲ ... ဆောင်းပါးပါ အချက်အလက်တော့ တော်တော်ကောင်းတယ် လက်တွေ့ အခြေအနေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုရမှာပါ ... တော်တော်များများတော့ ဒီလိုဆောင်ပါးမျိုးလည်း ရေးကြတယ်လေ ဒါပေမဲ့ စာရေးသူတွေက လက်တွေ့ ဘယ်လိုဖြေရှင်းနိုင်မှာလဲ ဆိုတဲ့အကြံပေးမှုမျိုး လက်တွေ့ လုပ်ဆောင်နိုင်မဲ့အပြုသဘောဆောင်မျိုးကို ရေးသားကြတာမတွေ့ ရဘူး။ အပေါ်ယံအကြံပြု သဘောလောက်သာ တွေ့ ကြရပါတယ်၊ ဖြစ်နိုင်ရင် လက်တွေ့ တွေကို အသေအချာ လေ့လာပီး ထောက်ပြစေချင်တယ်။ လက်ရှိ ၀ါရင့်သည်ဖြစ်စေ ဘာဖြစ်ဖြစ်ပေါ့ နိုင်ငံရေးသမားအားလုံးလည်း အကြံပြုချက်အားလုံးကို လက်ခံစဉ်းစား ပေးသင့်တယ်။ နိုင်ငံရေး ခံယူချက်လည်း ရှင်းရှင်းလင်းလင်းရှိဘို့ လိုတယ်။ နိုင်ငံရေးလုပ်စားမျိုးဖြစ်သင့်ဘူး ။

  1. Anonymous said... :

    ဖတ်လို့ အရမ်း ကောင်းပါတယ် ။
    အမေ စု က ပြောပါတယ် ကျွန်မ တို့ တစ်ကယ် လက်တွေ့လုပ်နေတာပါ.. အပြောမဟုတ်ပါဘူး တဲ့ ...။
    စာရေးသူ သုံးသပ် ဝေဖန် သွားတာ ကောင်းပါတယ် ..
    အဲ ဘယ်လမ်းစဉ်ကို ကျွန်တော်တို့ လိုက်ရမလဲ ..
    ကျွန်တော်တို့ ဘာလုပ်ရမလဲ ... လုပ်နေတာတွေ ဘေးက ကြည့်ရင် မြင်တာပေါ့ .. ကိုယ် က အကောင်းဆုံး ဘာလုပ်ရမလဲ ..ဘယ်သူက ဘယ်လို လမ်းစဉ်နဲ့ ဘယ်လို နိုင်ငံရေး တိုက်ပွဲဝင်ရမလဲ ..ဆောင်းပါးဖတ်ပြီး အဖြေမရပဲ မေးခွန်းတွေ များလာတဲ့ အတွက် တစ်ဆိပ်လောက် အဖြေပါတဲ့ နောက်ဆက်တွဲ တစ်ပုဒ်လောက် ရေးစေချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved