ဧရာဝတီပုံနှိပ်မဂ္ဂဇင်း ရပ်သွားတော့ ....

Tuesday, January 18, 2011


စစ်အာဏာရှင်တွေ အုပ်စိုးတဲ့ မြန်မာနိုင်ငံရဲ့ အဖြစ်သနစ် အဖုံဖုံကို ရေးသား သတင်းပို့နေတဲ့၊ ဩဇာတိက္ကမ ကြီးမားတဲ့ ဧရာဝတီ မဂ္ဂဇင်းရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ် ထုတ်ဝေခြင်းအစီအစဉ်ကို ဒီနှစ်ကနေ စပြီး အကန့်အသတ်မရှိ ဆိုင်းငံ့ ရပ်နားလိုက်ပြီ ဆိုတဲ့အကြောင်း နိုင်ငံတကာထုတ် တိုင်းမ်စ် မဂ္ဂဇင်းကြီးက ဒီနေ့ပဲ ရေးသားဖော်ပြလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းကြောင့် နိုင်ငံတကာ အလှူရှင်တွေက ငွေကြေးထောက်ပံ့မှု လျှော့ချလိုက်တဲ့အတွက် ဧရာဝတီ ပုံနှိပ်မဂ္ဂဇင်း ရပ်လိုက်ရတာလို့လည်း ရေးထားပါတယ်။

အခုလိုမျိုး ဧရာဝတီ မဂ္ဂဇင်း ရပ်ဆိုင်းလိုက်ရတဲ့အတွက် မြန်မာပြည်ဟာ ကမ္ဘာနဲ့ ပိုပြီး ဝေးကွာ အထီးကျန်သွားစေတယ်လို့လည်း တိုင်းမ်စ် က ဆိုထားပါတယ်။

ဧရာဝတီ မဂ္ဂဇင်းဟာ အင်္ဂလိပ်ဘာသာနဲ့ စောင်ရေ ၅၀၀၀ လစဉ်ထုတ်ဝေခဲ့ပြီး စောင်ရေ ၇၀၀ ခန့်ကို မြန်မာနိုင်ငံအတွင်း လျှို့ဝှက်ဖြန့်ချိခဲ့ရတယ်၊ ဒီထုတ်ဝေမှုအတွက် အနောက်နိုင်ငံ အလှူရှင်တွေကို မှီခို အားထားခဲ့ရတယ်၊ ဒါပေမယ့်လည်း ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အလှူရှင်တချို့က မြန်မာပြည်ရဲ့ အပြောင်းအလဲဟာ ပြည်တွင်းမှာပဲ ရှိတယ်၊ ပြည်တွင်းကို ပြောင်းရွှေ့ထောက်ပံ့ရမယ်လို့ ယူဆလာတဲ့အတွက် ဧရာဝတီ အပါအဝင် အတိုက်အခံ မြန်မာ အဖွဲ့အစည်းတွေကို ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်လျှော့ချ ခဲ့တာဖြစ်တယ်လို့ တိုင်းမ်စ်က ဆက်ပြီး ရေးသားထားပါတယ်။

အနောက်နိုင်ငံ အလှူရှင်တချို့ရဲ့ အဲဒီ ယူဆချက်နှင့် ပတ်သက်လို့ နှစ်ပေါင်း ၂၀ ကျော် မြန်မာပြည်နဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ သတင်းဆောင်းပါးတွေ ရေးခဲ့တဲ့ နာမည်ကျော်သတင်းစာဆရာ ဘာတေးလ် လစ်တနာ က “ဘာအပြောင်းအလဲဖြစ်မှာလဲ။ လံကျုတ်တွေ လျှောက်ပြောနေကြတာပါ။ ဘာမှ ပြောင်းလဲတာမရှိဘူး” ဆိုပြီး တိုင်းမ်စ် မဂ္ဂဇင်းကို ပြောဆိုထားပါတယ်။

ဧရာဝတီမဂ္ဂဇင်းဟာ အရေးပါတဲ့ အရင်းအမြစ်တခုပါ။ အတော့်ကို အားကိုးအားထားရတဲ့ မဂ္ဂဇင်းပါပဲ” လို့ ဘာတေးလ် လစ်တနာက ဆက်ပြောပါတယ်။

အနောက်နိုင်ငံက အလှူရှင်တချို့ဟာ ရွေးကောက်ပွဲလွန်ကာလမှာ အတိုက်အခံ အုပ်စုတွေကို ငွေကြေး ဆက်ထောက်ပံ့ရင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ အမျက်တော်ရှပြီး သူတို့ လုပ်ကိုင်ချင်တဲ့ မြန်မာပြည်တွင်းက အစီစဉ်တွေ၊ စီမံကိန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်သွားမှာကို ကြောက်နေကြတာလို့လည်း သူက ပြောပါတယ်။

ဧရာဝတီ မဂ္ဂဇင်းကနေ လစဉ်ပုံနှိပ်ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ပေမယ့် ပိုပြီး လူသိများလာတဲ့ သူ့ရဲ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားနေတဲ့ သတင်းအင်တာနက် စာမျက်နှာတွေကို ဆက်လက် လုပ်ကိုင်သွားမယ် ဆိုတဲ့အကြောင်းကိုလည်း မဂ္ဂဇင်း တည်ထောင်သူ အယ်ဒီတာ ကိုအောင်ဇော့် စကားကို ကိုးကားပြီး တိုင်းမ်စ် မဂ္ဂဇင်းက ရေးသားထားပါတယ်။

ပုံနှိပ်ထုတ်ဝေတာတွေ ရပ်ဖို့ဆုံးဖြတ်လိုက်ရတာ ကျနော်တို့အတွက် ခက်ခဲပြီး စိတ်မကောင်းစရာ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျနော်တို့ လက်တွေ့မကျလို့မဖြစ်ဘူးလေ” လို့ ကိုအောင်ဇော်က တိုင်းမ်စ်ကို ပြောခဲ့ပါတယ်။

ဧရာဝတီ မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာတွေဟာ လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ဝင်ရောက်ဖတ်ရှုသူ ၉.၁ သန်းရှိခဲ့တယ် ဆိုပေမယ့် ဝင်ကြည့်တဲ့သူ အားလုံးကတော့ မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်တွေ မဟုတ်ဘူးလို့ သူက တိုင်းမ်စ် မဂ္ဂဇင်းကို ဆက်ပြောပါတယ်။

မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အင်အားကြီးတဲ့ DDos တိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ် ဆိုတဲ့အကြောင်း၊ အဲဒီလို တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့သူတွေဟာ သက်သေအထောက်အထားတွေအရ မြန်မာ စစ်အစိုးရပဲ ဖြစ်တယ်ဆိုတဲ့အကြောင်း ကိုအောင်ဇော်က ဆိုပါတယ်။

ဧရာဝတီမဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာတွေကို ဝင်ရောက်ဖတ်ရှုသူတွေထဲမှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အစိုးရထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေပါ ပါတယ်လို့ တိုင်းမ်စ်က ကိုအောင်ဇော်ရဲ့ ပြောပြချက်ကို ကိုးကား ဖော်ပြထားပါတယ်။

ကိုအောင်ဇော်က “သူတို့ကတော့ ကျနော်တို့ကို မုန်းတာပေါ့ဗျာ။ တချို့ကတော့ ကျနော်တို့ကို လေးစားတာတော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပုံနှိပ် ထုတ်ဝေနေတဲ့ မဂ္ဂဇင်း ရပ်သွားတယ်ဆိုတဲ့ သတင်းကြားရင် ဗိုလ်ချုပ်တွေကတော့ ပျော်မှာပေါ့” လို့ တိုင်းမ်စ်ကို ပြောထားပါတယ်။

၁၉၈၈ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက်သံယို နှိပ်ကွပ်ခဲ့စဉ်က ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မြန်မာ အတိုက်အခံတွေထဲက စတင် ပျိုးထောင်ခဲ့လို့ ၁၉၉၃ ခုနှစ်မှာ သတင်းလွှာအနေနဲ့ စတင်ခဲ့ရတဲ့ ဧရာဝတီဟာ မှောင်မိုက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပုန်းလျှိုးဝှက်လျှိုး လုပ်ကိုင်နေတဲ့ စစ်အာဏာရှင် တစုကို ကြည်ရှုဖို့ ပြူတင်း တံခါးတချပ် ဖြစ်ခဲ့တယ်လို့ တိုင်းမ်စ် မဂ္ဂဇင်းကြီးက ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved