ဝန်ကြီးတွေရမယ် ... ဝန်ကြီးတွေရမယ်

Tuesday, January 18, 2011


အခုတလော ရန်ကုန်နဲ့ နေပြည်တော်က စစ်အစိုးရ အသိုင်းအ၀န်းကြားက ထွက်လာတဲ့၊ လူပြောသူပြော များနေတဲ့ သတင်း တပုဒ် ကတော့ နောင်လာလတံ့ အစိုးရ အဖွဲ့သစ်ကြီးမှာ ပါမယ့် ၀န်ကြီးစာရင်းတွေပါပဲ။

လက်ရှိ ဘောင်းဘီချွတ်ထားတဲ့ အစိုးရထဲက ဘယ်သူတွေ ဆက်ကျန်နေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်က ဘယ်သူတွေ တက်လာမယ် ဆိုတာကတော့ … ကမ္ဘာ့ဖလားမှာ ဘယ်သူတွေတက်ပြီး ဘယ်သူတွေ ဆီမီးရောက်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေအတိုင်းပါပဲ …။ အခုတလော ... ပလူပျံအောင် သတင်းတွေ ထွက်နေပါတယ် (လောင်းကြေး စားကြေးတွေ ရှိလားဆိုတော့ ဒိုင်တွေကို မေးရမယ်ထင်တယ်)

ဧရာဝတီက သိရတာတော့ ဆက်သွယ်ရေးဝန်ကြီးတို့၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးတို့၊ အမှတ် () လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းတို့ကတော့ မပြောင်းဘဲနဲ့ ဒီအတိုင်းဆက်ရှိ နေပါမယ်တဲ့။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုတော့ ရာထူးတက်သလား ကျသလားဆိုတာ မသိရပါဘူး … အဲ ... ၀န်ကြီးချုပ်တော့ ဖြစ်သွားလေရဲ့။

ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တဲ့ဗျား (သူခမျာ ဆိပ်ကြီးခနောင်တို ဘက်ကို စည်းရုံးရေး ဆင်းရကျိုး နပ်သွားတာပေါ့) လုပ်ချင်လား မလုပ်ချင်လားတော့ မသိဘူးနော် ... အရင်ကတော့ မလုပ်ချင်ဘူးလို့ ကြားတယ်။

စာမရေးတဲ့ သာအေးလို့ ၈၈ အရေးအခင်းအပြီးမှာ နာမည်ကြီးခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေးကတော့ စစ်ကိုင်းတိုင်း ၀န် ကြီးချုပ်ပါတဲ့ (ငယ်ငယ်က စာမရေးတဲ့သူ အခုတော့ ရေးရတော့မယ်ထင်တယ်)

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်ကတော့ ကချင်ပြည်နယ်မှာပဲ ၀န်ကြီးချုပ်အဖြစ် အပိုင်စားစေတဲ့။ ရေတပ် ဦးစီးချုပ်ဟောင်းကြီး ဦးကြည်မင်းကိုတော့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်အဖြစ် ကြားရပြီး သစ်တောရေးရာ ၀န်ကြီး ဦးသိန်းအောင်ခများမှာတော့ ဧရာဝတီ တိုင်းမှာ ၀န်ကြီးချုပ်လုပ်ရင်း ဒီရေတောတွေလည်း ထိန်းသိမ်းစောင့်ရှောက်စေဆိုပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွှေပေလွှာ ချပြီး တာဝန် ပေးထားတယ်လို့ ကြားသိရပါတယ်ခင်ဗျား။

လက်ရှိ သမ္မတ နေရာကိုတော့ ဘယ်သူမှ ဗိုလ်မထားတဲ့ တောပုန်းကြီး ... အဲ ယောင်သွားလို့ပါ ... ဗိုလ်ချုပ်မှူးကြီးက တစ်ပြေးနေပါတယ်။ နောက်က ကပ်လိုက်နေတာကတော့ စီးပွားရေးအသိုင်းအ၀န်းက တစ်ပေးထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း မင်းသားကြီး ဦးရွှေမန်း ပါတဲ့ခင်ဗျား။

မှတ်ချက်။ ။ လောင်းကြေးထပ်လိုသူများ ခုကတည်းက ကြိုပြီး လောင်းထားလို့ရအောင် ဧရာဝတီက စပေါ့ ပေးလိုက်တာပါ။ ဘောလုံးအသင်းက ဘောသမားတွေကို ဝယ်သလို ဝန်ကြီးတွေကို ဝယ်ချင်တဲ့သူတွေ ရှိရင်လည်း ကြိုပြီး ငွေစုထားကြပေါ့။

1 comments :

  1. aung bu said... :

    နေပြည်တော် က မြေ ကွက် တွေကို အ စိုး ရ က သူ့ လူ တွေကိုလိုက်ဝယ်ခိုင်းပြီး ဈေး တက် အောင်ဆွဲတင် နေပါတယ် ပြီးတော့ မြေ ကွက် တွေကို အစိုးရကပဲ အကွက်တွေ ထပ်ရိုက် ပြီး ရောင်းပါတယ်
    နေပြည်တော် မှာက လယ်တွေကိုသိမ်းပြီး တော့ အ ကွက် တွေ ကို ကြိုက်သလောက် ရိုက်လို့ရနေတာကိုး ။.။ပြီးရင် ပြည်သူတွေ ဆီ ကငွေတွေကို အရယူ ။။အ ခုတော့ ဈေးတွေတက်တယ်ဆိုပြီး လူတွေကအသဲ အသန် လိုက်ဝယ်နေကြပါတယ်။.နောက်ပိုင်း မှာငွေပန်းပြီး အ ကုန် ပိုက်ဘော မိ ကုန် တော့ မယ် ။။။နေပြည်တော်မှာက ဘာမှလုပ်စားလို့မှမရတာ

    နောက်ဆုံး ပိုက် ဘောမိတဲ့လူတွေတော့ဒုတ်ခရောက်ဦး မှာ နောက်ပိုင်း မှာဝယ်ထားတဲ့လူတွေပြန်ရောင်းလို့ရမှာမဟုတ် ဘူး အရမ်း ဟော့ ပြီး ရင် တော့ ပျက် မှာပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved